DVB Logo
Home
မြန်မာသတင်း
ကော်မရှင်ထံ ကိုယ်စားလှယ်လောင်း ကန့်ကွက်ထားမှု ၄ ခုရှိ
DVB
·
December 9, 2015
ကော်မရှင်ထံ ကိုယ်စားလှယ်လောင်း ကန့်ကွက်ထားမှု ၄ ခုရှိ
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းထားမှု ၄ ခု ရောက်ရှိနေပြီး ဒီထဲ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် နယ်မြေ ၅ က ဦးဇခုန်တိန့်ယိန်းကို အန်အယ်လ်ဒီအမတ်က ကန့်ကွက်လွှာလည်း ပါဝင်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ရွေးကောက်ပွဲ ကျင်းပအပြီး တလကျော်ကြာအချိန်မှာ ကချင်နဲ့ ရှမ်းပြည်နယ်တို့က ကန့်ကွက်လွှာ ၄ စောင် ရောက်ရှိနေပြီလို့  ပြောပါတယ်။

“ပထမတခုက ရှမ်းပြည်နယ် အမျိုးသားနယ်မြေ ၅ မှာ ကန့်ကွက်တာက ပြည်ခိုင်ဖြိုး၊ ကန့်ကွက်ခံရသူက တအာင်းပလောင်အမျိုးသားပါတီက ဦးညီစိန်၊ နောက်တခုက အမျိုးသား ၅ ပဲ၊ ကချင်ပြည်နယ်၊ လျှောက်ထားသူက ဦးစံဝေခေါင်လွမ်း၊ အန်အယ်လ်ဒီပေါ့၊ လျှောက်ထားခံရသူက ဦးဇခုံတိန့်ယိန်း၊ တသီးပုဂ္ဂလက။”

ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်အမှတ် ၁ မှာ အန်အယ်လ်ဒီကိုယ်စားလှယ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို ကန့်ကွက်ထားမှု၊ ရှမ်းပြည်နယ်၊ နမ့်ခမ်းမဲဆန္ဒနယ်အမှတ် ၂ မှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က တအာင်းပလောင်ကိုယ်စားလှယ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၂ ယောက်တို့ကို ကန့်ကွက်ထားမှုတွေလည်း ပါဝင်ပါတယ်။

ကချင်ပြည်နယ်၊ အမှတ် ၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦးက သူတို့ မဲဆွယ်ကာလ အောက်တိုဘာ ၂၂ ရက်မှာ ဦးဇခုံတိန့်ယိန်းနဲ့ သားဖြစ်သူတို့က ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ပစ္စည်းဖျက်ဆီးမှုတွေ လုပ်ခဲ့တာကြောင့် ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားခဲ့တာလို့ ပြောပါတယ်။

“သူတို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းစည်းတွေ စည်းထားတယ်၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ခေါင်းစီးစည်းထားတယ်၊ နောက်ပြီးတော့ နေလဆိုတဲ့ နဖူးစီးတွေ စီးထားတယ်၊ သူတို့က ဟိုဘက်က ရွာတရွာက ပြန်လာကြတာ၊ ကျနော်တို့နဲ့တွေ့တော့ ဘယ်သူ့ခွင့်ပြုချက်နဲ့ လာတာလဲ ဘာလဲဆိုပြီး မပြောမဆိုနဲ့ တခါတည်း လက်တော့တွေ ဗီနိုင်းတွေ ပရိုဂျက်တာတွေ အကုန်လုံး ရိုက်ချိုးဖျက်ဆီးပစ်တယ်၊ လူတွေကိုလည်း လက်သီးနဲ့ထိုး ခြေထောက်တွေနဲ့ ကန်တယ်။”

ဦးဇခုံတိန့်ယိန်းနဲ့ သားဖြစ်သူတို့ အနီးကပ်ညွှန်ကြားချက်နဲ့ လူ ၇၀ လောက်ပါတဲ့ လူအုပ်စုက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီကန့်ကွက်တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ နှစ်ဘက် ကြားနာမှုတွေကို အခုလ ၂၁ ရက်မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကန့်ကွက်လွှာတင်သွင်းသူဟာ ဒုတိယ မဲအများဆုံးရသူဖြစ်ပြီး သူဟာ တရားမဲ့ပြုကျင့်ခံရသူဖြစ်ကြောင်း ကော်မရှင်က ကြားနာစစ်ဆေး တွေ့ရှိရင် ကန့်ကွက်ခံရသူဟာ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရနိုင်ပါတယ်။

ရွေးကောက်ပွဲဥပဒေ နည်းဥပဒေတွေအရ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာအပြီး ၄၅ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းနိုင်တာမို့ ကန့်ကွက်လွှာတင်သွင်းမှု ခုထက်ပိုများလာစရာအကြောင်း ရှိပါသေးတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းသူဟာ အမှုစရိတ် ကျပ် ၅ သိန်း ကော်မရှင်ထံတင်ပြီး ကန့်ကွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013