DVB Logo
Home
Lead Story
တပေါင်းတစည်းတည်းသော အစိုးရ ဖြစ်ပေါ်ဖို့
DVB
·
December 11, 2015
တပေါင်းတစည်းတည်းသော အစိုးရ ဖြစ်ပေါ်ဖို့
Donate to DVB

၁။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အတွက် တံခါးများ တချပ်ပြီးတချပ် ပွင့်လျက်ရှိသလို အနာဂတ် မြန်မာ့နိုင်ငံရေး အလားအလာတို့သည်လည်း တနေ့တခြား တိုးပွားလာနေသည်။

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုသည် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တို့ ခန့်မှန်းခဲ့ကြသည်ထက် ပို၍ လျှင်မြန်စွာ ဖြစ်ပေါ်တိုးတက်သွားမည့်သဘော ရှိနေသည်။

စင်စစ် ဒီမိုကရေစီ ကူးပြောင်းမှုပြုနေပါသည်ဆိုသော အုပ်စိုးသူတို့အနေဖြင့် လူထု၏ သဘောဆန္ဒကို လေးစားလိုက်နာဖို့ တာဝန်ရှိ၏။ သို့မဟုတ်လျှင် ဒီမိုကရေစီဟု ဆိုစရာမလိုပေ။ သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်း လက်မှတ်ရေးထိုး တင်ပြသည်ကို လျစ်လျူရှုခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်သူလူထုတရပ်လုံးနီးပါး ထောက်ခံ မဲပေးလိုက်သည့် အခါတွင်ကား အသိအမှတ်မပြုဘဲ နေ၍မရတော့။

ထို့ကြောင့် အသီးသီးသော အာဏာလက်ရှိ ပုဂ်္ဂိုလ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံမှုများ ပြုလုပ်ကာ အကူးအပြောင်း ချောမွေ့ညင်သာဖို့၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ဖို့ ညှိနှိုင်း ဆွေးနွေးလာကြရတာ ဖြစ်သည်။

သည်တွင် ပထမဆုံး ပြောချင်သည်က အရှုံးကို သိမှတ်လက်ခံသော ပုဂ်္ဂိုလ်တို့အနေဖြင့် ဂုဏ်သိက္ခာရှိပါသည်ဟူသော အချက်ဖြစ်သည်။ အစိုးရသစ်သို့ အာဏာကို အေးချမ်းစွာ လွှဲပြောင်းပေးနိုင်ခြင်းသည် မိမိတို့၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆုံးသတ်အောင်ပွဲ ဖြစ်မည်ဟု လက်ရှိပုဂ်္ဂိုလ်တို့က ခံယူခြင်းသည် လူထုအဖို့ နှစ်သက်ကြိုဆိုဖွယ် ဖြစ်သည်။ ပြည်သူလူထုစိတ်၌ အာဏာလက်ရှိတို့သည် ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားလေမည်လား စိုးရိမ်ကြတာ အားလုံးသိကြသည်။ သို့သော် ယခုအခါ၌ သမ္မတ ဦးသိန်းစိန်ထံမှ ကတိစကား အလီလီ ကြားရပြီဖြစ်ရာ စိုးရိမ်မှုတို့ ပြေလျော့ခဲ့ကြပြီ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည်လည်း အဆင်ပြေ ချောမွေ့သည်ဟု မြင်ကြရသည် ဖြစ်ရာ ရှေ့အဖို့ တပ်မတော်နှင့် ပူးတွဲဆောင်ရွက်ရေး ကိစ္စရပ်များသည်လည်း အစပျိုး ကောင်းမွန်သည်ဟု မြင်ရသည်။

ထို့ပြင် အာဏာလက်ရှိအုပ်စုအပေါ် သြဇာမည်မျှကြီးမားသလဲ ချင့်တွက် ခန့်မှန်းရန် ခက်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ တဆင့်စကားများအရ ဦးသန်းရွှေက ဒေါ်စုသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည်၊ သူမအား မိမိ အစွမ်းကုန်ကူညီမည် စသဖြင့် ပြောဆိုကြောင်း ကြားသိရရာ အပြုသဘောဆောင်သည်၊ အလားအလာကောင်းသည်ဟု မြင်ရသည်။

ထို့ကြောင့် ပိတ်ထားသောတံခါးများ တခုပြီးတခု ပွင့်လာနေကြောင်း အထက်၌ ဆိုခဲ့ခြင်း ဖြစ်သည်။

၂။

တံခါးတွေပွင့်ပြီ၊ စကားမပြောသူတို့ စကားပြောကြတော့မည်ဆိုလျှင် ဘာတွေ ပြောမည်နည်း။

ဆိုပါစို့။ ကိတ်မုန့်ကြီးတလုံး ရှေ့ချကာ “ခင်ဗျားက အဲဒါယူ၊ ကျုပ်က ဒီဟာယူမယ်”

“ဘယ်ဖြစ်မလဲ ခင်ဗျားက များနေတယ်။ ကျုပ်က နည်းနေတယ်၊ ဟိုဟာထပ်ပေးပါ”

“ဟာ ဒါတော့ ဘယ်ပေးနိုင်မလဲ” “အဲဒါမရရင် ကျုပ်ကလည်း ဟိုဟာ မပေးနိုင်ဘူး” စသဖြင့် ကိုယ်အများဆုံးရအောင်၊ သူ အနည်းဆုံးရအောင် ဝေစုခွဲတာမျိုး သက်သက်တော့ မဖြစ်နိုင်။

