DVB Logo
Home
Lead Story
နေပြည်တော် ဆိုင်ကယ်ခြင်းလေးတွေ ပြောင်းချိန်တန်ပြီ
DVB
·
December 18, 2015
နေပြည်တော် ဆိုင်ကယ်ခြင်းလေးတွေ ပြောင်းချိန်တန်ပြီ
Donate to DVB

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့က ဆိုက်ကားဆရာတွေနဲ့ ဇန်န၀ါရီ ၂၆ ရက်မှာ တွေ့မယ်ဆိုတဲ့သတင်းထွက်လာတော့ အမေစုနဲ့ ကိုယ့်ထမင်း ကိုယ်စားအမေ့သားတွေ တွေ့ကြတော့မယ့်မြင်ကွင်း မြင်ယောင်ကြည့်ပြီး ကြည်နူးနေမိတယ်။ ကိုယ်တွေ အမှတ်မမှားဘူး ဆိုရင် ရန်ကုန်မှာ မင်္ဂလာတောင်ညွန့်က မဖြူဖြူသင်းတို့အုပ်စု ဆိုက်ကားတွေနဲ့ တန်းစီမဲဆွယ်ခဲ့တာ ပထမဆုံးပဲ ဖြစ်တယ်။ ရွေးကောက်ပွဲအနိုင်ရတော့ ဒေါ်စုက အနုပညာရှင်တွေနဲ့တွေ့တုန်း ဆိုက်ကား ဆရာတွေနဲ့လည်း တွေ့ချင်ကြောင်းပြောခဲ့တယ်။ အဲ့ဒီရက်ပိုင်းမှာပဲ ဧရာဝတီတိုင်း၊ ဟင်္သာတက ဆိုက်ကားဆရာတယောက်ဟာ သူကောက်ရတဲ့ ငွေကျပ်သိန်း ၉၀ ကို ပိုင်ရှင်ရှာပြီး ပြန်ပေးတဲ့သတင်း ဒီဗီဘီသတင်းမှာ တက်လာလို့ ကြည့်လိုက်ရတယ်။ ရိုးသားတဲ့ ကိုယ့်ထမင်းကိုယ်စား အမေ့သားတွေတွေ့တော့ နေပြည်တော်က သော့ခတ်ထားတဲ့ ဆိုက်ကယ်ခြင်းလေးတွေ ပြေးမြင်မိပြန်တယ်။

အောက်တိုဘာလကုန်ပိုင်းတရက် နေပြည်တော်ရောက်တော့ နေပြည်တော်က ဆိုင်ကယ်ခြင်းလေး တွေကို ဦးဆုံးသတိထားမိလိုက်တယ်။ နေပြည်တော်မှာ ဆိုင်ကယ်စီးသူဦးရေ တော်တော်များပြီး ဆိုင်ကယ်ရှေက ဆိုင်ကယ်ခြင်းလေးတွေမှာ သော့ခလောက်တွေကိုယ်စီနဲ့။ ဆိုကြပါစို့ သပြေကုန်းဈေးရှေဆိုင်ကယ်ရပ်တဲ့အခါ စီးလာတဲ့သူက သူ့ခေါင်းက ဆိုင်ကယ်ဦးထုတ်ကို ချွတ်ပြီး ဆိုင်ကယ်ခြင်းထဲထဲ့၊ပြီးတော့ ဆိုင်ကယ်ခြင်းအဖုံး ဖုံးပြီး သော့ခတ်၊ ပြီးမှ ဈေးထဲဝင်၊ ဒီလိုမြင်တွေ့ခဲ့ရတာဖြစ်ပြီး မေးစမ်းကြည့်တော့ ဒီလိုမှ ခြင်းထဲသော့ခတ်မသွားရင် ဦးထုတ်က ပျောက်တတ်ပါသတဲ့။ ဒီတော့ ဆိုင်ကယ်စီးသူအများစုဟာ ဆိုင်ကယ်ရှေ့ခြင်းလေးတွေ မှာ လက်နှိုက်လို့မရတဲ့ သံဇကာကွက်နဲ့ ခြင်းအဖုံးတပ်ထားပြီး သွားလေရာ သော့ခလောက် ဆောင်လို့ ရောက်ရာအရပ် ဘယ်နားရပ်ရပ် ဦးထုတ်ကို ခြင်းထဲထည့် သော့ခတ်ဆိုတဲ့အလုပ်ကို ထမင်းစားရေသောက် လုပ်နေကြရတာ တွေ့မြင်ခဲ့ရတယ်။

