DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အကြီးကျယ်ဆုံး အကျင့်ပျက်ခြစားမှုများတွင် မြန်မာ ပါဝင်
DVB
·
December 9, 2015
ကမ္ဘာ့အကြီးကျယ်ဆုံး အကျင့်ပျက်ခြစားမှုများတွင် မြန်မာ ပါဝင်
Donate to DVB

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းကို ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှု အဆိုးဆုံး နမူနာပြယုဂ်တွေထဲ တခုအပါအ၀င်အဖြစ် ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှု အစီအစဉ်အဖြစ် ကမ္ဘာ့အကြီးကျယ်ဆုံး အကျင့်ပျက်ခြစားမှုတွေကို ရွေးချယ်ဖော်ပြလိုက်တာပါ။

တီအိုင်အဖွဲ့အနေနဲ့ ကမ္ဘာ့လာဘ်စားမှုကြီးတွေရဲ့ အမည်စာရင်း ပေးပို့ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ဖိတ်ခေါ်ခဲ့ရာ အမှုပေါင်း ၃၉၃ မှု လက်ခံရရှိထားပြီး ဒီကနေ့မှာတော့   ဆန်ကာတင် ရွေးချယ်ထားတဲ့ ၁၅ မှုကို အများပြည်သူသိအောင် ချပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအမှုတွေထဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) တာဝန်ရှိသူတွေရဲ့ လာဘ်စားမှု၊ တူနီးရှားသမ္မတ ဟောင်းဘန်အလီ၊ ယူကရိန်းသမ္မတဟောင်း ဗစ်တာယာနျူကိုဗစ်၊ အီဂျစ်သမ္မတဟောင်း မူဘာရတ်ခ်တို့ရဲ့အဂတိလိုက်စားမှု၊  ပေါ်တူဂီ၊ ဘရာဇီး၊ တရုတ်နဲ့ မြန်မာနိုင်ငံတွေကအကျင့်ပျက်ခြစားမှုတွေကို အဆိုးဝါးဆုံး နမူနာတွေအဖြစ် ရွေးချယ်ဖော်ပြထားပါတယ်။

လန်ဒန်အခြေစိုက် Global Witness အဖွဲ့ရဲ့ အောက်တိုဘာလထုတ် အစီရင်ခံစာမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တခြား နာမည်ဆိုးနဲ့ ကျော်ကြားသူတွေရဲ့ မိသားစုဝင်ပိုင် ကုမ္ပဏီတွေဟာ အဖိုးတန် ကျောက်မျက်တွေကို ကိုယ်ကျိုးအတွက် ထုတ်ယူနေကြပြီး ၂၀၁၄ တနှစ်တည်းမှာ ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုး ကန်ဒေါ်လာ ၃၁ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားတာပါ။

ဧရာမလာဘ်စားမှုကြီးတွေကို အဆင့်မြင့် သြဇာအာဏာရှိသူတွေက ကျူးလွန်နေကြတယ်၊  ဒီလာဘ်စားမှုတွေဟာ လူအနည်းငယ်အတွက်သာ အကျိုးအမြတ်ရရှိစေပြီး လူတဦးချင်းစီနဲ့ လူ့အသိုင်းအ၀ိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေတယ်၊ ကျူးလွန်သူတွေကတော့ အပြစ်ပေးခံရလေ့မရှိဘူးလို့ တီအိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး အများပြည်သူတွေအနေနဲ့ ၂၀၁၅ ဒီဇင်ဘာ ၉ ရက်ကနေ ၂၀၁၅ ထိ ၂ လကြာ မဲပေးတာတွေနဲ့ ဆွေးနွေးတာတွေ လုပ်နိုင်ဖို့ ၀က်ဆိုက် အင်တာနက်စာမျက်နှာ www.UnmaskTheCorrupt.org ဖွင့်လှစ်ပေးထားပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီလမှာတော့ ဒီအမှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ်အရေးယူနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းကို ရွေးချယ်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (တီအိုင်) က ထုတ်ပြန်ထားတဲ့ ၂၀၁၄ အဂတိလိုက်စားမှု အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၅၆ နေရာမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ အတူ ပူးတွဲရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013