DVB Logo
Home
Lead Story
အစိုးရသစ်နှင့် အက်တစ်ဗစ်များ
DVB
·
December 16, 2015
အစိုးရသစ်နှင့် အက်တစ်ဗစ်များ
Donate to DVB

နိုင်ငံရေးလုပ်ရတာထဲမှာ မတူတာတွေရှိတယ်။ အမြင်မတူကြတာကိုပြောဖို့ မဟုတ်ပါ။ အလုပ်တွေ မတူကြတာပါ။ အလုပ်မတူပေမယ့် အတူတွဲ လုပ်ကြရတတ်တယ်။ အလုပ်သာ မဟုတ်သေးပါ။ အကျိုးစီးပွားတွေ မတူကြတာက ပိုပြီး အဓိကကျတယ်။ တချို့က အလုပ်ပြောင်းလုပ်ကြတယ်။ တယောက်တည်းက အလုပ်တမျိုးမကလည်း လုပ်ကြတယ်။ တသမတ်တည်းက အတော်နည်းတယ်။

၁၉၈၈ အရေးအခင်းကြီးမှာ စစ်တပ်နဲ့ (မဆလ) ပါတီ အမာခံတွေကလွဲရင် တတိုင်းတပြည်လုံးဟာ တခုတည်းသော အစုကြီးလို ဖြစ်ခဲ့တယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့နိုင်တယ်ဆိုတော့ ဖွဲ့လိုက်ကြတာ ၂၃၅ ပါတီအထိ ရှိသွားတယ်။ ဒါတောင် ၃-၄ ခုက အဖျက်ခံရလို့။ ၂ဝ၁၅ မှာ ပါတီပေါင်း ၉ဝ ကျော်တယ်။ တစညနဲ့ ပြည်ခိုင်ဖြိုးကလွဲရင် တခုတည်းသောအစုကြီးလို့ခေါ်တဲ့ ၈၈ အရေးအခင်းကြီးနဲ့ ဆက်စပ်နေခဲ့သူတွေ များပါတယ်။ မျက်စိအောက်မှာပဲ ကွဲပြားပြောင်းလဲတာတွေကို မြင်ရတာပါ။

ပြည်ပအတွေ့အကြုံက ပိုပြီးကုံလုံတာမို့ နမူနာလေးတွေ ပေးချင်ပါတယ်။ ၈၈ နောက်ပိုင်းမှာ ပြည်ပရောက်ဆိုတဲ့ နောက်ထပ် တခုတည်းသောအစုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အရင်ဆုံးက ကျောင်းသားတွေပါ။ ကျောင်းသားထဲမှာ ကျောင်းသားလို့ မခေါ်ထိုက်သူတွေလည်း ပါခဲ့တယ်။ ကျောင်းသားအများစုက ကျောင်းသားတပ်မတော် အေဘီအက်စ်ဒီအက်ဖ် ဖွဲ့တယ်။ လက်နက်စကားမပြောတဲ့ ကျောင်းသားတွေလည်း မနည်းခဲ့ပါ။ အဲဒီမနည်းသူတွေထဲမှာလည်း မတူတဲ့အဖွဲ့တွေ ဖွဲ့ကြတာ ပိုများတယ်။

ပြည်ပရောက်အစုကြီးထဲကို ၁၉၉ဝ နှစ်အကုန်မှာ နောက်တိုးအစု ရောက်လာတာကတော့ ကျနော်အပါအဝင် နိုင်ငံရေးပါတီတွေ လူတွေ ဖြစ်ပါတယ်။ အန်အယ်လ်ဒီသာမကပါ၊ ရခိုင်၊ ချင်း၊ ကချင်၊ လားဟူ၊ မွန်၊ ရှမ်း၊ ကရင်နီနဲ့ ကယန်း စတဲ့ အမတ်တွေလည်း အပြင်ထွက်လာကြတယ်။ အမတ်တွေက အမ်ပီယူအဖွဲ့နဲ့ စုစည်းကြတယ်။ တချို့က အန်စီဂျီယူဘီ စင်ပြိုင်အစိုးရထဲမှာ ပါတယ်။ အန်အယ်လ်ဒီက ထွက်လာကြသူတွေရဲ့ အန်အယ်လ်ဒီ/အယ်လ်အေပါတီက အဆုံးထိကြာပေမယ့် ကျန်တိုင်းရင်းသား ပါတီတွေက သိပ်မကြာပါ။

နောက်တော့ ဖွဲ့စည်းမှုပုံစံတွေ ပြောင်းလာပါတယ်။ လူ့အခွင့်အရေး၊ ဒုက္ခသည်အခွင့်အရေး စတဲ့ အခွင့်အရေးအဖွဲ့တွေ ပေါ်လာတယ်။ အမျိုးသမီးအဖွဲ့တွေလည်း တခုပြီးတခု ပေါ်လာကြတယ်။ တိုင်းရင်းသားအလိုက် အဖွဲ့တွေပေါ်လာတယ်။ ပီဒီနဲ့ စီအန်အေဘီ အကြမ်းမဖက် လှုပ်ရှားမှုအဖွဲ့တွေ ပေါ်လာတယ်။ အက်ဖ်တီယူဘီ စတဲ့ အလုပ်သမားအဖွဲ့ ဖြစ်လာတယ်။ သာရေးနာရေးနဲ့ လူမှုရေးအသင်းတွေ ပေါ်လာတယ်။ အန်စီယူဘီ၊ အန်အိပ်ခ်ျအီးစီ၊ ဒဗလျူအယ်လ်ဘီ စတဲ့ ညွန့်ပေါင်းအဖွဲ့တွေလည်း ပေါ်လာပါတယ်။