ဆွေးနွေးရာ၌ သမ္မတ၊ ၀န်ကြီး၊ ၀န်ကြီးချုပ် စသည့် ရာထူးနေရာတွေ ညှိနှိုင်းရယူခြင်း၊ ကဏ္ဍအသီးသီးအတွက် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းတို့လည်း ပါဝင်ပါလိမ့်မည်။ သို့သော် ခွဲဝေရာ သို့မဟုတ် ညှိနှိုင်းဆွေးနွေးရာ၌ တိုင်းပြည်အကျိုး ရှေးရှုသည့် ဦးတည်ချက်တခုတော့ မလွဲမသွေ ပါရှိရမည် ဖြစ်သည်။

အဲဒါက ဒီမိုကရေစီ ကူးပြောင်းမှု တိုးတက်ရေး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ယခင် နအဖ အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲကာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ၍ ၂၀၁၁ အစိုးရလက်ထက်သို့ အာဏာလွှဲပြောင်းပေးခဲ့ခြင်းသည် နိုင်ငံရေးစနစ်ကို စမ်းသပ်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အာဏာသည် ၂၀၁၁ မတ်လအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းလက်တွင် ရှိနေရာက ၎င်းနောက်တွင် လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တပ်မတော်တို့လက်သို့ ခွဲဝေ ရောက်ရှိခဲ့သည်။

သို့သော် အဆိုပါ (လက်ရှိ) စနစ်အရ လွှတ်တော်နှင့် အစိုးရအကြားသာ အားပြိုင်မှုရှိနိုင်ပြီး တပ်မတော်၌မူ ပြိုင်ဘက်ကင်းသည့် အပြီးသတ် အာဏာရှိနေဆဲ ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှုရှိသည့် အာဏာခွဲဝေမှု စနစ်မျိုး မဟုတ်သေး။

သည်အနေအထားတွင် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် မဖြစ်ပေါ်နိုင်။ ထို့ကြောင့် ဆွေးနွေးသည့်အခါ သည်အချက်က မလွဲမသွေ ပါဝင်လိမ့်မည်။

တချိန်တည်းတွင် အာဏာရှင်စနစ်ကို အာဏာခွဲဝေသောစနစ်သို့ ပြောင်းလဲရန် စတင်ခဲ့သည့် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့်လည်း အခြားသူ တဦးတယောက်လက်၌ အာဏာရှင်စနစ် ပြန်လည်ရှင်သန်လာမည်ကို လိုလားမည် မဟုတ်ပေ။

ထို့ကြောင့် ယခု ဆွေးနွေးပွဲများတွင် ညှိနှိုင်းကြ၊ အပေးအယူပြုကြသည့်အခါ တဘက်က ဒီမိုကရေစီ ကူးပြောင်းမှု အနှောင့်အနှေးမရှိ ဖြစ်ပေါ်ရေးအတွက် အလေးထား ပြောဆိုသကဲ့သို့ တဘက်ကလည်း ပြောင်းတော့ပြောင်းမည် သို့သော် နောင်ရေးနှင့် အတိတ်က အရေးများအတွက် စိတ်မအေးနိုင်သောကြောင့် သိမ်မွေ့ညင်သာစွာ (ဖြည်းနှေးစွာ) ကူးပြောင်းရန် တောင်းဆိုကာ၊ အဲသည် နှစ်ဘက်ရပ်တည်ချက်များပေါ် အခြေခံလျက် လတ်တလောတွင် ဘာတွေ ဘယ်လောက် ပြောင်းလဲမည်၊ ဘယ်အချိန်လောက် သို့မဟုတ် ဘယ်အနေအထားမျိုးလောက် အရောက်မှာ ဘယ်လောက် ဘယ်လို၊ စသဖြင့် အတိုင်းအတာတွေ သတ်မှတ်ကာ အပေးအယူ အလျှော့အတင်းများ ပြုကြရလိမ့်မည်ဟု မြင်သည်။

၃။

သည်သဘောအရနှင့် ယခုကာလ ပြောဆို ကြားသိနေရသည်များအရမူ လာမည့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းကြသည့်အခါ အန်အယ်လ်ဒီပါတီမှ ပုဂ်္ဂိုလ်တွေ အများစု ပါဝင်သလို တပ်မတော် အရာရှိကြီးများ၊ လက်ရှိအစိုးရအဖွဲ့မှ အချို့ပုဂ်္ဂိုလ်များအပြင် လူမျိုးစု တိုင်းရင်းသား အဖွဲ့အစည်းတို့က ရွေးချယ်သူများပါ ပါဝင်လာကြလိမ့်မည်ဟု ယူဆစရာ ရှိနေသည်။

သို့သော် လတ်တလော အများကျေနပ်အောင် ရာထူးနေရာများ ခွဲတမ်းချပေးလိုက်ရုံဖြင့် အောင်မြင်သော အစိုးရတရပ် ဖြစ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဘက်တွင်လည်း အများလိုလားသလောက် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ဖို့ မသေချာပေ။

အစိုးရသစ်တွင် စုပေါင်းပါဝင်ကြမည့် ဇာတိမူလ မတူသော ပုဂ်္ဂိုလ်များအနေဖြင့် တိုင်းပြည်၌ ဒီမိုကရေစီကူးပြောင်းမှု တိုးတက်ဖြစ်ပေါ်ရေး၊ အကူးအပြောင်းကာလ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းမှုနှင့်အတူ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံ အနေအထားများ ဖန်တီးပေးနိုင်ရေးတို့အတွက် တူညီသော စိတ်စေတနာတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုမှသာ အစိုးရအနေဖြင့် အောင်မြင်မှု ရရှိနိုင်သကဲ့သို့ တိုင်းပြည်သည်လည်း ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုအဖြစ်သို့ ရောက်ရှိရန် ပို၍ နီးစပ် သေချာလာမည် ဖြစ်ပါသည်။

ဖေမြင့်
(ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၃၊ ဖေမြင့်ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013