DVB Logo
Home
မြန်မာသတင်း
ဒေါ်စု အမှိုက်ကောက်မည့် ကော့မှူးတွင် စည်ပင်က ပူးပေါင်းမည်
DVB
·
December 12, 2015
ဒေါ်စု အမှိုက်ကောက်မည့် ကော့မှူးတွင် စည်ပင်က ပူးပေါင်းမည်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် အမှိုက်ကောက်မယ့် ကော့မှူးမှာ သက်ဆိုင်ရာစည်ပင်သာယာက ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ အမှိုက်ကောက်မှာဖြစ်ပြီး မကျည်းကန် လမ်းဆုံကနေ ကော့မှူးဆေးရုံအထိ အမှိုက်ကောက်မှာ ဖြစ်ပါတယ်။

ဒီအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ကော့မှူး အန်အယ်လ်ဒီက ဦးအေးသိန်းက “ဟိုတယ်သင်တန်းကျောင်းအထွက် မကျည်းကန်လမ်းဆုံကနေပြီးတော့ ကော့မှူးဆေးရုံအထိကို သူ အမှိုက်ကောက်မယ်၊ သင်တန်းကျောင်းက ကလေးတွေလည်း ပါမယ်၊ စည်ပင်နဲ့ ညှိပြီးပါပြီ၊ သူတို့က ကားနဲ့နောက်ကလိုက်ပြီး အမှိုက်သိမ်းပေးမယ်။”

ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၇ နာရီကစပြီး ကော့မှူးမြို့နယ်အတွင်း အမှိုက်ကောက်ကြမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံခိုက် ဒေါ်စုက ကိုယ်စားလှယ်တွေ အမှိုက်ကောက်ကြဖို့ နှိုးဆော်ခဲ့တာပါ။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း နိုင်ငံတ၀န်းမှာရှိတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ၊ သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့တွေ ပူးပေါင်းပြီး အမှိုက်ကောက်နေကြပါတယ်။

ရန်ကုန်၊ ဗဟန်းမြို့နယ်ထဲမှာ ဒီနေ့အမှိုက်ကောက်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲ တယောက်အပါအ၀င်ဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူရှင်က ဒေါ်စုစကားကို မြေ၀ယ်မကျ နားထောင်တဲ့အနေနဲ့ သူ အမှိုက်ကောက်တာလို့ သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။

"အမေစု ကောက်ခိုင်းလို့ ကောက်တာပါ၊ ကျမတို့ အမှိုက်ကောက်ရခြင်းကတော့ ကျမတို့ရဲ့ လူထုခေါင်းဆောင်စကားကို မြေဝယ်မကျ နားထောင်တယ်ဆိုတာကို သက်သေပြတာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်အမှိုက်ကောက်ရင်း ရလာတဲ့သတိတခုကတော့ ငါဘယ်တော့မှ အမှိုက်မပစ်တော့ဘူးဆိုတဲ့ စိတ်ပါပဲ။”

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဒီနေ့ အမှိုက်ကောက်ခဲ့တဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကလည်း သူ့ဖေ့စ်ဘွတ်ခ်မှာ အမှိုက်ကောက်နေကြတဲ့ ဓာတ်ပုံတွေနဲ့ အခုလို ရေးတင်ထားပါတယ်။

“ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ စည်ပင်ဝန်ထမ်းများနှင့် ကလေးများပါ ကျမတို့အဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြတာ လေးစားစရာကောင်းလှပါတယ်။”

မကွေးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက မကွေးမှာ ဒီနေ့ နေရာ ၄ နေရာခွဲပြီး အမှိုက်ကောက်ကြတယ်၊ အန်အယ်လ်ဒီနဲ့အတူ စည်ပင်သာယာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပူးပေါင်းလုပ်ဆောင်ကြတယ်လို့ ပြောပါတယ်။

အမှိုက်ကောက်တဲ့နေရာမှာ စည်ပင်သာယာဌာနက ပူးပေါင်းလုပ်ဆောင်လာတဲ့အပေါ် ဒါဟာ တိုးတက်တဲ့လက္ခဏာဖြစ်တယ်လို့ ပြောပါတယ်။

“တိုးတက်မယ့် လက္ခဏာ၊ ၀ပြောမယ့် လက္ခဏာအဖြစ်မြင်ရတယ်၊ စိတ်လည်း ချမ်းမြေ့တယ်၊ တချိန်တုန်းက တယောက်နဲ့တယောက် သူက ငါ့ကို တိုင်မလား၊ ငါက သူ့ကို လုပ်မလားဆိုတဲ့ အမူအယာတွေ မရှိတော့ဘဲနဲ့ ကြည်ကြည်လင်လင် ခံစားရတဲ့စိတ်ကလေး ပေါ်တယ်။”

မြန်မာတွေ အသုံးများတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တက်လာတဲ့ ဓာတ်ပုံတွေအရ ရန်ကုန်၊ မန္တလေး၊ မကွေး စတဲ့ တိုင်းတွေ ကရင်၊ မွန်စတဲ့ပြည်နယ်တွေမှာ မြန်မာပြည်နေရာအနှံ့ အမှိုက်ကောက်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013