DVB Logo
Home
Lead Story
ဖားကန့်က ယာဉ်ယန္တရားကြီးတွေ တရားဝင်တင်သွင်းထားတာ မဟုတ်ဘူး - ဦးဝင်းထိန် (ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန)
DVB
·
December 17, 2015
ဖားကန့်က ယာဉ်ယန္တရားကြီးတွေ တရားဝင်တင်သွင်းထားတာ မဟုတ်ဘူး - ဦးဝင်းထိန် (ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန)
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မှာ ကျောက်မျက်တူးဖော်နေတဲ့ ယာဉ်ယန္တရားကြီးတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်ဘူးလို့ ယူဆထားတဲ့အတွက် ဌာနအနေနဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်တက်လာတဲ့ ဓာတ်ပုံတွေအရ ကျောက်မျက်တူးဖော်တဲ့နေရာမှာ မိုင်းဒီဇိုင်း မှန်ကန်မှုမရှိတာ တွေ့ရလို့ ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ စနစ်တကျဖြစ်ဖို့အတွက် သတ္တုတွင်းဌာနက ညွှန်မှူးတယောက် ဦးဆောင်ပြီး လုပ်ကိုင်နေပါတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာ CSR – Cooperate Social Responsibilities လူမှုရေးဆိုင်ရာ တာဝန်ယူမှု လုပ်ငန်းတွေ လုပ်ဖို့ အမေရိကန်ဒေါ်လာ ၂ သန်းသုံးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဖားကန့်ဘက်မှာ အခုရက်ပိုင်း ကုမ္ပဏီတွေက ယာဉ်ယန္တရားအင်အား အကြီးအကျယ်သုံးပြီး ကျောက်စိမ်းတူးနေကြလို့ ဒေသခံတွေက ကန့်ကွက်တဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ရှင်းပြပေးနိုင်မလဲ။

"ကျနော်တို့လည်း သတင်းမီဒီယာတွေမှာ တွေ့ပါတယ်၊ ကားတွေ အများကြီး သွင်းထားတဲ့ ကိစ္စလေ။ အရင်တုန်းက ယန္တရားတွေ သွင်းမယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနက ထောက်ခံချက် ပေးရတယ်ဗျ။ ၂၀၁၀ နောက်ပိုင်းကျတော့ ထောက်ခံစာမလိုဘဲ စီးပွားကူးသန်းကနေ ယန္တရားတွေ သွင်းကြတယ်၊ စီးပွားကူးသန်းက သွင်းတယ်၊ ကညနကနေ မှတ်ပုံတင်တယ်၊ ဒီလို သွင်းကြပါတယ်။ အခု ဖေ့စ်ဘွတ်ခ်မှာမြင်ရတဲ့ ကားတွေအများကြီး နံပါတ်မပါတာတွေက ကျနော်တို့ဆီလည်း ဘာမှ မသိရဘူး။ တရားဝင်တင်သွင်းတာ မဟုတ်ဘူးလို့ ယူဆတာပေါ့။ ဒါအတွက် ဌာနက စိစစ်မှုတွေ လုပ်နေပါတယ်။ ကျနော်ထင်တာတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းထဲ ဖြတ်သွားတယ်ဆိုတော့ တခြားအဖွဲ့အစည်းတွေ သိမယ်လို့ ယူဆပါတယ်။"

စက်ယန္တရားတွေ သုံးပြီးတော့ အလွန်အကျွံ ထုတ်ယူနေကြတယ်လည်း ပြောတယ်။ သတ္တုတွင်းအနေနဲ့က ဘယ်လို ထုတ်ယူခွင့် ပြုထားတာလဲခင်ဗျ။

"လုပ်ကွက်တွေအနေနဲ့ အကျိုးတူရယ် နောက် တပိုင်တနိုင်ရယ်ဆိုပြီး ပေးတာ၊ တပိုင်တနိုင်ဆို ၁ဧကပေါ့။ အကျိုးတူကတော့ ၁ ဧကအထက် ၁၀ ဧကလည်း ဖြစ်ချင်ဖြစ်မယ်၊ ၁၅ ဧကလည်း ဖြစ်ချင်ဖြစ်မယ်။ ဧက ၅၀ လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲ့ဒီထဲ တူးကြတဲ့အချိန်မှာတော့ ကျောက်မျက်နဲ့ စာချုပ်ချုပ်ထားပြီး အိုပမ်းဘက်နဲ့တူးမယ်၊ အန်ဒါဂရောင်းလည်းတူးမယ်၊ အတော်များများကတော့ အိုးပမ်းဘက်နဲ့ တူးကြတာဗျ၊ ဒီလိုပဲ ကန့်သတ်ပေးထားတယ်။ သို့သော်လည်းပဲ ဖေ့စ်ဘွတ်ခ်မှာ ပြထားသလောက်က မှန်တာပြောရရင် မိုင်းဒီဇိုင်း မမှန်ဘူး၊ မိုင်းဒီဇိုင်း မမှန်တာတွေ့လို့ ဒီဘက်ပိုင်းမှာ ပြန်ဆွေးနွေးတဲ့အခါ ဒါတွေတော့ ဟုတ်နေတယ်၊ ဒီတိုင်းဖြစ်နေတယ်၊ ပြန်ပြီးဆွေးနွေးတဲ့အခါ အဲ့ဒါလေးတွေ ပြန်ပြုပြင်ဖို့ လုပ်နေတာတွေ ရှိပါတယ်ဗျ။"

