DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီဖြစ်တဲ့ ကိုလံဘီယာ
DVB
·
December 21, 2015
ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီဖြစ်တဲ့ ကိုလံဘီယာ
Donate to DVB

၂၀၁၂ ခုနှစ်ကတည်းက ကိုလံဘီယာသမ္မတ ဂျူယန်မင်နျူယယ်လ် ဆန်းတော့စ်နဲ့ ဖားစ်သူပုန်

အုပ်စုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ ကျူးဘားနိုင်ငံမှာပဲ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်အင်အားစု ဖားစ်နဲ့ ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံး သဘောတူညီချက်အတွက် အခြေခံလုပ်ငန်းဆောင်တာတွေကို ၆ လအတွင်း ချမှတ်ဖို့ အရေးပါတဲ့ သန္နိဋ္ဌာန်ပြု ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု သဘောတူညီမှုတရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်ခွဲ ၄ ခု ပါဝင်တဲ့ သဘောတူညီချက်ကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ နောက်ဆုံး လက်မှတ်ရေးထိုးဖို့ နှစ်ဘက်သဘောတူ သတ်မှတ်ခဲ့ကြပါတယ်။

သဘောတူညီမှုထဲမှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့တဲ့ ပုန်ကန်ထကြွမှုနဲ့ ပတ်သက်ပြီး ခံခဲ့ရတဲ့ သားကောင်တွေအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ ငြိမ်းချမ်းရေး ခုံသမာဓိအဖွဲ့တွေနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်တခု ဖွဲ့စည်းတည်ထောင်ဖို့လည်း ပါဝင်ပါတယ်။

“ကျနော်တို့က ပဋိပက္ခ ဖြစ်စဉ်အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အထူးသဖြင့် အဆိုးဆုံး ပြစ်မှုတွေကို အပြစ်အပေးမခံရဘဲ ကျန်ရှိနေတာမျိုး မရှိရအောင် စီရင်ဖို့ အာမခံနိုင်တဲ့ ငြိမ်းချမ်း အထူးတရားစီရင်ပိုင်ခွင့် တခုကို ဖန်တီးပေးဖို့ သဘောတူညီခဲ့ပါတယ်”လို့ သမ္မတ ဆန်းတော့စ်က ပြောခဲ့ပါတယ်။

“ငြိမ်းချမ်းရေးက ဖြစ်နိုင်ပါပြီ၊ ခါတိုင်းထက် အများကြီး နီးစပ်နေပါပြီ”လို့ သမ္မတက သူ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အစိုးရနဲ့ ဖားစ် ပြောက်ကျားသူပုန်တွေအကြား အဓိက အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုကတော့ အကဲအဆတ်ဆုံး ကိစ္စတရပ်ဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဒါမှမဟုတ် ကိုလံဘီယာရဲ့ ကာလရှည်ကြာ လက်နက်ကိုင် ပဋိပက္ခအတွင်း လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေကို ဘယ်လိုပြစ်ဒဏ်တွေ ချမှတ် အပြစ်ပေးသင့်တယ်ဆိုတဲ့ အချက်အပေါ် သဘောတူညီမှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအရေးကြီးတဲ့ တိုးတက်မှုက လွန်ခဲ့တဲ့ ၃ နှစ်က စတင်ခဲ့တဲ့ ကျူးဘားငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လျှင်လျှင်မြန်မြန် နိဂုံးချုပ်နိုင်မှုကို ဖြစ်စေခဲ့ပါတယ်။ ဟာဗာနာ အခမ်းအနား မတိုင်ခင်လေးမှာပဲ မစ္စတာ ဆန်းတော့စ်က ဖားစ်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဖြစ်တဲ့ တီမိုချင်ကိုလို့ လူသိများတဲ့ ရိုဒရီဂို လွန်ဒိုနိုနဲ့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက နောက်ဆုံး သဘောတူညီချက်ကို ၆ လအတွင်း လက်မှတ်ရေးထိုးကြဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒီလို လက်မှတ်ထိုးပြီးတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ဖားစ်သူပုန်တွေဘက်က လက်နက် စွန့်လွှတ်မှုကို စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အငြင်းပွားစရာ အချက်ကလေးတွေ ရှိနေသေးပေမယ့် ဒီနောက်ဆုံးထား သတ်မှတ်မှုဟာ ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။

တကယ်တော့ ဒီကိစ္စဟာ လွယ်လွယ်ကူကူတော့ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ ကြားက စေ့ဆော်ဆောင်ရွက်ပေးခဲ့တဲ့ ကျူးဘားသမ္မတ ရောင်းလ် ကပ်စရိုရဲ့ တိုက်တွန်းစေ့ဆော်မှု၊ အားထုတ်မှု အများကြီး ပါဝင်ခဲ့ပါတယ်။ ကိုလံဘီးယားတွေကတော့ ဖားစ်သူပုန်တွေကို မူးယစ်ဆေးဝါးလုပ်နေတဲ့ အကြမ်းဖက်သမားတွေ၊ ဗုံးထောင်သူတွေ၊ ပြန်ပေးသမားတွေနဲ့ ခြိမ်းခြောက်ငွေညှစ်သူတွေလို့ မြင်ထားခဲ့ကြတာပါ။ မစ္စတာ ဆန်းတော့စ်ကတော့ ဖားစ်တပ်မှူးတွေ အများကြီး အကျဉ်းထောင်ထဲက လွတ်မြောက်လာစေမှာဖြစ်တဲ့ ဒီသဘောတူညီချက်ကို ပြည်သူတွေ စိတ်ဆိုးဒေါသဖြစ်ကြမယ်ဆိုတာ သိနေပါတယ်။

