DVB Logo
Home
မြန်မာသတင်း
ပြည်ပမီဒီယာများကို သတင်းမပို့ရန် ရန်ကုန်တိုင်း အစိုးရ၀န်ကြီးချုပ် ထပ်မံပိတ်ပင်
DVB
·
July 17, 2011
ပြည်ပမီဒီယာများကို သတင်းမပို့ရန် ရန်ကုန်တိုင်း အစိုးရ၀န်ကြီးချုပ် ထပ်မံပိတ်ပင်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြည်တွင်းသတင်း မီဒီယာသမားတွေ အနေနဲ့ ပြည်ပအခြေစိုက် သတင်းဌာနတွေကို သတင်းမပို့ကြဖို့ ထပ်မံပိတ်ပင် ပြောကြားလိုက်ပါတယ်။

ဒီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်က လွှတ်တော် အဆောက်အအုံမှာ ကျင်းပပြုလုပ်တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်တာပါ။

သတင်းမီဒီယာ တွေ့ဆုံပွဲကို အစိုးရအဖွဲ့အနေနဲ့ ပုံမှန်ပြုလုပ်ဖို့ အစီအစဉ် ရှိပေမယ့်  ပြည်ပမီဒီယာတွေက ထုတ်လွှင့်မှုတွေ ရှိနေတာကြောင့် ပုံမှန်မပြုလုပ်နိုင်တာဖြစ်ပြီး သတင်းမီဒီယာ သမားတွေအနေနဲ့လည်း ပြည်ပမီဒီယာတွေကို သတင်းမပေးပို့ဘဲ ဆင်ခြင်ကြဖို့ ၀န်ကြီးချုပ်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ʺပြင်ပ မီဒီယာကို ဘယ်သူပို့သလဲဆိုတာ ဒီမှာ လာတက်တဲ့သူတွေထဲကပဲ ပို့တာပဲ။ ဒီထဲက လူတွေ မပို့ရင် ဘယ်သူမှ ပို့စရာအကြောင်း မရှိဘူး။ သူတို့လည်း မီဒီယာတွေ့ဆုံပွဲကို တက်ရတာ မဟုတ်ဘူး။ မီဒီယာတွေ့ဆုံပွဲကို တက်ခွင့်ရတဲ့ ဒီထဲက ပုဂ္ဂိုလ်တွေ ဒါမျိုးလေးတွေကို ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း မကြာမကြာ လုပ်မယ့်နေရာ ဒီလိုမျိုး နေရာဒေသ အပိုင်းအခြားနဲ့ ..။ မကြာခဏ လုပ်ရင် မကြာခဏ ပိုပြီးတော့ ပါလာမယ့်သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ နည်းနည်း ကျဲသွားတဲ့သဘောပဲ။ ဒါပါပဲ။ʺ

ဒါ့အပြင် ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ဖော် ပြောဆိုမှုတွေကို ပြန်လည်တင်ပြကြတဲ့နေရာမှာလဲ ပြည်သူတွေ အပါအ၀င် ပြည်ထောင်စု အစိုးရကပါ အထင်အမြင် လွဲမှားမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပြန်ပါတယ်။

ʺပြီးခဲ့တဲ့ အကြိမ်နဲ့ နည်းနည်းတော့ ခြားသွားတယ်။ ဒီလိုခြားသွားတဲ့ အကြောင်းကလည်း အလုပ်မအားတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ တိတိကျကျ ပြောကြားနေတဲ့ဟာတွေကို သိရဲ့သားနဲ့သော်လည်းကောင်း၊ မသိလို့သော်လည်းကောင်း၊ မှားပြီးတော့သော် လည်းကောင်း ရေးလိုက်တဲ့ဟာတွေက ပြည်သူလူထု အထင်အမြင် လွဲသွားနိုင်တယ်။ ဒါ ကျနော်တို့ရဲ့ ပြည်ထောင်စု အစိုးရအပေါ်မှာ ကျနော်တို့ ပြောဆိုထားတာတွေ အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။ʺ

ဒီသတင်းမီဒီယာ တွေ့ဆုံပွဲမှာ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေ၊ တာဝန်ခံအယ်ဒီတာတွေ တက်ရောက်ခဲ့ပြီး သတင်းဂျာနယ် အချို့ကတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ၀ါဒဖြန့်ချိရေးအတွက် သတင်းမီဒီယာတွေကို အသုံးချနေတာကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းမီဒီယာ တွေ့ဆုံပွဲမှာတော့ လွန်ခဲ့တဲ့ တလက ကြိုတင်တင်ပြထားရတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေကို ရန်ကုန်တိုင်း အစိုးရနဲ့ ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမြန်းဖို့ ကန့်သတ်ခဲ့ပြန်ပါသေးတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ အာဏာလွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်း မီဒီယာ တွေ့ဆုံပွဲတွေကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမဆုံး မေလ ၁၀ က တွေ့ဆုံပွဲမှာ သတင်းမီဒီယာ ၆၀ ကျော်နဲ့ ဒုတိယ မေလ ၁၇ ရက်နေ့မှာ သတင်းမီဒီယာ ၄၀ ကျော် တက်ရောက်ခဲ့ပြီး ဒီလ ၁၆ ရက်နေ့မှာတော့ သတင်းမီဒီယာ ၂၈ ခု သာ တက်ရောက်ဖို့ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ သူတို့ရဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ပြည်ပအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ရပ်နားခဲ့သလို ဗွီဒီယိုရိုက်ကူးခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပြန်ပါတယ်။

အဲ့ဒီနောက် နှစ်လနီးပါအကြာ ဒီလ ၁၆ ရက်နေ့မှာ ပြန်လည်ပြုလုပ်ခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရတွေသာ အခုလို မီဒီယာတွေ့ဆုံပွတွေကို တခါတရံ ပြုလုပ်လေ့ ရှိပေမယ့် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေအနေနဲ့တော့ ပြုလုပ်တာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013