နောက်တခုက အခုလို လူပြောသူပြောများလာတာ ဘာ့ကြောင့်ဖြစ်မလဲ၊ သတ္တုတွင်းက စဉ်ဆက်မပြတ် စစ်မနေလို့လား၊ တခြား ဘာအကြောင်း ရှိမလဲ။

"ခုရက်ပိုင်း ဖြစ်နေတာက ဟိုတလောတုန်းက မြေစာပင်ပြိုပြီး လူ ၁၀၀ ကျော် သေဆုံးသွားတဲ့ဟာ၊ ဒီဟာဖြစ်ပြီးနောက်ပိုင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတာပေါ့ မြေစာပုံပြိုကျတဲ့ဟာကို ဗွီဒီယိုမှတ်တမ်းတွေ ကျနော်တို့ ပြန်ကြည့်တယ်။ ဖြစ်ပြီးတာနဲ့ MD ကိုယ်တိုင်သွားပြီး နစ်နာကြေးတွေဘာတွေ သွားပေးတယ်ပေါ့။ အမှန်ပြောရရင်တော့ ဒီဟာတွေက တရားမ၀င် ရေမဆေးကျောက် ရှာတဲ့အဖွဲ့တွေပေါ့။ ဗွီဒီယိုမှတ်တမ်းတွေ ကြည့်တဲ့အခါကျတော့ တချို့ဟာတွေက ကားတောင် မချရသေးဘူး။ ကားနားအတင်းပြေးပြီ၊ အုံလိုက်ကြီးတွေ၊ အဲ့ဒါမျိုးတွေ လူပေါင်းကို ရာချီတယ်။ မိုင်းခွဲနေတယ်ဆိုလည်း မနေဖို့ပြောတာကို ကွဲတာနဲ့ အတင်းပြေးပြီး ရေမဆေးကျောက် မဟုတ်တော့ဘဲနဲ့ ပစ်တာကို လုပ်တာမဟုတ်ဘဲနဲ့ ခွဲတဲ့မိုင်းတွေထဲမှာကို အတင်းဝင်ယူတဲ့ဟာမျိုး ဖြစ်နေကြတာပေါ့။ အဲ့ဒီတော့ ဘာပဲပြောပြော နှစ်ဦးနှစ်ဘက်မှာ တာဝန်ရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့က အစိုးရအဖွဲ့အစည်းတွေရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေရယ် ဒါကို ပြန်ပြီး စနစ်တကျဖြစ်အောင် ပြန်လုပ်ပေးရမယ်။ သတ္တုတွင်းအပိုင်းကလည်း တူးတဲ့ ဆွတဲ့ ပစ်တဲ့ဟာတွေ သေချာပိုပြီး စနစ်တကျဖြစ်အောင် လုပ်ပေးရမယ်။ ထိုနည်းတူ ရေမဆေးကျောက်အဖွဲ့တွေကို စိစစ်ပေးရမယ်။ လာနေတဲ့သူတွေ တရားဝင်နေလား၊ မနေဘူးလား၊ ဒါ လုပ်ခွင့်ပေးမှာလား၊ ဒါမျိုးလေးတွေ ပြန်ပြီး စိစစ်ဖို့တော့ လိုတယ်လို့ ကျနော် သုံးသပ်မြင်ပါတယ်။"

ပြန်ပြီးစိစစ်ဖို့ လုပ်တဲ့အပြင် ဒီကိစ္စကို အရေးတကြီး လုပ်ဆောင်ဖို့ မသင့်ပေဘူးလားခင်ဗျ။

"ရှိပါတယ်၊ မြေတူးတဲ့ဟာတွေမှာ ကျောက်တူးတဲ့ဟာတွေမှာ ဟိုမှာ ညွှန်ကြားရေးမှူးတယောက်ရှိနေပြီး ဒါတွေကို အဆက်မပြတ် ကြီးကြပ်ပြီး ဒါတွေကို ဆက်ပြီး မလုပ်ဖို့ နေတဲ့သူတွေလည်း အန္တရာယ်ကင်းအောင် လုပ်ပါ၊ လုပ်စားတာတော့ လုပ်စား၊ အန္တရာယ်ကင်းတဲ့နေရာနေဖို့၊ တူးတဲ့ဟာတွေလည်း ဒီလောက် ဟိုဟာ မဖြစ်ဖို့ပေါ့လေ၊ မြေစာတွေပစ်တဲ့ဟာကိုလည်း စနစ်တကျဖြစ်ပြီးတော့ ပိုပြီးဖြစ်အောင် တောက်လျှောက် အဲ့ဒီဖြစ်နေကတည်းက ကြီးကြပ်ဆောင်ရွက်နေတာ ရှိပါတယ်။"

