DVB Logo
Home
မြန်မာသတင်း
ထိုင်းဟိုတယ်လုပ်ငန်းတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ
DVB
·
December 11, 2015
ထိုင်းဟိုတယ်လုပ်ငန်းတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ
1 / 8
Donate to DVB

ထိုင်းနိုင်ငံက ဟိုတယ်လုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး အပြည့်အ၀မရဘဲ ခေါင်းပုံဖြတ်ခံနေရတယ်လို့ ဆွီဒင်အခြေစိုက် Fair Action  နဲ့ Schyst resande ၂ ဖွဲ့ ပူးတွဲ ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖူးခက်နဲ့ ခိုလတ်ခ်ကျွန်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းရှိ ဆွီဒင် ခရီးသွားကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ဟိုတယ်နဲ့ ဆက်စပ်လုပ်ငန်း ၁၃ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၃၀ လောက်ကို မေးမြန်းလေ့လာပြီး ဒီအစီရင်ခံစာထုတ်ပြန်ထားတာပါ။

ဆွီဒင်နိုင်ငံသားတွေအပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ နိဗာန်ဘုံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာမှာ ရေးပါတယ်။

တချို့ဟိုတယ်လုပ်ငန်းမှာဆိုရင် အိပ်ယာခင်းတွေ လျော်ဖွတ်ရတဲ့လုပ်သမားတွေဟာ  ၁၇ နာရီကနေ ၁၉ နာရီလောက်ထိအလုပ်လုပ်ရပြီး ဧည့်သည်တွေအတွက် ဘူဖေး နံနက်စာစားဖို့ မီးဖိုဆောင်မှာ ပေါင်မုန့်ဖုတ်ရတဲ့ လုပ်သားတွေဟာ ၁ နှစ်လုံးမှာ အားလပ်ရက်မရှိဘဲ အလုပ်လုပ်နေရတယ်၊ ဟိုတယ် စားပွဲထိုးတွေနဲ့ ဟိုတယ်ခန်းတွေ ပြင်ဆင်ထိန်းသိမ်းရတဲ့ ၀န်ထမ်းတွေဟာလည်း လစာနည်းနည်းနဲ့ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။

အ၀တ်လျော်လုပ်ငန်းတခုရဲ့ ခြံဝင်းထဲမှာဆိုရင် မြန်မာအလုပ်သမား ၂၃ ယောက်ဟာ အိမ်သာ ၂ လုံးနဲ့ မီးဖိုချောင်တခုကိုတည်းကို အားလုံးဝိုင်းအသုံးပြု နေရတယ်၊   ထိုင်းဝန်ထမ်းတွေ အတွက်တော့ အဆင့်မြင့် အိမ်သာတွေ ပေးထားပြီး မြန်မာတွေကို သုံးခွင့်မပေးဘူးလို့ အစီရင်ခံစာမှာ ရေးပါတယ်။

တွေ့ဆုံမေးမြန်းခဲ့တဲ့ ဟိုတယ် အလုပ်သမားတွေထဲက တ၀က်လောက်ဟာ အနိမ့်ဆုံး လုပ်ခလစာအောက်လျော့နည်းရရှိပြီး ၃ ယောက်လောက်ကပဲ ခွင့်ရက်ရတယ်၊ ဒါတွေဟာ ထိုင်းအလုပ်သမားဥပဒေနဲ့ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး စာချုပ်တွေကို ချိုးဖောက် ရာရောက်တယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။

မြန်မာအလုပ်သမားတွေ ခွဲခြားနှိမ့်ချ ဆက်ဆံခံနေတာကနေ တားဆီးနိုင်ဖို့အတွက် ဟိုတယ်တွေမှာ အလုပ်သမားတွေရဲ့ အလုပ်ချိန်၊ လုပ်အားခနဲ့ခံစားခွင့်တွေနဲ့ပတ်သက်လို့ ဥပဒေအသေအချာ လိုက်နာဆောင်ရွက်လာအောင် လုပ်ဆောင်ဖို့ ဆွီဒင်ခရီးသွား လုပ်ငန်းတွေကို တိုက်တွန်းအကြံပြုထားပါတယ်။

Fair Action  အဖွဲ့ဟာ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူတတ်လာအောင် ဆွီဒင် ကုမဏီတွေကိုအားပေးတဲ့ အန်ဂျီအိုအဖွဲ့ဖြစ်ပြီး Schyst resande အဖွဲ့ကတော့ ဆွီဒင်ဟိုတယ်နဲ့ စားသောက်ဆိုင်အလုပ်သမားများသမဂ္ဂ အပါအ၀င် အဖွဲ့ ၇ ဖွဲ့ပူးပေါင်း ထားတဲ့ ကွန်ယက်အဖွဲ့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းလောက် နှစ်စဉ် လာရောက်ပတ်လေ့ရှိတဲ့ နေရာဖြစ်ပြီး ဆွီဒင်နိုင်ငံသား ၃ သိန်းလောက် ခုနှစ် ဆောင်းရာသီမှာ ထိုင်းကို အလည်အပတ် အပန်းဖြေ ခရီးထွက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013