ဒါပေမယ့် တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးဟာ ကိုလံဘီယာနိုင်ငံအတွက် ကြီးမားတဲ့ ဆုလာဘ်တခု ဖြစ်လာမယ်ဆိုတာကိုလည်း သူသိနေခဲ့ပါတယ်။ နောက်ပြီး ဖားစ်သူပုန်တွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် နိုင်ငံတွင်း တရားရုံးတွေမှာ တရားစီရင်ခံရဖို့ ဖမ်းဆီးခံကြရပါလိမ့်မယ်။ အဲဒီသဘောတူညီမှုဟာ ပဋိပက္ခထူပြောတဲ့ နိုင်ငံတွေအတွက်လည်း အရေးပါတဲ့ စံပြပုံစံတခု ဖြစ်လာနိုင်စရာ ရှိပါတယ်။

၂၀၁၁ ခုနှစ်မှာ သမ္မတ ဆန်းတော့စ် ဖွဲ့စည်းပေးခဲ့တဲ့ ပြည်သူ့အဖွဲ့အစည်းတခုဖြစ်တဲ့ အမျိုးသားသမိုင်းဆိုင်ရာ အောက်မေ့ဖွယ်ဌာနရဲ့ အဆိုအရ ၁၉၅၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အကြားမှာ ပြောက်ကျားအဖွဲ့တွေ၊ လက်ယာယိမ်း အရံတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခတွေမှာ လူပေါင်း ၂၂၀၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အံ့သြစရာ သွေးထွက်သံယိုမှုတွေနဲ့ ရှုပ်ထွေးရှည်ကြာတဲ့ လက်နက်ကိုင်ပဋိပက္ခကြီး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရသူတွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အရပ်သားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ပဋိပက္ခကြောင့် ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်မှုတွေလည်း အများကြီး ဖြစ်ပွားခဲ့ရပါတယ်။ အဲဒီ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေကြောင့် အထူးသဖြင့် ကျေးလက်ဒေသက ကိုလံဘီယာ ပြည်သူလူထုပေါင်း ၆ သန်းကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။ ခုတော့ ဒီအကြမ်းဖက်မှုတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတော့မယ့် အရိပ်အရောင်ကို တွေ့လာရပြီလို့ ပြောနိုင်ပါတယ်။

တကယ်တော့ စက်တင်ဘာ ဆွေးနွေးပွဲမှာ အရေးပါတဲ့တိုးတက်မှု ရရှိခဲ့အပြီး ဒီနှစ်အစောပိုင်းတွေအတွင်း ဆွေးနွေးပွဲ ပြိုပျက်ခါနီး အခြေအနေအထိ ဖြစ်သွားခဲ့ရပါသးတယ်။ ဧပြီလမှာ ဖားစ်ဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ပြီး စစ်တပ် တပ်စုတခုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁၁ ယောက် သေဆုံးခဲ့ရတဲ့အတွက် အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေ ၂ လကြာ ဖြစ်ပွားခဲ့ပါတယ်။ ဆွေးနွေးပွဲတွေ တိုးတက်မှု မရှိတဲ့အတွက် အစိုးရ ညှိနှိုင်းဆွေးနွေးရေးခေါင်းဆောင် ဟမ်ဘာတို ဒါလာခေါ်လီက ဇူလိုင်လထဲမှာ ဖားစ်တွေကို “တနေ့မှာ သူတို့ ကေင်းကောင်းတွေ့လာရမှာက ကျနော်တို့ ဆွေးနွေးပွဲစားပွဲမှာ မရှိတော့ဘူးဆိုတာပါပဲ” လို့ သတိပေး ပြောကြားလိုက်ပါတယ်။ အဲဒီ သတိပေးချက်က ဖားစ်ခေါင်းဆောင်တွေရဲ့စိတ်ကို ပြန်ပြီး အာရုံကျသွားစေခဲ့တယ်လို့ ဆိုရပါမယ်။