နောက်တပိုင်းက အတည်မပြုနိုင်တဲ့ သတင်းတွေအရ တရုတ်တွေ ၀င်လာပြီး တူးနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်၊ အဲ့ဒါရော ဦးဝင်းထိန်တို့ အတည်ပြုနိုင်မလား။

"တရုတ်တွေက ကျောက်မျက်ကွက်တွေမှာ တရားဝင် ၀င်ထားတာတော့ မရှိဘူး။ သတ္တုတွင်းလုပ်ငန်းတွေကို ၀င်ရောက်မယ့် နိုင်ငံခြားသားမှန်ရင် တရားဝင် ၀င်ထွက်ခွင့်ပေါ့၊ ရိုးရိုး တိုးရစ်ဗီဇာနဲ့ မရပါဘူး။ လုပ်ငန်းလာလုပ်တဲ့ဟာဆိုရင် ကျနော်တို့က သူတို့ လူအရေအတွက်ပေါ်မူတည်ပြီး အဆင့်ဆင့်တင်ပြပြီးမှ ခွင့်ပြုချက် ယူရပါတယ်။ ကျောက်မျက်မှာ တရားဝင်တင်ပြပြီး လာလုပ်တဲ့သူ မရှိပါဘူး။ သို့သော်ငြားလည်း အဲ့ဒီနားသည် နယ်စပ်နဲ့ အင်မတန်နီးတယ်။ ကန်ပိုက်တီးလမ်းဘက်က ၀င်မယ်ဆိုရင် နာရီိပိုင်းအတွင်းပဲ အဲ့ဒီနားကို ရောက်သွားနိုင်တယ်ဆိုတော့ တရားမ၀င် ၀င်တဲ့သူတွေတော့ ရှိနိုင်မယ်လို့ ကျနော်ထင်တယ်ဗျ။"

အခုဟာက ဒေသခံတွေက ဒီယာဉ်ကြီးတွေဝင်ပြီး လုပ်နေတာကို ကန့်ကွက်နေကြပြီ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကိုလည်း စိုးရိမ်နေကြပြီ။ ဒီတော့ သတ္တုတွင်းက တာဝန်ရှိသူတယောက်အနေနဲ့ ဒေသခံတွေကို ဘာပြောချင်လဲဗျ။

"အရင်ကတည်းက ရှိပါတယ်။ စီအက်စ်အာလုပ်ငန်းအတွက်ကို ဒေါ်လာ ၂ သန်း ထည့်ထားပေးပြီးတော့ ဖားကန့်အတွက်ပေါ့လေ၊ အားလုံး ရတနာနယ်မြေအတွက်ဆို ဒေါ်လာ ၆ သန်းကို လျာထားပြီး စီအက်စ်အာ CSR – Cooperate Social Responsibilities (လူမှုရေးဆိုင်ရာ တာဝန်ယူမှု) လုပ်ငန်းတွေလုပ်ဖို့ ရှိပါတယ်။ ဖားကန့်အတွက်က ဒေါ်လာ ၂ သန်းကျော် လျာထားထားပါတယ်။ ဒီထဲကနေပြီးတော့ ဥရုချောင်းလုပ်ငန်းတွေ လမ်းလုပ်ငန်းတွေ လုပ်ဖို့ တိုင်ပင်ပြီး ဒါတွေ ဘယ်လိုလုပ်ရမလဲ၊ အရင်တည်းကလည်း လမ်းတွေပျက်တာ တံတားတွေပျက်တာ ကျနော်တို့ ပြင်နေပါတယ်။ စီအက်စ်အာထဲကနေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ပြန်ပြီးလုပ်ဖို့ တချို့လုပ်ကွက်တွေကို ပိတ်ထားတာတွေ ရှိပါတယ်။ တချို့လုပ်ကွက်တွေကိုလည်း ယာယီပိတ်ထားတာတွေ ရှိတော့ ရှိတဲ့လုပ်ငန်းတွေပဲ ဘာပဲပြောပြော စာချုပ်စာတမ်းတွေနဲ့ လုပ်တဲ့လုပ်ငန်းတွေပဲ ဆက်ပြီးရှိတာပေါ့။ ဒီဟာတွေပဲ ပြုပြင်ထိန်းသိမ်းဖို့၊ စီအက်စ်အာလုပ်ငန်းတွေလုပ်ဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်။ ဒေါ်လာ ၂ သန်းကတော့ ဘဏ်ထဲမှာ ထည့်ထားပြီးပြီ၊ ဒီဟာကို ထုတ်ပြီးသုံးဖို့ပဲ ရှိတယ်။ ဒေါ်လာ ၂ သန်းက အစိုးရဘတ်ဂျက်ထဲက မဟုတ်ပါဘူး။ ကျောက်မျက်ရောင်းချတဲ့ ကုမ္ပဏီတွေဆီက ပြန်ပြီး ကောက်ခံထားတဲ့ ငွေတွေပါ။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013