DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးလေးစားသည့် လူ့အဖွဲ့အစည်းဖြစ်စေရန် မြန်မာကော်မရှင် ဆောင်ရွက်မည်
DVB
·
December 10, 2015
လူ့အခွင့်အရေးလေးစားသည့် လူ့အဖွဲ့အစည်းဖြစ်စေရန်  မြန်မာကော်မရှင် ဆောင်ရွက်မည်
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားကာကွယ်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီကနေ့  ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း ကော်မရှင်ရဲ့ မြန်မာ့လူ့အခွင့်အရေး မြှင့်တင်ကာကွယ် ဆောင်ရွက်ချက်တွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအထဲမှာ နိုင်ငံတ၀န်း လူ့အခွင့်အရေး ဟောပြောပွဲနဲ့ သင်တန်းတွေ ပို့ချခဲ့တာ၊ အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေကို စစ်ဆေးခဲ့တာ၊ လက်ပံတန်း ကျောင်းသားသပိတ်ကို နည်းလမ်းမကျ ဖြိုခွင်းဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ တင်ပြခဲ့တာနဲ့ ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံခဲ့တာတွေကို ဖော်ပြထားပါတယ်။

ဒ့ါအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး လက်ခံရရှိတဲ့ တိုင်ကြားစာပေါင်း ၁၂၀၀ ကို စိစစ်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး တချို့တိုင်စာတွေကိုတော့ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်ကတော့ လက်ရှိအစိုးရလက်ထက်မှာ လူ့အခွင့်အရေး ပြဿနာတွေကို ပြေလည်အောင် အကန့်အသတ်နဲ့ ဖြေရှင်းခဲ့ရလို့ နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့ ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ပိုပေးဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သမ္မတဦးသိန်းစိန် သက်တမ်းအတွင်းမှာ အစိုးရဝန်ကြီးဌာနတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ အကန့်အသတ်တွေ ရှိခဲ့တာကြောင့် အစိုးရသစ်လက်ထက်မှာ ထပ်မဖြစ်စေဖို့အတွက် လုပ်ပိုင်ခွင့်တွေ ပိုပေးဖို့ ပြောတာလို့ ဆိုပါတယ်။

ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ လက်ရှိအစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်ပြောဆိုလိုက်ပြီး လာမယ့် အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုကိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း ပုသိမ်၊ ရှမ်းပြည်နယ် လားရှိုး စတဲ့မြို့တွေမှာ ကျင်းပခဲ့ပြီး လူ့အခွင့်အရေးအကြောင်း ပြည်သူတွေသိဖို့ ဟောပြောတာနဲ့ ပညာပေး စာရွက်စာတမ်း ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013