DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်ဆရာတော်ပါ ၅ ပါးကို ပုဒ်မတခုမှ တရားရှင်လွှတ်
DVB
·
December 10, 2015
အင်္ဂလန်ဆရာတော်ပါ ၅ ပါးကို ပုဒ်မတခုမှ တရားရှင်လွှတ်
1 / 9
Donate to DVB

အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော် ၅ ပါးကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုအနက် ၁ ခုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက တရားရှင်လွှတ်ပေးကြောင်း ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ခွဲ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်စဉ်က ဖမ်းခံရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၅ ပါးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ သံဃာတော်အဆင့်ဆင့် စကားမနာခံမှု ပုဒ်မ ၂၀/၉၀ တို့နဲ့ အမှုဖွင့် အရေးယူထားရာ ပုဒ်မ ၂၉၅ (က) ကို တရားရှင်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရက ကျန်ရှိနေသေးတဲ့ ပုဒ်မ ၂၀/၉၀ နဲ့ ပတ်သက်ပြီး အမှုကို ချေဖျက်ပေးဖို့ တိုင်းတရားလွှတ်တော်ချုပ်မှာ တင်ထားတယ်လို့ မိန့်ပါတယ်။

“၂၉၅ (က) ဆိုတာ သာသနာကို ညှိုးနွမ်းစေတဲ့အမှုနဲ့ စွဲထားတာကို ခရိုင်တရားရုံးမှာ တရားလိုကိုယ်တိုင် မလာတဲ့အတွက်ကြောင့် အကြောင်းပြချက် မခိုင်လုံဘူးဆိုပြီး တရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်း ပုဒ်မ ဘယ်လောက်အရဆိုပြီး ဘုန်းကြီးတို့ကို တရားရှင် လွှတ်လိုက်တယ်၊ ကျန်တဲ့ ပုဒ်မ ၂၀/၉၀ ကို ချေဖျက်ပေးဖို့ မနေ့က တိုင်းတရားလွှတ်တော်ချုပ်မှာ တင်လိုက်တာကို လက်ခံထားလိုက်တဲ့အတွက် နှစ်ဦးနှစ်ဘက် ကြားနာပြီးတော့ တရားဥပဒေဘောင်အတွင်းက ဆုံးဖြတ်တာကို ဘုန်းကြီးတို့ နာခံရမှာပေါ့။”

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီလောက်က တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခ သာသနာပြုကျောင်းကို ရဲနဲ့ သံဃမဟာနာယကတို့ ပူးပေါင်းပြီး ၀င်ရောက်စီးနင်း ချိပ်ပိတ်ကာ သံဃာတော် အပါး ၂၀ လောက်နဲ့ လူပုဂ္ဂိုလ် ၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ သံဃာတော်တွေထဲကမှ သံဃာ ၅ ပါးကို ဇွန်လ ၁၃ ရက်နေ့မှာ လူဝတ်လဲပြီး တာမွေတရားရုံးမှာ စတင်ရုံးထုတ်ခဲ့ကာ အင်းစိန်ထောင်ပို့ ချုပ်နှောင်ခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး သင်္ကန်းပြန်စီးပေးခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရက အခုလို သူတို့ကို တရားရှင်လွှတ်ပေးတာဟာ တရားဥပဒေအတိုင်း လုပ်ဆောင်ခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့ရတာပဲလို့ မိန့်ပါတယ်။

“ဒီနေ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ တရားဥပဒေအတိုင်း ဘယ်သူ့အာဏာ ဘယ်သူ့အမိန့်နဲ့မှ လုပ်တာမဟုတ်ကြောင်း ထင်ထင်ရှားရှား တွေ့ရတဲ့အတွက်ကြောင့် ဒါဟာ တရားဥပဒေစိုးမိုးရေးကို ပြလာတဲ့ သဘောမျိုးလို့ ဘုန်းကြီးတော့ ဒီလိုပဲမြင်တယ်။”

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) အရ ပြစ်မှုထင်ရှားရင် ထောင် ၂ နှစ် ချမှတ်နိုင်ပြီး သံဃာတော်အဆင့်ဆင့်စကား မနာခံမှု ပုဒ်မ ၂၀/၉၀ နဲ့ ပြစ်မှုထင်ရှားရင် ထောင် ၆ လ ချမှတ်နိုင်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013