DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်ကို ပြည်ထောင်စုလွှတ်တော် ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
December 8, 2015
အန်စီအေစာချုပ်ကို ပြည်ထောင်စုလွှတ်တော် ကန့်ကွက်သူမရှိ အတည်ပြု
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြု  ထောက်ခံလိုက်ပါတယ်။

နိုင်ငံတော်သမ္မတထံက ပေးပို့ထားတဲ့ အန်စီအေစာချုပ်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အမတ် တဒါဇင်ကျော်လောက်က ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ ၂ ရက်ကြာ ဆွေးနွေးပြီးနောက် ခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အန်စီအေစာချုပ်နဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့တဲ့ အင်ဂျန်းယန် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက စာချုပ်ကို အားလုံးက အတည်ပြုသင့်တယ်လို့ ပြောပါတယ်။

“အားလုံးက ဒါက အတည်ပြုသင့်တယ်ပေါ့နော်။ အခု ၈ ဖွဲ့ပဲ လက်မှတ်ထိုးထားပေမယ့် အတည်ပြုသင့်တယ်။ နောက် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတွေအတွက်လည်း အကုန်လုံး လမ်းဖွင့်ထားတယ်။ သူတို့နဲ့လည်း ဆက်လက်ဆွေးနွေးသွားတယ် ဆိုတာမျိုးတွေ ပြောသွားပါတယ်။ နောင်အစိုးရတက်ရင်တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ် ဆိုတာတွေ ပြောသွားပါတယ်။ ပြောပြီးတော့မှ ဒီဟာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရေး သူတို့ သဘောတူထားတဲ့ အပိုဒ် ၂၆ မှာလည်း ပါပါတယ်။ နောက်ပြီးမှ ဒီဟာကို လက်မှတ်ထိုးတာ ၈ ဖွဲ့ဖြစ်ပေမယ့် လက်မှတ်မထိုးသေးတဲ့ လူတွေကိုလည်း ဒီစာချုပ်မူကြမ်းကိုတော့ အကုန်လုံး လက်မှတ်ထိုးထားတယ် ဆိုတဲ့အခါကျတော့ ဒီနေ့တော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်ရှင်။”

အန်စီအေစာချုပ်နဲ့ ပတ်သတ်ပြီး လက်ရှိ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်လိုထပ်မဖြစ်ဘဲ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကို လွှတ်တော်ကိုယ်စားလှယ်တွေက ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြရာ “ကျန်ရှိတဲ့ အဖွဲ့များအတွက်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ စိုးရိမ်မှုမရှိဖို့ တင်ပြလိုပါတယ်။ ၂၀၁၅ ခု နိုဝင်ဘာလ ၁-၃ ရက်နေ့အထိ ပန်ဆန်းမြို့၌ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးသို့ အန်စီအေ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်၊ ရေထိုးခွင့်မရရှိသေးသည့် အဖွဲ့ပေါင်းစုံများ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှ ထုတ်ပြန် သည့် ကြေညာချက်အပိုဒ် ၃မှာ အထွေထွေ ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် ပါဝင်ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဖော်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဖော်ပြထားပါတယ်။ ပန်ဆန်းကြေညာချက်အရ နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုထက် အောင်မြင်အောင် ပိုမိုဆောင်ရွက်နိုင်မည်ဟု ယူဆပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များမှ ထာဝရငြိမ်းချမ်းရေး ရရှိအောင်၊ ထာဝရငြိမ်းချမ်းရေးမှသည် တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေး၊ စည်းလုံးရေး ဆောင်ရွက်နိုင်မည်ဟုလည်း ယူဆပါတယ်” လို့ ပြောသွားပါတယ်။

အန်အယ်လ်ဒီအမတ် ဒေါ်မေ၀င်းမြင့်ကတော့ အန်စီအေစာချုပ်ဟာ တနိုင်ငံလုံး လွှမ်းခြုံမှုမရှိတာ၊ လက်မှတ်ထိုးအဖွဲ့နဲ့ မထိုးတဲ့အဖွဲ့အကြား နားလည်မှုလွဲမှားနိုင်တာနဲ့ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ဖိအားပေးသလို ဖြစ်လာနိုင်တာတွေကြောင့် စာချုပ်မှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်မထိုးခဲ့တာလို့ လွှတ်တော်မှာ မနေ့က ရှင်းလင်းသွားပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013