DVB Logo
Home
Lead Story
စည်းမျဉ်းများကို ချိုးဖျက်ပြီး ဘုန်းကြီးဘ၀မှ ကိုယ်ဟန်ပြမယ်ဖြစ်လာသူ
DVB
·
December 13, 2015
စည်းမျဉ်းများကို ချိုးဖျက်ပြီး ဘုန်းကြီးဘ၀မှ ကိုယ်ဟန်ပြမယ်ဖြစ်လာသူ
1 / 7
Donate to DVB

ကမ္ဘာ့ဖက်ရှင်မော်ဒယ်လောကမှာ လူသိများလာခဲ့သူ အသက် ၂၂ နှစ်အရွယ် မီမီတအိုဟာ ဘုန်းကြီးဘ၀ကနေ စည်းမျဉ်းတွေ ချိုးဖောက်ကာ လိင်အင်္ဂါပြောင်းလဲပြီး ကိုယ်ဟန်ပြမယ်ဖြစ်လာခဲ့သူပါ။

သူ့ရဲ့ဘ၀ဟာ ခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ထိ ပန်းခင်းတဲ့လမ်းတော့ မဟုတ်ခဲ့ဘူးလို့ မီမိတအိုက ပြောပါတယ်။

“ကျမ ခုချိန်ထိ ရပ်တည်နေရတာလွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ ခုထိလည်း ကျမဘယ်နေရာကို လိုချင်ခဲ့သလဲဆိုတာ မသိပါဘူး။”

သူက ကျော်ကြားမှုနောက်ကို လိုက်ချင်ခဲ့တာမဟုတ်ပဲ မိသားစုရဲ့ ကြွေးမြီတွေ ကြားကနေ လွတ်မြောက်စေချင်ခဲ့တာလို့ ပြောပါတယ်။

သူ့ကို ထိုင်းနိုင်ငံ၊ ခွန်ကရန်မြို့မှာ ချမ်းသာတဲ့မိသားစုက မွေးဖွားခဲ့တာပါ။ သူ့ဖခင်ဟာ နိုင်ငံခြားမှာ ဆောက်လုပ်ရေးလုပ်ငန်းတခုက အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်ပြီး အိမ်အသုံးစရိတ်ကို လုံလုံလောက်လောက်ရှာဖွေပေးနိုင်သူပါ။

မိခင်ကတော့ ရှိတဲ့ငွေကြေးတွေကို ချေးငှားတာတွေအပြင် အိမ်ခြံမြေ၀ယ်ရောင်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာပါ။

သူ့ရဲ့နာမည်ရင်းက ဖဂျရာနက်နိုဘန်တအိုဖြစ်ပြီး မွေးချင်းသုံးယောက်မှာ အလတ် ဖြစ်ပါတယ်။

အဲဒီအချိန်ထိတော့ မီမီတအိုရဲ့ မောင်နှစ်မတွေမှာ အိပ်မက်ကိုယ်စီရှိနေခဲ့တာဖြစ်ပြီး သူကတော့ ဘာဖြစ်ချင်မှန်းမသိခဲ့ပါဘူး။

အစ်မဖြစ်သူက စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်ဖြစ်ချင်ခဲ့ပြီး ညီဖြစ်သူကတော့ ဆေးကျောင်းကို တက်ရောက်ခွင့်ရချင်ခဲ့တာပါ။

ဒါပေမယ့် သူတို့အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခင်မှာပဲ တဆစ်ချိုး အပြောင်းအလဲဟာ ရောက်လာခဲ့ပါတော့တယ်။

၂၀၀၀ ပြည့်နှစ်၊ စီးပွားရေးအကျပ်အတည်းဟာ သူတို့မိသားစုဘ၀ကို အများကြီး ပြောင်းလဲသွားခဲ့ပါတော့တယ်။

မိသားစု စီးပွားရေးလုပ်ငန်းတွေ အားလုံးဆုံးရှုံးခဲ့ရချိန်မှာ သူ့အစ်မနဲ့မောင်ကို ဒေသတွင်းကျောင်းတခုကို ရွှေ့ပြောင်းထားခဲ့ရပြီး သူ့ကိုတော့ အယုဒ္ဓယက ဘုန်းတော်ကြီး ကျောင်းတခုဆီ မိခင်က အပ်နှံထားခဲ့တာပါ။