ကိုလံဘီယာနိုင်ငံဟာ လူဦးရေ သန်း ၅၀ နီးပါးရှိပြီး ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံပြီးရင် တတိယ လူဦးရေအများဆုံး နိုင်ငံတခုပါ။ နည်းလမ်းအမျိုးမျိုးနဲ့ ထူးခြားတယ်လို့ ဆိုရမယ့်နိုင်ငံဖြစ်ပြီး ၂၀ ရာစုနှစ်အတွင်း ၄ နှစ်တာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာ ရှိခဲ့ပေမယ့် လက်တင်အမေရိကရဲ့ ရှေးအကျဆုံး ဒီမိုကရေစီနိုင်ငံလို့ ဆိုပါတယ်။ ဒါပေမယ့် တရားဥပဒေကို လေးစားလိုက်နာမှုနဲ့ ဥပဒေကင်းမဲ့မှုတွေ တပြိုင်နက်တည်းဖြစ်နေပြီး မညီမျှတဲ့ မြေယာပိုင်ဆိုင်မှု အစဉ်အလာဖြစ်နေတဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေနဲ့ ပြောက်ကျားစစ်တွေဖြစ်နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ ရာစုနှစ်တခုလောက် လစ်ဘရယ်နဲ့ ရှေးရိုးစွဲဝါဒီ နိုင်ငံရေးသမားတွေရဲ့ အားပြိုင်မှုဟာ အာဏာကို ခွဲဝေယူဖို့ ၁၉၅၆ ခုနှစ်မှာ သဘောတူညီခဲ့တဲ့ အချိန်ထိပါပဲ။ နောက် ကျူးဘားတော်လှန်ရေးနဲ့ စစ်အေးတိုက်ပွဲကလည်း လက်ဝဲ ပြောက်ကျားလှုပ်ရှားမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဖားစ်သူပုန်အဖွဲ့ကို ကိုလံဘီယာ ကွန်မြူနစ်ပါတီနဲ့ လစ်ဘရယ် လယ်သမား ပြောက်ကျားအကြွင်းအကျန်တွေ စုစည်းပြီး ၁၉၆၄ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တနှစ်မှာတော့ ပိုပြီး အင်အားနည်းတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) လည်း ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာခွဲဝေမှုကို ပြိုကွဲသွားစေခဲ့ပြီး ဒီမိုကရေစီနဲ့ တရားရုံးတွေကို ပိုပြီး အားကောင်းလာစေခဲ့ပါတယ်။

ပြောက်ကျားအဖွဲ့ငယ်လေးတွေ ငြိမ်းချမ်းရေးရယူခဲ့ပေမယ့် ဖားစ်နဲ့ အီးအယ်လ်အင် တို့ကတော့ ၁၉၈၀ စုနှစ်တွေထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ငွေညှစ်မှု စတဲ့ စီစဉ်တကျ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။ ၁၉၉၀ စုနှစ် အနှောင်းပိုင်းကာလတွေမှာတော့

ကိုလံဘီယာနိုင်ငံဟာ ကမ္ဘာ့ လူသတ်မှု အများဆုံးနှုန်းနဲ့ တနေ့ကို ပြန်ပေးဆွဲမှု ၁၀ မှု ဖြစ်ပွားမှုတွေနဲ့အတူ ပျက်သုန်းနိုင်ငံတခု ဖြစ်လုနီးပါး အခြေအနေကို ရောက်လာခဲ့ရပါတယ်။ အစိုးရရဲ့ အမိန့်အာဏာဟာ နိုင်ငံတ၀က်လောက်ကိုပဲ သက်ရောက်မှု ရှိလာခဲ့တာ တွေ့ရပါတယ်။ ဖားစ်သူပုန်အဖွဲ့မှာ တိုက်ခိုက်ရေးအင်အား ၂၀၀၀၀ နဲ့ အီးအယ်လ်အင်အဖွဲ့မှာ အင်အား ၅၀၀၀ ရှိနေပြီး သူတို့က ကျေးရွာတွေကို တိုက်ခိုက်စီးနင်း၊ မြို့ပြပြောက်ကျားစနစ် ဖော်ဆောင်တိုက်ခိုက်၊ မြေမြှုပ်မိုင်းတွေထောင်ပြီး ကလေးစစ်သားတွေကို စုဆောင်းလာခဲ့ကြပါတယ်။ သူတို့ရဲ့ရန်သူ အရံတပ်တွေက ပြောက်ကျားယိမ်းရွာတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီပြည်တွင်းစစ်ကြောင့် နိုင်ငံစီးပွားရေးဟာ ထိုးပြီး ကျဆင်းလာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ၄ ဒသမ ၅ ရာခိုင်နှုန်းလောက် ကျဆင်းလာခဲ့ပြီး ဘဏ်အတော်များများလည်း ပျက်စီးသွားခဲ့၊ အလုပ်လက်မဲ့နှုန်းထားကလည်း ၂၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံဟာ အဲဒီလို အခြေအနေ ဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံဟာ အထက်မှာတင်ပြခဲ့သလို ပျက်သုန်းလုနီး ဖြစ်လာခဲ့တာဟာ ပကတိ အခြေအနေဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကျူးဘားနိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှု၊ စေ့ဆော်တိုက်တွန်းမှုတွေ၊ အစိုးရနဲ့ သူပုန်ခေါင်းဆောင်တွေရဲ့ အကြောင်းကြောင်းကြောင့် နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုလာခဲ့ပြီး ခုလို အပြီးသတ် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးကြတော့မယ့် အနေအထားကို ရောက်လာတာဟာ ကိုလံဘီယာနိုင်ငံတခုတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးအတွက်လည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။ သတ်မှတ်တဲ့ အချိန်ကာလမှာ အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013