DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၂ ခုနှင့် လယ်ယာကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရေး ဆွေးနွေး
DVB
·
December 9, 2015
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၂ ခုနှင့် လယ်ယာကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရေး ဆွေးနွေး
Donate to DVB

ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီ ၂ ခုက ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့က တွေ့ဆုံပြီး မြန်မာ့လယ်ယာကဏ္ဍ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေက ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လယ်မြေအခြေအနေတွေ အပါအ၀င် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်ကျရင် အရင်တုန်းက မရဘူးတဲ့၊ လိုအပ်တဲ့ အကူအညီမျိုးတွေ ပေးအပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လယ်ယာတွေ အသွင်ပြောင်းဖို့အတွက် လိုအပ်ချက်တွေ၊ နောက်တခုက မျိုးနဲ့ နည်းပညာပေါ့။ ဒီဟာတွေမှာ ပြီးခဲ့တဲ့အပိုင်းတွေမှာ အားနည်းခဲ့တယ်။ အခု အစိုးရသစ်မှာ ဒီဟာတွေ ပြုပြင်ပြောင်းလဲဖို့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောတာပေါ့။”

စားနပ်ရိက္ခာအဖွဲ့ ၂ ခုရဲ့ ကိုယ်စားလှယ်တွေက မြန်မာ့လယ်ယာကဏ္ဍ လက်ရှိ အနေအထား၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်မှု၊ ဈေးကွက်အခြေအနေတို့နဲ့ ပတ်သက်ပြီး သိလိုတာတွေ မေးမြန်းခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့ ဆွေးနွေးချက်အရ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ် ရေကြီးမှုအတွင်း စစ်ကိုင်းတိုင်း၊ ကလေးလွင်ပြင်မှာ လယ်ဧက ၆၀၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒီလယ်မြေတွေ ပြန်လည်ထူထောင်ဖို့ အချိန် ၁ နှစ်ခွဲလောက် ယူရမယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာအဖွဲ့ ၂ ခုဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာမျိုးပဲ ရှိခဲ့ပြီး ဆန်စပါးအသင်းချုပ်လို လယ်ယာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး။

ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကတော့ အစိုးရသစ်လက်ထက်မှာ မြန်မာ့လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ မျှော်လင့်နေပြီး အဖွဲ့အစည်းတွေမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ဆောင်ချက်တွေလည်း ပြောင်းဖို့လိုပြီလို့ မှတ်ချက်ပေး ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013