မိခင်ဖြစ်သူက ကျောင်းစည်းမျဉ်းစည်းကမ်းတွေဟာ သူ့အတွက် သင့်တော်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် ဒါဟာ အချိုးအကွေ့တခုဖြစ်လာခဲ့ပါတယ်။

သူဟာ အဲဒီအချိန်မှာ အသက် ၁၂ နှစ်အရွယ်ရှိနေခဲ့ပါပြီ။  အဲဒီဘုန်းတော်ကြီးကျောင်းက မီမီ့ကို ဘုန်းတော်ကြီးတပါးဖြစ်လာစေဖို့ လေ့ကျင့် သင်ကြားမှုတွေ လုပ်ပေးခဲ့ပြီး ၆ လအကြာမှာ ကိုရင်ဝတ်ပေးခဲ့တာပါ။

ဝန်းကျင်သစ်မှာ မီမီဟာ ညင်သာစွာစကားပြောခြင်း၊ အိပ်ယာမှစောစီးစွာ ထ ရခြင်း စတဲ့အရာတွေနဲ့ အသားတကျနေထိုင်နိုင်ဖို့ ကြိုးစားခဲ့ရတာပါ။

“ကျမ အဲဒီအချိန်လောက်မှာပဲ မိန်းကလေးလို နေထိုင်ပြုမူ စကားပြောတယ်။ မိန်း ကလေးအသုံးအဆောင်တွေကို စိတ်ဝင်စားလာခဲ့တယ်” လို့ မီမီက ပြောပါတယ်။

မီမီနဲ့ စိတ်တူကိုယ်တူ အခြားအဖော် ၄ ယောက်ဟာ သင်္ကန်းဝတ်ထားချိန်မှာ ၀ိနည်းအကျင့်သိက္ခာတွေနဲ့ နေထိုင်ကြပြီး နောက်ကွယ်မှာတော့ နှုတ်ခမ်းနီ၊ ပါးနီတွေ ဆိုး၊ မျက်ခုံးမွေးခြယ်၊ မိတ်ကပ်လူးကာ အခန်းတွင်း အမျိုးသမီးတွေလို နေထိုင်ခဲ့ကြတာပါ။
သူတို့ရဲ့ နောက်ကွယ်က ကမ္ဘာဟာ အမျိုးသမီးဘ၀ကို တနည်းလှစ်ဟပြခဲ့တာပါ။

ကိုရင်ဘ၀ ဒုတိယနှစ်ရောက်တဲ့ချိန်မှာတော့ သူတို့ထဲက တယောက်ကြောင့် သူ တို့အားလုံးဟာ အမျိုးသမီးရင်သားကြီးထွား ဆေးလုံးတွေကို သင်္ကန်းကြားမှာဝှက်ကာ စတင်သုံးခဲ့ကြပါပြီ။

မီမီဟာ ခွန်ကရန်က သူ့အိမ်ကို ပြန်ခဲ့ချိန်က တခါမှာတော့ ရေချိုးခန်းထဲမှာ ကြီးထွား လာကာစ သူ့ရင်သားတွေကို မိခင်ကတွေ့သွားခဲ့ပြီး ငိုကြွေးခဲ့ပါတယ်။

“အဲလို ကျမအမေငိုနေခဲ့ချိန်ဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအချိန်ပါပဲ။ အဲဒီအချိန် မှာ ကျမဆုံးဖြတ်ခဲ့ပါတယ်။ ကျမကို သူဂုဏ်ယူရတဲ့သူဖြစ်လာအောင်ကြိုးစားဖို့ပေါ့” လို့ မီမီက ဆိုပါတယ်။

ခြောက်နှစ်ကြာတဲ့နောက်မှာ မီမီဟာ ဘုန်းကြီးကျောင်းကထွက်လာခဲ့ပြီး အလုပ် ပေါင်းများစွာ ပြောင်းလဲလုပ်ကိုင်ခဲ့ပေမယ့် သူ့အနေနဲ့ ဘာလုပ်ချင်တယ်ဆိုတာကို မသိနိုင်ပဲ ရှိနေခဲ့တာပါ။

