
ပိုမိုရှုပ်ထွေးလာတဲ့ စစ်ပွဲအရေးကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ အိမ်ဖြူတော်မှာ ဇူလိုင် ၂၈ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတင် အထက်လွှတ်တော်အမတ်တွေနဲ့ ဇလန်းစကီးက တွေ့ဆုံပြီး အီရန်စစ်ပွဲ အပေါ် ထောက်ခံတဲ့ အမတ်ဟောင်း လင့်ဆီ ဂရေဟမ်ရဲ့ ဈာပနကိုပါ တက်ရောက်သွားမှာပါ။
ဒါဟာ ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုအသစ် ချမှတ်ရေးနဲ့ ပတ်သက်ပြီး ဆီးနိတ် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒီမဲခွဲမှုမတိုင်ခင် ရက်ပိုင်းအလိုမှာ ကက်စပီယန် ပင်လယ်ထဲက အီရန်သင်္ဘောတစင်းကို ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် တီဟီရန်အနေနဲ့ လက်တုံ့ပြန်မယ်ဆိုပြီး ကြုံးဝါးထားပါတယ်။
အဲဒီသင်္ဘောဟာ အီရန်ကနေ ရုရှားဆီကို ဒရုန်းနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ သယ်လာ ပေးတာကြောင့် ဖြစ်တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် ယက်ဗ်ဂန် ကော်နီချက်ခ်က ပြောပါတယ်။
အဲဒီနောက် မဲခွဲအတည်ပြုမဲ့ ဥပဒေကြမ်းအရ တရုတ်နဲ့ အိန္ဒိယ အပါအဝင် ရုရှား ရေနံနဲ့ ဓာတ်ငွေ့ အများဆုံး တင်သွင်းနေတဲ့ ထိပ်တန်း ၅ နိုင်ငံက ကုန်ပစ္စည်းတွေကို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှာ ဖြစ်တဲ့အလျောက် မော်စကိုအပေါ် ဖိအားများစေနိုင်ပါတယ်။
အခုလိုမျိုး ရုရှားအပေါ် ပိတ်ဆို့မဲ့ ဥပဒေကြမ်းတခုတည်းမှာ အီရန်ကိုပါ ထည့်သွင်းပြီး အရေးယူဖို့ အတွက် သမ္မတ ထရမ့်ပ်က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းအတွင်း ယူကရိန်းနဲ့ အီရန်တို့ရဲ့ သီးခြားစစ်ပွဲ ၂ ခုဟာ မိုင်ပေါင်း ၁,၅၅၀ လောက် ကွာဝေးပေမဲ့လည်း တခုနဲ့တခု ဆက်နွှယ်လာသလို ဖြစ်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါကြောင့် ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ သူ့အကျိုးစီးပွားအတွက်သာမက ဝါရှင်တန်ရဲ့ “နံပါတ်-၁ ရန်သူ” ကိုပါ ပစ်မှတ်ထားပေးရာ ရောက်တာကြောင့် အမေရိကန်အတွက် ကျေနပ်ဖွယ်ရာ ဖြစ်ပါတယ်ဆိုပြီး သံအမတ်ဟောင်း ဝီလျံ ကော့တ်နီက မှတ်ချက်ပေးပါတယ်။
အမေရိကန်ဟာ ယူကရိန်းအတွက် ဘဏ္ဍာရေးအရ တိုက်ရိုက်ထောက်ပံ့တာမျိုး မရှိတော့ပေမဲ့လည်း အရေးပါတဲ့ ထောက်လှမ်းရေး သတင်းတွေနဲ့အတူ ဥရောပကို လက်နက်တွေ ရောင်းချပြီး အဲဒီကနေ တဆင့် ကိယက်ဗ်ဆီ ပေးပို့နေတာပါ။
ဒါ့အပြင် ယူကရိန်းရှေ့တန်း စစ်မျက်နှာမှာ ရုရှားနဲ့ ဆက်လက် တိုက်ခိုက်နေကြပြီး အထူးသဖြင့် ဒွန်နက်စ်ဒေသထဲက ပိုကရော့ဗ်စ်နဲ့ ကွန်စတန်တီနော့ဗ်ကာမြို့ကို ဦးတည်တဲ့နေရာတွေမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။
Source:Reuters










