DVB Logo
Home
Lead Story
ပြည့်နှလုံးသား ဆန္ဒအား ဘယ်ဝယ်နားဆီ ဘယ်နားတည်
DVB
·
December 9, 2015
ပြည့်နှလုံးသား ဆန္ဒအား ဘယ်ဝယ်နားဆီ ဘယ်နားတည်
Donate to DVB

အများသူငါ ရင်တထိတ်ထိတ်နဲ့ မျှော်လင့်တောင့်တခဲ့ရတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးလည်း အောင်မြင်စွာ ကျင်းပပြီးစီးလို့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေ၊ သမ္ဘာရင့်၊ ၀ါရင့် နိုင်ငံရေးသမားဆိုသူတွေ အားလုံးနီးပါးရဲ့ ခန့်မှန်းထားချက်တွေနဲ့ ဆန့်ကျင်ဘက်အဖြေထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးပါပြီ။

အနိုင်ရ ပြည်သူ့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ကတော့ အစောဆုံးတွေ့ကြလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သမ္မတကြီး ဦးသိန်းစိန်တို့လည်း စိတ်ပါမပါတော့ မသိတတ်ပေမယ့် ၃ ပတ်လောက် ဒရွတ်ဆွဲနေပြီးမှ တွေ့ခဲ့ကြရပြီးပြီ မဟုတ်လား။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာရော ၀မ်းသာဝမ်းနည်း ခံစားချက်တွေ ရောထွေးနေတာကြောင့် ဒီဆောင်းပါးကို ရေးမယ်ရေးမယ် တေးထားပေမယ့် တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။

ပထမဆုံး ပြောလိုတာကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခုလို ပြတ်ပြတ်သားသား အစိုးရဖွဲ့နိုင်လောက်အောင် မဲမရနိုင်ဘူးလို့ ထင်မြင်သူတွေထဲမှာ စာရေးသူလည်း ပါဝင်ခဲ့တယ် ဆိုတာပါပဲ။ အမှန်တော့ ဘာအကြောင်းပြချက်တွေရှိရှိ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခနဲ့ ခံစားချက်အပေါ် မှန်မှန်ကန်ကန် နားမလည်ခဲ့တာကြောင့် ပြည်သူကို အထင်သေးခဲ့တာပါပဲ။ ပြည့်နှလုံးသား ဘယ်မှာတည်နေတာကို မမြင်ခဲ့တာပါဘဲ။

ဒါကြောင့် ဒီဆောင်းပါးကနေ အပြောင်းအလဲရဖို့ ရိုးရှင်းပြတ်သားစွာ လူကိုမကြည့်ဘဲ ပါတီအလံကိုသာကြည့် မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ တိုင်းရင်းသားလူမျိုးအားလုံးကို စာရေးသူရဲ့ အမြင်ေ၀၀ါးမှု၊ ယုံကြည်ချက် နည်းပါးခဲ့မှုတွေအတွက် ခွင့်လွှတ်ပေးဖို့ ရှက်ရွံ့စွာ အနူးအညွတ် တောင်းပန်ချင်ပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေဟာ သူတို့ဘ၀တွေကို ငရဲတွင်းထဲ တွန်းချခဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီး တို့နိုင်ငံမှာ ဘယ်သောအခါမှ တဖန်ပြန်လည် အမြစ်ထွက် ရှင်သန်မလာစေဘို့ လက်နက်ကိုင်ဗိုလ်ကျမှုတွေကို အဆုံးသတ်သွားစေဖို့ အပြီးတိုင် ရှင်းလင်းသုတ်သင်ပစ်နိုင်အောင် မဲပေးခဲ့ကြတာ ထင်ရှားပါတယ်။

ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးယုံကြည်နိုင်တယ်၊ ဘယ်ပါတီဟာ အားထားလို့ရတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါကြောင့်မို့လို့လည်း လူကိုမကြည့်ဘဲ ပါတီအလံကိုသာ ယုံယုံကြည်ကြည် ကြည့်ပြီး ပြည်သူတိုင်းက မိမိပိုင်ဆိုင်ထားတဲ့ မဲတပြားစီကို ထိထိရောက်ရောက် အသုံးချလို့ သူတို့ရဲ့ဆန္ဒကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသခဲ့ကြတာပါ။ အလွန်လေးစားဖို့၊ ဦးညွှတ်အသိအမှတ်ပြုဖို့ကောင်းတဲ့ အသိဉာဏ်ဦးစီးတဲ့ ဆန္ဒပြင်းထန်မှု ပြယုဂ်တခုပါ။