တရက်မှာတော့ သူဟာ နာမည်ကျော်မော်ဒယ်လ် ရိုဂျန်နာယွီဖက်ကန်နာနဲ့ ဆုံဖို့ အခွင့်အရေးရခဲ့ပြီး သူလုပ်ချင်တာဟာ စံပြမော်ဒယ်တယောက်ဖြစ်ဖို့ဆိုတာ သိခဲ့ပါတယ်။

သူဟာ ယွီကို ပရိသတ်တွေနဲ့တွေ့ဆုံပွဲတခုမှာ စတင်တွေ့ခဲ့ပြီး သူ့လိုဖြစ်ချင်တဲ့အတွက် သင်ပေးဖို့ ပြောခဲ့တာပါ။

သူဟာ ယွီနဲ့ ၁၂ ကြိမ်လောက်တွေ့ခဲ့ပြီး တွေ့ချိန်တိုင်းမှာ ဒီစကားကိုပဲ ထပ်တလဲ လဲပြောခဲ့ပြီးမှ သူ့ကိုသင်ပေးဖို့ သဘောတူခဲ့တာပါ။

လိင်အင်္ဂါပြောင်းလဲထားတဲ့ ကိုယ်ဟန်ပြ စံပြမော်ဒယ်တယောက်ဖြစ်ဖို့က တကယ် တမ်းတော့မလွယ်လှပါဘူး။

ယွီက လမ်းလျှောက်ပုံ၊ ကိုယ်နေဟန်ထားနဲ့ ကိုယ်ဟန်ပြမယ်တယောက်မှာ ရှိသင့် တာတွေ အားလုံးကို သုံးလကြာ သင်ပြပေးခဲ့တာပါ။

အဲဒီအချိန်မှာ မီမီဟာ ကိုယ်ခန္ဓာလိင်အင်္ဂါပြောင်းလဲခွဲစိတ်မှုတွေ မလုပ်ရသေးပါ ဘူး။ သူ့အနေနဲ့ မော်ဒယ်လောကကို ၀င်ရောက်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆခဲ့ပေမယ့် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အသားညိုညို၊ အရပ်ရှည်ရှည်၊ ရင်သားသေးသေး၊ မေးရိုးကားကားနဲ့ မီမီ့ပုံစံကို ထိုင်းမော်ဒယ်အေဂျင်စီတွေက လက်မခံခဲ့ပါဘူး။

“ဒါက ကျမကို လှုပ်နှိုးလိုက်တာပါပဲ။ ကျမမျှော်လင့်ချက်ကိုတော့ အရှုံးမပေးခဲ့ပါဘူး။ ကျမက မှားယွင်းတဲ့ မြေဆီလွှာပေါ်မှာ ရှိနေရတဲ့ မျိုးစေ့ကောင်းတခုဆိုတာ သိလိုက်ရတယ်”လို့ မီမီက ပြောပါတယ်။

သူဟာ အိပ်မက်မက်ဖူးတဲ့ နယူးယောက် မော်ဒယ်အေဂျင်စီတွေကစလို့ တကမ္ဘာလုံးက အေဂျင်စီတွေကို အင်တာနက်ပေါ်ကတဆင့် ဆက်သွယ်ခဲ့ပေမယ့် အားလုံးက လူတွေ့လာတွေ့ဖို့ သာ အကြောင်းပြန်ခဲ့ပါတယ်။

သူ့အနေနဲ့ ဝေးဝေးလံလံသွားဖို့ အားမထုတ်နိုင်တဲ့အတွက် နီးတဲ့ဒေသတွင်းနိုင်ငံတွေကို ရှာဖွေခဲ့ရာမှာ စင်ကာပူမော်ဒယ်အေဂျင်စီတွေနဲ့ ချိတ်ဆက်မိခဲ့တာပါ။

လေယာဉ်လက်မှတ်ဝယ်ဖို့အတွက် မတတ်နိုင်တဲ့အတွက် မိခင်နဲ့ သူငယ်ချင်းတွေဆီက ချေးပြီးသွားခဲ့ရပါတယ်။

