DVB Logo
Home
မြန်မာသတင်း
အလုပ်သမားတောင်းဆိုချက်အတိုင်း မလိုက်လျောရင် ဆက်ပြီးဆန္ဒပြမည်
DVB
·
December 16, 2015
အလုပ်သမားတောင်းဆိုချက်အတိုင်း မလိုက်လျောရင် ဆက်ပြီးဆန္ဒပြမည်
1 / 4
Donate to DVB

အလုပ်သမားတွေအနေနဲ့ တထစ်လျော့ပြီး ရက် ၂၀ စာပေးဖို့ ညှိနှိုင်းသွားမှာဖြစ်ပြီး အလုပ်ရှင်ဖက်က မလိုက်လျောရင် ဒီထက်ပိုပြီး အရှိန်မြင့်ဆန္ဒထုတ်ဖော်သွားမယ်လို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်အဝ မရတာကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့ ကတည်းက  စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။

အလုပ်ရှင်ဖက်က အလုပ်သမားတွေ အလုပ်မလို့ဆိုပြီး လစာမပေးတဲ့အတွက် အလုပ်သမားတွေက စတင်ဆန္ဒပြခဲ့တာဖြစ်ပြီး အလုပ်သမားနဲ့ အလုပ်ရှင်တွေအကြား ညှိနှိုင်းရာ အလုပ်ရှင်ဖက်က ၁၅ ရက်စာပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အလုပ်သမားတွေဖက်က လက်မခံတဲ့အတွက် ဒီကနေ့ ဆက်လက်ညှိနှိုင်းမှာ ဖြစ်ပြီး အလုပ်သမားတွေအနေနဲ့က ရက် ၃၀ စာမဟုတ်ဘဲ  တထစ်လျော့ပြီး အနည်းဆုံးရက် ၂၀ စာပေးဖို့ တောင်းဆိုထားပါတယ်။

“အလုပ်သမားတွေဖက်ကနေပြီးတော့ ညီမတို့က တထစ်လျော့လိုက်တယ်။ ၂၀ ရက်စာ ပေးဖို့ တထစ်လျော့တယ်။ အဲဒီ ၂၀ ရက်စာကို သူ့ (အလုပ်ရှင်) အနေနဲ့က ၁၅ ရက်စာပဲ လုပ်နေလို့ အစ်မတို့ ဖက်က ထပ်ပြီးညှိနှိုင်းဆွေးနွေးရာမှာဖြစ်တယ်။ အစ်မတို့ တဦးတယောက်ရဲ့ဆန္ဒဆိုရင်တော့ ဘယ်တော့မှ ၃၀ ရက်ထက်မလျော့တဲ့လစာကို တောင်းသွားမှာပဲ။ ဒါပေမယ့် အလုပ်သမားတွေရဲ့အနေအထားကို သိတဲ့အတွက် အစ်မတို့အနေနဲ့ အတတ်နိုင်ဆုံး အထစ်လျော့ပြီးတောင်းခဲ့တယ်။ အဲဒီအတွက် အလုပ်သမားတွေ ဖက်က မလွန်တော့ဘူးလို့ ထင်တယ်။ သူ့အနေနဲ့ ၂၀ ရက်စာကိုမှ မပေးဘဲ ၁၅ ရက်စာကိုပဲ ဆက်သွားမယ်ဆိုရင် အစ်မတို့ကလည်း ၃၀ ရက်ထက် မလျော့တဲ့ ရက်ကို အစ်တို့ ဆက်လက်တောင်းဆို သွားမှာဖြစ်တယ်။”လို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံအလုပ်သမား ခေါင်းဆောင် မမိုးစန္ဒာမြင့်က ပြောပါတယ်။

လက်ရှိ ဆန္ဒပြတဲ့ အလုပ်သမားတွေဟာ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံဟောင်းက အလုပ်သမားတွေဖြစ်ပြီး စက်ရုံသစ်မှာ သူတို့ကိုမခန့်ချင်လို့ အလုပ်ရှင်ဖက်က ဒီလို လုပ်ဆောင်တာလို့လည်း မမိုးစန္ဒာမြင့်က ပြောပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင် စက်ရုံအသစ်က ဟိုဖက်မှာထောင်ပြီးသားရှိတယ်။ စက်ရုံအသစ်မှာ အစ်မတို့ ၀န်ထန်းတွေကို မခေါ်သွားချင်ဘူး။ စက်ရုံအဟောင်းကို ပြန်အပ်လိုက်မယ် ဆိုရင်လည်း ဒီဝန်ထမ်းတွေကို နစ်နာကြေး သူ့အနေနဲ့မပေးချင်ဘူး။ ဒါကြောင့်သူက ၀န်ထမ်းတွေကို အလုပ်မဖြစ်အောင် စက်ရုံဟောင်းက လိုအပ်တဲ့ပစ္စည်း အကုန်လုံးကို စက်ရုံအသစ်ကိုယူတယ်။ စက်ရုံအဟောင်းမှာကျတော့ ပိတ်သိမ်းတဲ့ စက်ရုံက ပြန်အပ်တော့မယ့် အနေအထားတွေဖြစ်တဲ့အတွက် ဆက်ပြီးလည်မပတ်တော့တဲ့ပုံစံမျိုးနဲ့ ၀န်ထမ်းတွေကို ထားတယ်။ အဲတော့ အထည်ကတော့ လုံးဝမဖြစ်နိုင်တော့ဘူး။ ထုတ်လုပ်မှု မရအောင် လုပ်ထားတာက အလုပ်ရှင်။ ထုတ်လုပ်ခွင့်မရခဲ့တာက အလုပ်သမား။ ဒါကို အလုပ်သမားက အလုပ်မလုပ်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လစာမပေးဘူး ဆိုတာ ဖြစ်လာတာပေါ့။ ဒါပေမယ့် အစ်မတို့က လက်မှတ်ကို တလလုံးထိုးပြီး ကိုယ့်အလုပ်ကို ၀င်ရောက်လုပ်ကိုင်ခဲ့တယ်။ ရှိတဲ့နေရာမှာ ရှိသလို လုပ်ခဲ့တယ်။ အဲတော့ အစ်မတို့က လုပ်ခလစာကို အပြည့်အ၀ လိုချင်တယ်။ ဒါနဲပတ်သက်ပြီး ဆန္ဒပြမှုဖြစ်လာခဲ့တာပါ့။ ”

အလုပ်သမားတွေ စတင်ဆန္ဒပြပြီးနောက်ပိုင်း အဆောင်နေတဲ့သူတွေကိုလည်း အဆောင်မှာ နေခွင့်မပေးတာ၊ အကြိုအပို့ကားတွေကို မစီစဉ်ပေးတော့ဘဲ လုပ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

ဓာတ်ပုံ - စိုးသီဟ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013