ဒါကိုပဲ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ပြည်သူတွေရဲ့ ရွေးချယ်မှု မှန်မမှန်ဆိုတာကို နောက်နှစ်အနည်းငယ်ကြာမှ သိနိုင်မယ့်သဘော ပြောသွားခဲ့ပါသေးတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေထဲက တချို့ဟာ သူတို့ဖြစ်စေချင်တဲ့ ရလဒ်မဟုတ်ခဲ့တာမို့ ပြည်သူတွေရဲ့ ရွေးချယ်မှုကို ၀မ်းမြောက်ဝမ်းသာ မဖြစ်ကြဘဲ အသိအမှတ် မပြုတဲ့အပြင် ပြည်သူလူထု မဲပေးမှားယွင်းသယောင်၊ ဒီမိုကရေစီ အတွေ့အကြုံ နုနယ်သေးလို့ ပါတီအလံကိုသာ ကြည့်ပေးခဲ့တာလို့ ဝေဖန်ခဲ့ကြတာပါပဲ။

ဒါဟာ ဘာကိုညွှန်ပြနေတာလဲဆိုရင် စစ်အာဏာရှင် အသိုင်းအ၀န်း၊ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့တကွ ဒီမိုကရေစီ အတိုက်အခံ နိုင်ငံရေးအင်အားစု အတော်များများဟာ မိဘပြည်သူတွေကို မှန်မှန်ကန်ကန် နားမလည်သေးဘူး ဆိုတာပါပဲ။

တိုင်းရင်းသား ရဟန်းရှင်လူ မြန်မာပြည်သူတွေက ပါတီအလံကို ရိုးရိုးလေးကြည့် မဲပေးပြခြင်းနဲ့ စာရေးသူအပါအ၀င် အထက်ပါလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါင်းစုံကို အိပ်မက်တွေကနိုးထဖို့ ပုတ်နှိုးခဲ့ပါပြီ။ ကိုယ့်ဥခွံလေးထဲက ထွက်ချိန်ရောက်ပြီ ဆိုတဲ့အကြောင်း ခေါင်းလောင်းထိုးနေတာကိုမှ မကြားချင်ယောင်ပြု၊ မနိုးချင်ယောင် ဆက်ဆောင်နေဦးမယ်ဆိုရင် အလွန်မိုက်မဲရာကြပါလိမ့်မယ်။

မနေ့တုန်းကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကန့်လန့်ကာနောက်ကွယ်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်လိုက်ရပြန်တယ်။

နှစ်ပေါင်း ၃၀ နီးပါး စနစ်တကျ စီမံကိန်းချ စိတ်တိုင်းကျ အသာစီးယူ ကြိုတင်ပြင်ဆင်ပြီးမှ အချိန်ကျလို့ တွေ့တယ်ပြောပြော၊ ရွေးကောက်ပွဲမှာ ထင်သလိုဖြစ်မလာဘဲ မရှုမလှ ရှုံးနိမ့်ခဲ့တာကြောင့် မလွှဲမရှောင်သာတော့လို့ တွေ့ကြတယ်ပြောပြော ဒီတွေ့ဆုံခြင်းဟာ သမိုင်းစာမျက်နှာအသစ်တချပ်ကို ထပ်လှပ်လိုက်တာပါပဲ။

ဒီနေရာမှာ တိုင်းပြည်ကို လမ်းမှန်ပေါ်ရောက်စေလိုတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း အထူးသတိချပ်ရမယ့် အချက် ၅ ချက် ရှိပါတယ်။

စစ်အာဏာရှင်နဲ့ အသိုင်းအ၀ိုင်းကြီး တခုလုံးဟာ …

(၁)  တိုင်းပြည်ရဲ့ ငွေကြေးစီးပွား ဓနအင်အား တခုလုံးနီးပါးကို ဆယ်စုနှစ် ၃ စုနီးပါး စိတ်တိုင်းကျချယ်လှယ် ဗိုလ်ကျ အသာစီးယူထားပြီးပြီဆိုတာ သတိရပါ။