မီမီရဲ့ပြင်ပကပုံစံဟာ နိုင်ငံကူးလက်မှတ်ထဲမှာ ဖော်ပြထားတဲ့ ကျား၊ မ ဖော်ပြချက်နဲ့ ကွဲပြားနေတဲ့အတွက် လေဆိပ်ထဲမှာ ၂ နာရီလောက်ကြန့်ကြာနေခဲ့ပြီး အချိန်နောက်ကျမှ အေဂျင်စီဆီရောက်သွားခဲ့ကာ ငြင်းပယ်ခံခဲ့ရပြန်ပါတယ်။

မီမီဟာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရပြီး အဲဒီအချိန်မှာ သူ့လက်ထဲမှာ စင်ကာပူ ဒေါ်လာငွေ ၄၃ ဒေါ်လာသာ ကျန်ပါတော့တယ်။

သူဟာ စင်ကာပူနိုင်ငံသုံး ဆင်းမ်ကတ်တခုဝယ်ပြီး ထိုင်းနိုင်ငံကို ဖုန်းဆက်အကူအ ညီတောင်းရာမှာတော့ သူ့သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ စင်ကာပူကိုရောက်နေတဲ့ သူငယ်ချင်းရဲ့မိတ်ဆွေရဲ့ မိခင်ဖုန်းနံပါတ်ကို စာပို့အကူအညီတောင်းခဲ့ရပါတယ်။

သူ့ဆီ ဆက်သွယ်မလာခင်မှာ သူဟာ အများသုံးအိမ်သာတခုထဲမှာ ခရီးဆောင် သေတ္တာနဲ့အတူ ပုန်းခိုနေထိုင်ခဲ့ရပြီးမှ ထိုင်းကိုမပြန်ခင် ခဏတာနေနိုင်ဖို့ အကူအညီရခဲ့ တာပါ။

မီမီဟာ အချိန်ဆွဲမနေခဲ့ပဲ တလမ်းဝင်တလမ်းထွက် မော်ဒယ်အေဂျင်စီတွေကို လိုက်ရှာချိတ်ဆက်ကြိုးစားခဲ့ပါတယ်။

ငါးခုမြောက် အေဂျင်စီအရောက်မှာတော့ မီမီ့ကို ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်း ခံခဲ့ရပါတယ်။

မျက်နှာသစ်မော်ဒယ်ဖြစ်တဲ့ မီမီ့အနေနဲ့ နာမည်ကြီး ကုန်ပစ္စည်းတံဆိပ်တွေနဲ့ ချက် ချင်းစာချုပ်ချုပ်ခွင့်မရပဲ ကြော်ငြာဓာတ်ပုံရိုက်တာတွေ၊ ရှိုးပွဲတွေမှာ လျှောက်တာတွေ လုပ်ခဲ့ပြီး တဖြည်းဖြည်းတည်ဆောက်ယူခဲ့ရတာပါ။

မီမီထိုင်းနိုင်ငံကို ပြန်သွားခဲ့ချိန်မှာတော့ သူ့နာမည်ဟာ စင်ကာပူမော်ဒယ်အေဂျင် စီတွေကြားမှာ တစစပြောလာကြပြီး ထိုင်းနိုင်ငံမှ မော်ဒယ်အေဂျင်စီတွေကို ပြန်ညွှန်း ပေးရလောက်အောင် သိလာခဲ့ပါတယ်။

ခုချိန်မှာတော့ နာမည်ကျော် စံပြမော်ဒယ်တယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်တဲ့ မီမီဟာ ထိုင်းနိုင်ငံမှာ ပထမအကြိမ် စတင်အလုပ်လုပ်ချိန်မှာ အခမဲ့ကိုယ်ဟန်ပြပေးခဲ့ပါတယ်။

“ဒါက ဘာကို ဆိုလိုတာလည်းဆိုတော့ ထိုင်းနိုင်ငံက မော်ဒယ်အေဂျင်စီတွေဟာ ခုထက်ပိုပြီး ပွင့်လင်းမြင်သာရှိဖို့ လိုနေတာကို ပြောချင်တာပါပဲ” လို့ မီမီက ပြောပါတယ်။
(ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းပါ ဆောင်းပါးရှင် ချိုင်ယော့ရောင်ချာ ယိုဝမ်ချိုင်ရေးသားသည့် The Monk turned model breaking all the rules ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013