DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတဟောင်းအတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
DVB
·
December 22, 2015
နိုင်ငံတော်သမ္မတဟောင်းအတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
Donate to DVB

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေဟာ အကာအကွယ်နဲ့ အခွင့်အရေး ယူလွန်းတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်လိုက်ပါတယ်။

လုံခြုံရေးအတွက် ကိုယ်ရံတော်အဖွဲ့နဲ့ ရာသက်ပန်နေနိုင်ခွင့် အပါအ၀င် သမ္မတတာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် တရားစွဲဆိုခွင့် မရှိဘူးဆိုတဲ့ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းလာတာပါ။

ဒီဥပဒေအရ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူကို သူ့ရဲ့ ရာထူးသက်တမ်းကုန်တဲ့နေ့ကစပြီး ကိုယ်ရံတော်အဖွဲ့နဲ့ ရာသက်ပန် နေထိုင်သွားလာခွင့်ရဖို့ ရေးဆွဲထားတာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်ပြီးတော့ နောက်ထပ်ဥပဒေတခု လုပ်တယ်။ ပြောရရင်တော့ အကာအကွယ် ယူလွန်းတယ်လို့ ထင်တယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ကျမတို့ သေချာဆွေးနွေးရဦးမယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ ရာသက်ပန်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ဖို့ အစီရင်ခံခဲ့ပါတယ်။

ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီဆိုတာကို ပြန်ကြည့်ရဦးမယ်လို့ ကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

တာဝန်အရ လုပ်ဆောင်ချက်တွေကို တရားစွဲဆိုခွင့် မရှိဘူးလို့ သတ်မှတ်ပေးထားတာဟာ ပြည်သူတွေရဲ့ တရားစွဲဆိုခွင့်ကို ပိတ်ပင်ရာကျတယ်လို့လည်း ကိုယ်စားလှယ်တချို့က ဝေဖန်ပါတယ်။

“အခြေခံဥပဒေမှာ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မဖြစ်စေရလို့ ပြဋ္ဌာန်းထားတယ်။ မည်သူ့ကိုမျှလို့ ပြောတဲ့အတွက် နိုင်ငံသားတဦးချင်းကနေ နိုင်ငံတော်သမ္မတအထိ  ပါတယ်။ ထပ်ပြီး ပြဋ္ဌာန်းစရာလိုသလား” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တာဝန်အရ ဆောင်ရွက်ချက်တွေကို တရားစွဲဆိုလို့ မရဘူးလို့ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

“နိုင်ငံတော်ကို တာဝန်ယူတည်ဆောက်တာဟာ နိုင်ငံတော်သမ္မတ တယောက်တည်း မဟုတ်ဘူး။ ဒု-သမ္မတ နှစ်ယောက်အပြင် လွှတ်တော်လည်းပါတယ်။ အဲဒီအပြင် နိုင်ငံတော် တရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့တွေလည်း ပါတယ်။ အစိုးရဆိုတာ တဦးကောင်း တယောက်ကောင်းနဲ့လုပ်တာ မဟုတ်ဘူး။ အားလုံးပါတယ်။ တယောက်တည်းကို အကာအကွယ်ပေးဖို့ ဥပဒေရေးဆွဲလာတယ်ဆိုတာက စဉ်းစားစရာဖြစ်တာက နိုင်ငံတော် သမ္မတကြီး ဥပဒေအရ အကာအကွယ်မဲ့နေလို့လား” လို့လည်း ဦးခိုင်မောင်ရည်က ဆက်ပြောပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013