ထိုင်းနိုင်ငံ၊ နွန်ထပူရီခရိုင်ထဲမှာ ဩဂုတ် ၇ ရက်က ဖြစ်ခဲ့တဲ့ ကျောင်းပစ်ခတ်မှုအတွင်း ကြွေလွင့်ခဲ့ရသူတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် ပြည်သူတွေဟာ ကျောင်းရှေ့မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပြီး ပန်းစည်းတွေ လာရောက်ချထားခဲ့ကြပါတယ်။
အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးဟာ သူ့ရဲ့ အဘိုးနဲ့ အဘွားကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဘန်ကလွေးမြို့ရှိ ထိပ်ဆီရင်း အထက်တန်းကျောင်းအတွင်း ဝင်ရောက်ကာ လူအများအပြားကို လိုက်လံပစ်ခတ်ခဲ့ပြီး အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်ခတ် အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
သေနတ်သမားဟာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း လူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ကာ အဆိုပါ ပစ်ခတ်မှုအတွင်း လူ ၃၀ ထက်မက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သံသယရှိသူရဲ့ မိဘတွေ အပါအဝင် သက်သေတွေကို ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးမေးမြန်းနေပြီး ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
မှုခင်းဆေးပညာအဖွဲ့ရဲ့ ပြောကြားချက်အရ နစ်နာသူအများစုဟာ ရင်ဘတ်၊ ဒါမှမဟုတ် ဦးခေါင်း အပါအဝင် အရေးပါတဲ့ အစိတ်အပိုင်းတွေကို သေစေလောက်တဲ့ သေနတ်ဒဏ်ရာ တချက်စီ ထိမှန်ခဲ့ကြတာလို့ ပြောထားပြီး ပိုမို အသေးစိတ်ကျတဲ့ မှုခင်းဆေးပညာ စစ်ဆေးတွေ့ရှိချက်တွေကိုတော့ နောက်ပိုင်းမှ ရရှိဖို့ မျှော်လင့်ရပါတယ်။
အရွယ်အစား သေးငယ်ပြီး ကျစ်လျစ်တယ်လို့ ဖော်ပြထားတဲ့ အဆိုပါ သေနတ်ဟာ ကောင်လေးရဲ့ အဘိုးအမည်နဲ့ တရားဝင် မှတ်ပုံတင်ထားတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဘိုးအဘွားတွေနဲ့အတူ နေထိုင်တဲ့ အဆိုပါကောင်လေးဟာ ကျောင်းနဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု လက္ခဏာတွေ ပြသခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူ့ရဲ့ ဆွေမျိုးအချို့ကတော့ သူရင်ဆိုင်နေရတဲ့ ပြဿနာတခုခု ရှိနေမှန်း မသိခဲ့ကြဘူးလို့ ထိုင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြားရှိတဲ့ ကျောင်းသား ကျောင်းသူ ၃,၀၀၀ နီးပါး တက်ရောက်နေတဲ့ အဆိုပါ အမျိုးသား အမျိုးသမီး ရောနှောတက်ရောက်နိုင်တဲ့ အစိုးရကျောင်းကတော့ အတန်းအားလုံးကို ဩဂုတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ ဆိုင်းငံ့ထားမှာဖြစ်ကြောင်းနဲ့ အဆိုပါ အချိန်အတွင်း ကျောင်းဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Source: Thai PBS










