DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီဦး ကွယ်လွန်
DVB
·
December 10, 2015
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီဦး ကွယ်လွန်
Donate to DVB

သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှု အကြောင်းပြချက်နဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီဦး ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရေးမှူးအဖြစ် အမှုထမ်းဆောင်နေတဲ့ ဦးညီညီဦးဟာ သူနေထိုင်တဲ့ အန်အယ်လ်ဒီ ရန်ကုန်တောင်ပိုင်းခရိုင် ရုံးမှာပဲ ကွယ်လွန်ခဲ့တာလို့ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ကိုသန်းဇော်က ပြောပါတယ်။

“သူက ပြောရမယ်ဆိုလို့ရှိရင် နှလုံးလည်း မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ ကျောက်ကပ်ပျက်စီးနေတယ်ပေါ့။ အဲဒီမှာ အခြေအနေတခုလောက်တော့ဗျာ၊ ဥပမာ အစားမှားမိတာလည်း ရှိကောင်းရှိမှာပေါ့။ နောက် သူ့ကို ပြုစုမယ့်သူက ဆွေမျိုးသားချင်းဆိုလို့ အနီးကပ်မရှိဘူး။ သူ့ရဲဘော်တွေကပဲ ပြုစုပေးရင်းနဲ့ ဆုံးသွားတာပေါ့။”

ဒီကနေ့ မနက် ၁၁ မထိုးခင်လောက်က ဆုံးသွားတာလို့ ဆိုပါတယ်။

ဦးညီညီဦးဟာ အသက် ၂၄ နှစ်အရွယ် ၁၉၈၉ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့မှာ  သန်လျင်ရေနံချက်စက်ရုံနဲ့ ရန်ကုန်မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုနဲ့ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး သူ့ကို သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်း  ချမှတ်ခံခဲ့ရပါတယ်။

သေဒဏ်ချမှတ်ပြီး ၁ လလောက်အကြာ ဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းဆီးမိပြီး ကိုကိုနိုင်က ၀န်ခံပေမယ့် ဦးညီညီဦးကို စစ်အစိုးရက ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံရပြီး ထောင်သက်တမ်း ၂၃ နှစ်အတွင်း အင်းစိန်၊ တောင်ငူ စတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံခဲ့ရပြီး ၂၀၁၁ ခု အောက်တိုဘာ ၁၂ ရက်နေ့မှာ တောင်ငူထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။

ထောင်တွင်းမှာကတည်းက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ လေဖြတ်ရောဂါတွေ ခံစားနေခဲ့ရပြီး ဒီနေ့ ကွယ်လွန်သွားတာပါ။

“အဓိကကတော့ ကျနော်တို့က ထောင်ထဲမှာ အကြာကြီးနေခဲ့ရတော့ ထောင်ရဲ့ ဒဏ်တွေလို့ ပြောရမှာပဲ။ ဥပမာ ကျနော်တို့ စစ်ကြောရေးကာလမှာ ထောက်လှမ်းရေး နှိပ်စက်တဲ့ ဒဏ်တွေရှိတယ်။ အဲဒီအချိန်က လူငယ်ဆိုတော့ မသိသာဘူးပေါ့ဗျာ။ အဲဒီဒဏ်တွေရယ်၊ နောက် ထောင်ထဲမှာ နှစ်ရှည်ကာလများ နေတဲ့အခါကျတော့ ထောင်ထဲက ကြွေးတဲ့ အစားအသောက်တွေရယ်၊ ထောင်ထဲကတိုက်တဲ့ ဆေးဝါးတွေလည်း အဆင့်အတန်း မရှိတာနဲ့ သမံတလင်းမှာလည်း အကြာကြီး နှစ်ရှည်နေရတယ်။ အနည်းဆုံး မအိပ်ရဘူးဆိုရင် ၁၅ နှစ်လောက် သမံတလင်းနဲ့ ဖျာတချပ်နဲ့ အိပ်ခဲ့ရတဲ့နေ့တွေက အများကြီးကို၊ အဲဒီဒဏ်တွေပေါ့ဗျာ” လို့ ဦးညီညီဦးနဲ့အတူ တမှုတည်း ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ ဦးသန်းဇော်က ပြောပါတယ်။

ဦးညီညီဦးဟာ အန်အယ်လ်ဒီ စတင်ဖွဲ့စည်းကတည်းက ပါဝင်လှုပ်ရှားခဲ့သလို  ထောင်ကနေ ပြန်လွတ်တော့လည်း အန်အယ်လ်ဒီအတွက် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်လို့ ဒီမိုကရေစီကို အကူးအပြောင်း မမြင်တွေ့ရခင် သေဆုံးသွားတဲ့အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ဦးသန်းဇော်က ပြောပါတယ်။

ဦးညီညီဦး သေဆုံးချိန်မှာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလပ်ကို  လာမယ့် စနေနေ့ ၁၂ ရက်၊ နေ့လည် ၁ နာရီမှာ သန်လျင်မြို့နယ်က မိုးနီသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013