
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်နားမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လေယာဉ် ဒရုန်းတို့နဲ့ ဗုံးကြဲတာကြောင့် ဒေသခံတချို့ သေဆုံးပြီး နေအိမ်တွေလည်း ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂ ရက်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က သုံးခွရွာကို မေ ၅ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် မိဘနှစ်ယောက် သေဆုံးပြီး ၆ နှစ်အရွယ် ကလေးတယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “နေအိမ်တလုံး မီးလောင်သွားတယ်။ မိဘတွေက မီးထဲပါသွားတယ်။ ကလေးတယောက်ပဲ အသက်ရှင်ကျန်တယ်။ ၆ ရက်နေ့က ငိုစင်ရွာကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တယ်။ နေအိမ်တလုံး မီးလောင်ပျက်စီးတယ်။ ၈ ရက်နေ့ကလည်း ငါးအိုးနဲ့ လေးမိုင်လောက်ကွာတဲ့ နောပြည်သာ ဆိုတဲ့ရွာကို ဒရုန်းနဲ့ပဲချတာ။ အရပ်သားထိတာ ရှိတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်” လို့ DVB ကို ပြောပါတယ်။
ငါးအိုးရွာ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ ၁၂၁ တပ်ရင်းဟာ နေ့တိုင်း စစ်ကြောင်းထိုးလှုပ်ရှားတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ရွှေကူ KPDF တပ်တွေနဲ့ မေ ၉ ရက်အထိ တိုက်ပွဲဖြစ်နေတာပါ။
တော်လှန်ရေးတပ်တွေဘက်ကတော့ စစ်တပ်စစ်ကြောင်း၊ ကာကင်း၊ ဂိတ်တွေနားမှာ ပြည်သူတွေ အနီးကပ်သွားလာနေထိုင်တာမလုပ်ဖို့၊ မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူနယ်မြေက ပြည်သူတွေအနေနဲ့ ညနေ ၆ နာရီကနေ မနက် ၉ နာရီအထိ အသံဆူညံကျယ်လောင်တဲ့ စက်ယန္တရားတွေ အသုံးမပြုဖို့၊ လက်နက်၊ ခဲယမ်းတွေ သယ်ယူပေးတာ မလုပ်ကြဖို့ မေ ၄ ရက်မှာ အသိပေးထားပါတယ်။
တိုက်ပွဲတွေကြောင့် သုံးခွ၊ နောပြည်သာ၊ ခတ်ခုံ၊ မန်နား၊ ငို့စင်၊ စီဖွား စတဲ့ကျေးရွာတွေက အရပ်သားတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