(၂)  ပြင်ဆင်ဖို့ လုံးဝမလွယ်အောင် တမင်ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဥပဒေကြောင်းအရ အခိုင်အမာ အကာအကွယ် ယူထားပြီးပြီဆိုတာ သတိပြုပါ။

(၃)  သူတို့ကိုထောက်ခံဖို့ ဘာသာရေး၊ လူမျိုးရေး၊ ဆိုက်ဝါးတွေသုံးပြီး အတွေးအခေါ် အဆိပ်သင့်နေတဲ့ အသိုင်းအ၀ိုင်းကြီးတခုကိုလည်း မွေးမြူတည်ဆောက်ခဲ့ပြီးပြီ ဆိုတာလည်း သတိရပါ။

(၄) စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ရာထူး၊ လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်ထူးခံခွင့်တွေနဲ့  ဇိကုပ်ချုပ်ကိုင်ထားပြီးပြီဆိုတာ သတိပြုပါ။

(၅)  ကိုယ်ကျင့်သီလနဲ့ စာရိတ္တတွေ အဆုံးမဲ့ ပျက်သုဉ်းနေတဲ့ လူ့ဂျပိုး လူ့အမှိုက်များစွာကို သြဇာအာဏာရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ အဓိကကျတဲ့ နယ်ပယ်အသီးသီးမှာ ကျကျနန နေရာပေး အုပ်စီးစေခဲ့ပြီးပြီဆိုတာ သတိပြုပါ။

ဒါပေမယ့် စစ်အာဏာရှင်တွေဟာ သက်မဲ့သယံဇာတ ရုပ်ဝတ္ထုတွေ၊ စီးပွားဥစ္စာတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်သူအလိုမတူဘဲ မတရားသဖြင့် သိမ်းပိုက်နိုင်ပေမယ့် စနစ်တခုကို ပြောင်းလဲဖို့ အရေးအကြီးဆုံးနဲ့ အဆုံးအဖြတ်ပေးမယ့် ပဓာနအကျဆုံး အကြောင်းတရားကြီး တခုကိုတော့ စစ်အာဏာရှင် အသိုင်းအ၀ိုင်း အပိုင်မစီးနိုင်ခဲ့ပါဘူး။

အဲ့ဒါကတော့ “အမှန်တရားကိုမြတ်နိုးတဲ့ တိုင်းသူပြည်သားတွေရဲ့ နှလုံးသား” ပါပဲ။

အဲ့ဒီလို အခရာကျတဲ့ ပြည့်နှလုံးသားဟာ ဘယ်မှာတည်နေတယ်ဆိုတာ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ကနေ မဲရလဒ် ပြူးပြူးပြဲပြဲနဲ့ အဖြေသိပြီးတာတောင် ဒီမိုကရေစီ အတိုက်အခံအင်အားစု များစွာဟာ ပိုင်ပိုင်နိုင်နိုင် မမြင်နိုင်ခဲ့၊ ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ တချို့ကတော့ အကြောင်းကြောင်းကြောင့် သိနေမြင်နေလျက်နဲ့ မထင်ရှားသယောင် မျက်နှာလွှဲနေကြဆဲပါ။

နိုင်ငံရေးမှာ ရိုးသားမှုကို အခြေမခံဘဲ ဉာဏ်မဦးစီးဘဲ အဂတိတရား ၄ ပါးနဲ့ မိမိအရေး၊ မိမိအဖွဲ့အစည်းအရေး၊ မိမိလူမျိုးအရေး၊ မိမိဘာသာအရေး၊ မိမိယုံကြည်ရာ ၀ါဒအရေး၊ မိမိပါတီအရေးတွေကို ပြည်ထောင်စုကြီးအရေး၊ တတိုင်းပြည်လုံးအရေး၊ ပြည်သူလူထုအရေး စတဲ့ ပဓာနကိစ္စရပ်ကြီးတွေရဲ့ အထက်မှာ ရှေ့တန်းတင်သူတိုင်းဟာ နောက်ဆုံးမှာ သမိုင်းအမှိုက်ပုံထဲ ဇောက်ထိုးဆင်းလို့ ပျက်သုဉ်းခြင်းနဲ့ ဇာတ်သိမ်းရလေ့ရှိတာ သမိုင်းမှာ သာဓက အမြောက်အမြား ရှိပြီးသားပါ။

ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အမြင်မမှန်ရင် ရပ်တည်ချက် မမှန်နိုင်သလို အလုပ်အကိုင်လည်း မမှန်နိုင်ပါဘူး။ ဒါတွေဟာ မြန်မာ့နိုင်ငံရေး ခရီးကြမ်းကို မလိုအပ်ဘဲ ပေးဆပ်ရမှုတွေများပြီး မကြာသင့်တဲ့အချိန်တွေ ပိုကြာလို့ ဇာတ်မနာသင့်ဘဲနာ၊ ဇာတ်မမျောသင့်ဘဲ မျောစေနိုင်ပါတယ်။

ဒီမိုကရေစီ လမ်းမထက်ပေါ် အခြေခိုင်ခိုင်ရပ်လို့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ လျှောက်ရမယ့်လမ်းက အဝေးကြီး ကျန်သေးပါတယ်။ အခုမှ ပိုခက်ခဲတဲ့အပိုင်းကို ချဉ်းနင်းဝင်ရောက်နေတာပါ။

ကဗျာဆရာမောင်ချောနွယ်ပြောတဲ့ ကိုယ်ပိုင်မေးရိုးမရှိဘဲ သူများကို ထိုးကြိတ်ချင်သူတွေကို မဖြစ်မနေ မေးရိုးရှိလာစေဖို့ ၀န်းကျင်ကောင်းတွေ၊ အလေ့အထကောင်းတွေ ဖန်တီးနိုင်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်မြင့် နိုင်ငံရေးခရီးစဉ်ကို အသိတရားရှိရှိ ၀ိုင်းဝန်းအားဖြည့်ကြဖို့ လိုပါတယ်။

ဘယ်တုန်းကမှ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ ဆွေးနွေးအဖြေရှာလေ့ မရှိခဲ့တဲ့ တိုင်းပြည်ဟာ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ပြည်သူတွေ လိုချင်ဆန္ဒ ပြင်းပြနေတဲ့ အပြောင်းအလဲကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ရယူနိုင်ဖို့၊ အပေးအယူ အလျှော့အတင်း လုပ်တတ်ဖို့၊ ညှိနှိုင်းအဖြေရှာတတ်ဖို့၊ ခွင့်လွှတ်တတ်ဖို့၊  ကိုယ့်အမှားကို တာဝန်ယူတတ်ဖို့ သင်ကြားရတော့မှာပါ။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီဖြစ်စဉ်ကြီးကို မလွှဲမသွေ ဖြတ်သန်းရတော့မှာပါ။ တနည်းအားဖြင့်ရေးရရင် အနတ္တသဘောပဲ မဟုတ်လား။ ခွင့်လွှတ်ခြင်းဟာ ရှုံးနိမ့်သွားတာ မဟုတ်ဘူး ဆိုတာနဲ့ ဘယ်လောက် အကျိုးကြီးမားတယ်ဆိုတာ ထင်ရှားစေပါလိမ့်မယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း ပညာဉာဏ်ဦးစီးသော ဆင်ခြင်တုံတရားနဲ့ တော်လှန်ရေးသတိ မြဲနိုင်ကြပါစေ။

မိမိကိုယ်ကို အမြဲတစေ ဝေန်ဖန်ဆန်းစစ် ပြုပြင်ထုဆစ်နိုင်ကြပါစေ။

ပြည့်နှလုံးသား ဆန္ဒအား ဘယ်မှာနားလို့ ဘယ်မှာတည်နေတာ မျက်ခြည်မပြတ်သူတွေ ဖြစ်နိုင်ကြပါစေ။

မွန်မြတ်တဲ့ စေတနာအရင်းခံလို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းမပေါ် ရိုးသားနှိမ့်ချသော စိတ်များနဲ့ မိမိအကျိုး၊ အများအကျိုးကို မျှတစွာ ရယူနိုင်ကြပါစေလို့ ဆန္ဒပြုလျက်။

လေးစားစွာဖြင့်

(မင်းကောင်းချစ်)

ဒီဇင်ဘာလ (၅) ရက် ၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013