DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ တရားမ၀င်ငွေကြေးစီးဆင်းမှု နှစ်စဉ် ဒေါ်လာသန်း ၆၈၀ ၀န်းကျင်ရှိ
DVB
·
December 14, 2015
မြန်မာနိုင်ငံ၏ တရားမ၀င်ငွေကြေးစီးဆင်းမှု နှစ်စဉ် ဒေါ်လာသန်း ၆၈၀ ၀န်းကျင်ရှိ
Donate to DVB

မြန်မာနိုင်ငံရဲ့ တရားမ၀င် ငွေကြေးစီးဆင်းမှု ပမာဏဟာ နှစ်စဉ် ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း ၆၈၀ ကျော်လောက်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Global Financial Integrity ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၀၄ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မြန်မာ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တရားမ၀င်ငွေကြေးစီးဆင်းမှု အခြေအနေနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စီးပွားရေးဖြစ်ထွန်းစ နိုင်ငံတွေရဲ့ တရားမ၀င် ငွေကြေးစီးဆင်းမှုဟာ ၂၀၁၃ ခုနှစ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံထိ ရှိလာပြီး မြန်မာနိုင်ငံရဲ့ တရားမ၀င် ငွေကြေးစီးဆင်းမှုကတော့ နှစ်စဉ် ပျမ်းမျှ ကန်ဒေါ်လာ ၆၈၄ သန်း ဝန်းကျင်ရှိကြောင်း ခန့်မှန်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ခုနှစ်က ၂၀၁၁အထိ မြန်မာ့ တရားမ၀င်ငွေကြေးစီးဆင်းမှု ပမာဏကတော့ စုစုပေါင်း ကန်ဒေါ်လာ သန်း ၆၈၄၀ ရှိပြီး ၂၀၁၀ ခုနှစ်မှာ ဒေါ်လာသန်း ၂၁၃၂ နဲ့ အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် အတွက် စာရင်းတွေကိုတော့ အစီရင် ခံစာမှာဖော်ပြထားခြင်းမရှိပါဘူး။

တရားမ၀င်ငွေကြေးစီးဆင်းမှု အနည်းအများအလိုက် သတ်မှတ်ချက်မှာတော့ နိုင်ငံပေါင်း ၁၄၉ နိုင်ငံမှာ မြန်မာက အဆင့် ၇၉ သတ်မှတ်ခံထားရပါတယ်။ အများဆုံး ၁၀ နိုင်ငံထဲမှာ တော့ တရုတ်၊ ရုရှား၊ မက္ကစီကို၊ အန္ဒိယ၊ မလေးရှား၊ ဘရာဇီး၊ တောင်အာဖရိက၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက အစဉ်လိုက်ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

တရားမ၀င် ငွေအများစုကို များသောအားဖြင့် ကုန်သွယ်မှုလုပ်ငန်းတွေရဲ့ ကုန်ပစ္စည်း အမှာစာတွေမှာလည်း တန်ဖိုးကို လိုတိုးပိုလျှော့ပြခြင်း နည်းလမ်းနဲ့ နည်းပညာသုံးတဲ့ မှောင်ခိုမှုပြုလုပ်ခဲ့တာဖြစ်ပြီး တရားမ၀င် ငွေကြေးစီးထွက်မှုရဲ့ ၅၄ ရာခိုင်နှုန်းနဲ့ ငွေကြေး စီးဝင်မှုရဲ့ ၈၂ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ရင်းနှီးမြှုပ်နှံမှု အားကောင်းတဲ့ မြန်မာ့အိမ့်ခြံမြေဈေးကွက်အတွင်း ငွေမဲတွေ စီးဝင်လာတာကြောင့် အိမ့်ခြံမြေဈေးတွေ အဆမတန်မြင့်တက်ခဲ့တဲ့ သာဓက ရှိခဲ့တာကြောင့် တရားမဝင်ငွေကြေး စီးဝင်မှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကိုတော့ ၂၀၁၄ ခုနှစ်၊ မတ်လ၁၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013