အဖွဲ့တွေအပြင် (အင်စတီကျူရှင်း) ခေါ် သတ်သတ်မှတ်မှတ် အလုပ်တခုအတွက် ဌာနတွေ ပေါ်လာတယ်။ အိပ်ခ်ျအာဒီယူ လူ့အခွင့်အရေးယူနစ်၊ အိပ်ခ်ျအာအီးအိုင်ဘီ လူ့အခွင့်အရေးပညာရေးဌာန၊ ဘီအယ်လ်စီ ရှေ့နေများအဖွဲ့၊ အဖွဲ့စည်း ရုံးတွေနဲ့ ကျောင်းတွေလည်း အများကြီးပေါ်လာတယ်။ နောက်တော့ ပြည်ပမီဒီယာဆိုတာ ဖြစ်ပေါ်လာပါတယ်။ မီဒီယာထဲမှာ ဒီဗွီဘီ ရေဒီယိုနဲ့ ခေတ်ပြိုင်ဂျာနယ်ကစတယ်။ နောက်မှာ အများကြီးဖြစ်လာတယ်။ ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေ ပေါ်ပေါက်လာတယ်။

ပြည်ပလှုပ်ရှားမှုသမိုင်းရေးဖို့ မဟုတ်ပါ။ တခုတည်းသော အစုကြီးကနေ ပေါက်ဖွားလာတဲ့ အစွယ်အပွားတွေဖြစ်လာတဲ့ ဖြစ်စဉ်ကို ပြောတာပါ။ ထူထောင်သူတွေ၊ ဦးဆောင်သူတွေ၊ ပါဝင်လုပ်ဆောင်သူတွေဟာ တခုတည်းသော အစုကြီးထဲက လူတွေချည်းသာ ဖြစ်ပါတယ်။ တချို့က အဖွဲ့ပြောင်းလုပ်ကြတယ်။ လူတယောက်တည်းကနေ အလုပ် ၂ မျိုး၊ ၃ မျိုး တပြိုင်တည်း လုပ်ရသူတွေ ဖြစ်လာတယ်။ ဥပမာ အမတ်တဦးက ရှေ့နေအဖွဲ့ထဲမှာလည်းပါတာ၊ အမျိုးသမီးအဖွဲ့ထဲက သတင်းထောက်လုပ်တာ၊ ကျောင်းသားအဖွဲ့ထဲက အယ်ဒီတာလုပ်တာနဲ့ ပြောင်းသွားတာ။ ကျောင်းသားထဲကနေ အလုပ်သမားလိုင်း ပြောင်းသွားတာ။

အဲလို မတူတဲ့ ခေါင်းစဉ်၊ အစု၊ အသင်း၊ အဖွဲ့၊ ဌာနတွေထဲရောက်တော့ တာဝန်တွေ၊ စည်းကမ်းကလနားတွေ မတူတော့ပါ။ အကျိုးစီးပွားလည်း မတူတော့ပါ။ အဲလို မတူတာတွေ ဖြစ်လာတဲ့ကြားထဲမှာ စင်မြင့်တခုတည်းမှာ အတူတူလုပ်ကြရတာမှာ ကောင်းတာလည်းရှိတယ်။ ဝိရောဓိဖြစ်တာလည်းရှိတယ်။ စိတ်ဝင်စားစရာ ကောင်းပေမယ့် ပြောရတာ အားနာရတယ်။

ကျနော်နေခဲ့ရာ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီအင်အားစုထဲမှာ အသင်းအဖွဲ့တွေ ဖွဲ့လိုက်ကြတာ မှတ်တမ်းကို အမီလိုက်ဖို့ ခက်တယ်။ အဖွဲ့ပေါင်း ၄ဝ ကနေ ၅ဝ ကျော်တယ်။ နောက်ပိုင်း ဒုက္ခသည်တွေ အစုလိုက် ရောက်လာပြီးတော့ ခရစ်ယန် အသင်းတော်တွေကလည်း အကုန်မမှတ်နိုင်အာင် များတယ်။

တခုတည်းသော အစုကြီးထဲကနေ ယေဘုယျခွဲလိုက်ရင် (၁) နိုင်ငံရေးသပ်သပ်လုပ်သူ၊ (၂) အက်တစ်ဗစ် ခေါ် တက်ကြွလှုပ်ရှားသူ၊ (၃) မီဒီယာသမားဆိုပြီး ခွဲနိုင်ပါတယ်။ အခွင့်အရေးသမားတွေက အက်တစ်ဗစ်တွေဖြစ်တယ်။ တဦးတည်းကနေ မတူတာကိုပါ တွဲလုပ်တာနဲ့ မတူကြပေမယ့် နိုင်ငံရေးစင်မြင့် တခုတည်းမှာ တွဲလုပ်ကြတဲ့အခါ မတိုက်ဆိုင်မှုသာမက ဆန့်ကျင်ဘက်တွေ ဖြစ်တတ်ပါတယ်။

နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးလုပ်သူက အခမ်းအနားမျိုး လုပ်ချင်ပေမယ့် အက်တစ်ဗစ်တွေက ဆန္ဒပြချင်တယ်။ တိုင်ပင်ပြီး အများသဘော လုပ်နိုင်ကြတာကများပြီး နိုင်ငံရေးသမားက လျှော့ပေးရတာက များပါတယ်။ စစ်အစိုးရကို ကန့်ကွက် ရှုတ်ချတာမှာတော့ မကွာကြပါ။ အိမ်ရှင်နိုင်ငံကို တောင်းဆိုတာ ပြစ်တင်တာကြတော့ အမြင်ကွဲလွဲတာတွေရှိတယ်။ နိုင်ငံရေးလုပ်သူက (ဒီပလိုမေစီ) ကို ကြည့်ချင်တယ်။

မီဒီယာသမားဘဝကို ခံယူလိုက်သူတွေကတော့ နိုင်ငံရေးသမားနဲ့ရော အက်တစ်ဗစ်တွေနဲ့ပါ လိုင်းကွဲထွက်သွားတယ်။ ဘက်မလိုက်ချင်သလိုလိုတွေ ဖြစ်လာကြတယ်။ ၂ဝဝ၈ နောက်ပိုင်းမှာတော့ သိသိသာသာ မတူတော့ပါ။ ပြည်တွင်းပြန်ဝင်တော့မယ့် မျှော်ကိုးချက်ရှိကြသူတွေက လေသံတွ ပြောင်းကုန်ကြတယ်။ တစုတည်းသော အစုကြီးထဲကနေ လွဲသွားကြတာတွေပါ။

(၄) ပညာရှင်လို့ ခံယူသွားသူတွေလည်း ရှိသေးတယ်။ သူ့တဦးတည်း အမြင်ကိုသာ သူ ကိုယ်စားပြုတယ်။ ပညာရှင်တွေက နိုင်ငံရေးသမားတွေကို ကူသူတွေရှိသလို ကိုယ်ပိုင် တစင်ထောင်သူတွေက ထောင်သွားတယ်။ (၅) တချို့တွေက အန်ဂျီအို ဖြစ်သွားတယ်။ သူ့အလုပ်ကိုသာ ဦးစားပေးလို့ နိုင်ငံရေးသမားနဲ့ကွာတယ်။ (အစ်ရှူး) နောက်သာ လိုက်ကြတယ်။ သူ့ (အစ်ရှူး) ရှင်သန်နေမှသာ သူ့အလုပ်က ဆက်ရှိနေမှာ။ အန်ဂျီအိုတွေဟာ နိုင်ငံတကာစံတွေကို ကိုင်တဲ့အခါ ပြည်တွင်းအခြေအနေ၊ ယဉ်ကျေးမှုနဲ့ အံမကိုက်တာတွေပါ သယ်လာတတ်ကြတယ်။ အဲဒါမှာလည်း နိုင်ငံရေးသမားနဲ့ကွာတယ်။

လာတော့မယ့် အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ခပ်ဆင်ဆင်အဖြစ်မျိုးတွေကို မျှော်လင့်ထားနိုင်ပါတယ်။ အက်တစ်ဗစ်တွေ၊ တချို့မီဒီယာတွေ၊ တချို့ အန်ဂျီအိုတွေ၊ တချို့ပညာရှင်တွေက အစိုးရနဲ့ အတိုက်အခံပြုပါမယ်။ အလုပ်သမားနဲ့ ကျောင်းသား စတဲ့ သမဂ္ဂတွေဟာ အစိုးရတိုင်းနဲ့ ရင်ဆိုင်ကြရမယ်။ အဲဒါလည်း ပုံမှန်သဘောသာ ဖြစ်ပါတယ်။ အဲဒါတွေဟာ တိုင်းပြည်အကျိုးစီးပွားအတွက်ဆိုရင် (ဟဲလ်သီးဖြစ်တဲ့) ဖြစ်သင့်ဖြစ်ထိုက်တဲ့ မတူတာသာ ဖြစ်ပါမယ်။ ဥပဒေစိုးမိုးမှုသာရှိလာရင် အစိုးရကို ကန့်ကွက်တာမျိုးဟာ လုပ်ပျော်ပါတယ်။

သတိထားရမှာကတော့ ကန့်လန့်သမား မရှိဘူးဆိုတဲ့ ကာလမျိုး မရှိပါ။ ကိုယ်ကျိုးစီးပွားသမားဆိုတာလည်း ခေတ်တိုင်းမှာ ရှိကြတာပါ။ ကျနော်တို့အားလုံးဟာ တခုတည်းသော အစုကြီးထဲကလူတွေသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013