DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် ကုန်သွယ်ရေး ပိတ်ပင်ကန့်သတ်ချက်အချို့ အမေရိကန် ယာယီရုပ်သိမ်း
DVB
·
December 8, 2015
မြန်မာအပေါ် ကုန်သွယ်ရေး ပိတ်ပင်ကန့်သတ်ချက်အချို့ အမေရိကန် ယာယီရုပ်သိမ်း
Donate to DVB

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ပင်ကန့်သတ်ချက်တချို့ကို ၂၀၁၅ ဒီဇင်ဘာ ၇ ရက်ကနေ ၂၀၁၆ ဇွန် ၇ ရက်အထိ ၆ လကြာ ယာယီ ပယ်ဖျက်ပေးလိုက်ပါတယ်။

မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ စည်းကမ်းချက်တွေအရ  တားမြစ်ထားတဲ့ ပုံမှန် ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပစ္စည်း တင်သွင်းတင်ပို့မှုတွေကို ဆိပ်ကမ်းနဲ့ လေဆိပ်တွေအားလုံးကနေ ပြန်ခွင့်ပြုဖို့ အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ဒီဇင်ဘာ ၇ ရက်နေ့စွဲနဲ့ အထွေထွေခွင့်ပြုချက်လိုင်စင် ထုတ်ပေးလိုက်တာပါ။

ဒီခွင့်ပြုချက်မှာ ပုဂ္ဂလိကတွေ၊ ကုမ္ပဏီတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေ အနေနဲ့ ကုန်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ တခြား ငွေကြေးမဟုတ်တဲ့ ၀န်ဆောင်မှုတွေ မြန်မာနိုင်ငံကို တင်သွင်း၊ တင်ပို့တာတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီခွင့်ပြုချက်လိုင်စင်ဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အုပ်စုတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ တားမြစ်ထားတာနဲ့ မြန်မာ့ကျောက်မျက်တွေ အမေရိကန်ကို တင်သွင်းမှု တားမြစ်ထားတာတွေ အပေါ်မှာတော့ သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒီခွင့်ပြုချက်ဟာ နှစ်နိုင်ငံပို့ကုန်သမားတွေ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အကောင်းဘက် ပြုပြင်ပြောင်းလဲရေးတွေကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အစပျိုး လျှော့ပေးဖို့ ဆောင်ရွက်ချက်လို့ ဆိုပါတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်တဦးချင်းစီကို အထူးပစ်မှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ဆက်လက်ထားရှိဦးမယ်လို့ ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဆိပ်ကမ်းတခုဖြစ်တဲ့ အေးရှားဝေါလ်ကုမ္ပဏီပိုင် ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်ရာမှာ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် အခက်အခဲတွေ့ခဲ့ကြတဲ့ အမေရိကန် ကုမ္ပဏီတွေက ဒီဆိပ်ကမ်း အသုံးပြုမှုနဲ့ဆိုင်တဲ့  ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက စာရေးတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အေရှားဝေါလ်ကုမ္ပဏီဟာ လော်စစ်ဟန်ရဲ့ သားဖြစ်သူ ယခင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးစပ်သူလို့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဖင်လော ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး သူ့ကို အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုမှာ အမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီးနောက် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်နေချိန်မှာ ခုလို ကုန်သွယ်ရေးဆိုင်ရာ သက်သာဖြေလျှော့မှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013