ဒီ့မတိုင်မီ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဟိုတယ်တခုမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတခုလုပ်တော့ ရန်ကုန်က ချင်းမိုင်ခဏရောက်နေတဲ့ ညီငယ်တယောက်နဲ့ သတင်းသွား ယူဖြစ်တယ်။ ဟိုတယ်ဝင်းထဲ ဆိုင်ကယ်ရပ်ပြီး ဆောင်းလာတဲ့ဦးထုတ်ကို ရှေ့ခြင်းထဲထည့်ပြီး ဒီတိုင်းထားခဲ့တော့ အတူပါလာတဲ့ ရန်ကုန်ကညီငယ်က ဦးထုတ်ယူ မလာဘူးလားလို့ အထူးအဆန်းလုပ်မေးတယ်။ ဘာလို့တုန်းဆိုတော့ မုံရွာသားညီငယ်က သူတို့ မုံရွာမှာတော့ ဦးထုတ်ကို ဒီအတိုင်း ခြင်းထဲထည့်ခဲ့ရင် ပျောက်တယ်လို့ပြောတယ်။ အခုတော့ နေပြည်တော်မှာ ကိုယ်တိုင်ကြုံခဲ့ရပါပြီ။ သော့ခတ်ထားတဲ့ ဆိုင်ကယ်ခြင်းလေးတွေနဲ့ နေပြည်တော်တခွင်ရောက်ခဲ့စဉ် အချိန်က ရွေးကောက်ပွဲအကြိုကာလဖြစ်တယ်။ ဈေးကြီးတွေ ခြောက်ကပ်နေလို့ မေးကြည့်တော့ ဆောက်လုပ်ရေးလုပ်ငန်း အတော်များများရပ်ထားလို့ ဆောက်လုပ်ရေးလုပ်သားတွေ မရှိတော့ ကတည်းက ဈေးမရောင်းရတော့တာပဲလို့ သိရတယ်။ ဒေသခံတွေကို မရောင်းရဘူးလားလို့ မေးကြည့်တော့ ၀န်ထမ်းနဲ့ ဒေသခံတွေကို အားကိုးပြီး ဈေးရောင်းလို့ မရဘူးဆိုတဲ့စကားလည်း ကြားခဲ့ရပြန်ပါတယ်။

နေပြည်တော်က ဆိုင်ကယ်ခြင်းလေးတွေနဲ့ ကိုယ့်ထမင်းကိုယ်စား အမေ့သားတွေအကြောင်း ဆက်စပ်တွေးမြင်ကြည့်ရင် ကိုယ့်လုပ်အားနဲ့ ရိုးရိုးသားသား ရှာစားနေ သူတွေနဲ့ မရိုးမသား ခိုးစားနေသူတွေ တိုင်းပြည်ထဲအမှန်တကယ်ရှိနေတာ ထင်ထင်ရှားရှားတွေ့ရတယ်။ တဆက်ထဲ ကိုယ့်လုပ်အားနဲ့ရိုးရိုးသားသား ရှာစားနေ သူတွေဘ၀ နိမ့်ကျနေပြီး မရိုးမသားခိုးစားနေသူတွေ ပြောင်ပြောင်ရောင်ရောင်ရှိနေတာလဲ တိုင်းပြည်ထဲ အလွယ်တကူတွေ့နိုင်တယ်။ မရိုးမသား ခိုးစားဆိုတာ ဆိုင်ကယ် ဦးထုတ်ခိုးတဲ့သူတွေကို ဆိုလိုတာမဟုတ်ဘဲ ဆိုင်ရာနဲ့ပေါင်းပြီး ခိုးစားနေသူတွေကို ဆိုလိုတာဖြစ်ကြောင်းလည်း အားလုံးသိကြမယ် ထင်ပါတယ်။ ဆိုင်ရာဆိုတာမှာတောင် အစိုးရနဲ့ ခရိုနိဆိုပြီးဆိုင်ရာ နှစ်မျိုး ဖြစ်တည်နေတာလည်း မြန်မာ့မျက်မှောက်အရေးမှာ တွေ့နေရတယ်။
အန်အယ်လ်ဒီက ပြောင်းချိန်တန်ပြီလို့ ကြွေးကျော်ပြီး ရွေးကောက်ပွဲဝင်ခဲ့၊ လူထုက ဒီစကားကို ပဲ့တင်ထပ်ပြီး မဲပေးရွေးချယ်ခဲ့ကြပြီးပြီ။ ကိုယ့်ထမင်းကိုယ်စား အမေ့သားတွေဘ၀ မြင့်တက်လာဖို့ ပြောင်းချိန်တန်ပြီ။ နေပြည်တော်က ဆိုင်ကယ်ခြင်းလေးတွေမှာ သော့ခတ်စရာမလိုတဲ့ တနေ့ရောက်ဖို့လည်း ပြောင်းချိန်တန်ပါပြီ။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013