
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာက ကျောင်းဆရာတယောက် ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာက အသက် ၄၅ နှစ်အရွယ် ကျောင်းဆရာ ဦးဆန်းလှိုင် ဟာ သူ့ရဲ့ ရွာကနေ ရွာနီးချင်း ကျေးရွာဖြစ်တဲ့ ဂုတ်ပီထောင့်ကျေးရွာကို မိုးရွာနေစဉ် ဆိုင်ကယ်နဲ့ သွားရာ လမ်းခုလတ်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာလို့ နဂူမေ ကျေးရွာသားတယောက်က ပြောပါတယ်။
“သူက ရွာကနေ နဂူမေရွာကို ဆိုင်ကယ်အသွားမှာ လမ်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာ။ မနေ့က နေ့လယ်ပိုင်းမှာ မိုးတအားရွာသလို မိုးကြိုးတွေလည်း အရမ်းပစ်တယ်။ မိုးဦးရာသီဆိုတော့ မိုးကြိုးအန္တရာယ်က အရမ်းစိုးရိမ်ရတယ်။”
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်း မိုးရွာသွန်းတာ၊ မိုးကြိုးပစ်ခတ်တာတွေ ဆက်တိုက်ရှိလာနေတာတွေကြောင့် မိုးကြိုးအန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း ဒေသအာဏာပိုင်တွေက အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်စဉ် မိုးဦးရာသီရောက်တိုင်း မိုးကြိုးအန္တရာယ်နဲ့ ကြုံရလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေ ၁၃ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ဇင်းခါချေကျေးရွာမှာ မိုးကြိုးပစ်ခံရပြီး ကလေးတယောက် အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် လူငယ် ၂ ယောက်နဲ့ လူကြီးတယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားတဲ့ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။











