DVB Logo
Home
Lead Story
လူသစ်များသို့ပေးစာ (၃)
DVB
·
December 8, 2015
လူသစ်များသို့ပေးစာ (၃)
Donate to DVB

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက အန်အယ်လ်ဒီပါတီထဲမှာ အရည်အချင်း မြှင့်တင်ရေးတွေ လုပ်ပါတယ်။ လူသစ်တွေကို သင်တန်းတွေ တက်ခိုင်းတာကို မောင်းတယ်လို့ ခေါ်ကြတယ်။ အခု လူသစ်တွေကို ပိုမောင်းပါလိမ့်မယ်။ အင်္ဂလိပ်စာလည်း ပါတယ်။

ကျနော်က အင်္ဂလိပ်စာတော်သူ မဟုတ်ခဲ့ပါ။ ဆယ်တန်းမှာ ၄၇ မှတ်သာရတယ်။ ဆေးကျောင်းမှာ စာအုပ်တိုင်းက အင်္ဂလိပ်လိုချည်းဖြစ်လို့ အတော်ကြိုးပမ်းရတယ်။ မီးလုံးအရောင်နဲ့ ပြောင်ချောနေတဲ့ စာရွက်ကနေ ရောင်ပြန်ဟပ်နေတာကို စိတ်ကတိုရတဲ့အထဲ ရောဂါဗေဒ စာအုပ်ထဲမှာ ဒီရောဂါဟာ အဖြစ်မများတာ မဟုတ်ပါလို့ ရေးတာကို ဖတ်ရတာ အတော် ကသိကအောက် နိုင်ခဲ့တယ်။ နိုင်ငံရေးထဲရောက်တော့ အဲလို စကားနဲ့ အရေးအသားမှာ ဝေ့ဝိုက်တာမျိုးတွေကို သွားလေရာ ကြားရတယ်။ ကိုယ်တိုင်လည်း ပြောတတ်လာတယ်။

မြန်မာပြည်အကြောင်း ဆွေးနွေးတဲ့ပွဲတခုမှာ မြန်မာပြည်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတယောက်နဲ့ တွဲပြောရတော့ သူက စစ်အစိုးရကို ယုံရတာမဟုတ်ဘူး ကောက်ချက်ချတယ်။ ကျနော်က (အိတ်ဇယ်လင်စီ) ရဲ့ ဆွေးနွေးချက်ကို သဘောမတူစရာ  မရှိပါနဲ့ စပြီး ဆွေးနွေးလိုက်တယ်။

အဲလို အင်္ဂလိပ်လို လူကြားထဲပြောနိုင်အောင် ကြိုးစားရတဲ့ ကိုယ်ပိုင်နည်းလေး ရေးပါရစေ။ အိန္ဒိယ-မြန်မာနယ်စပ်ကို စဖြတ်ကျော်ကတည်းက နယ်စပ်မြို့လေးမှာ တာဝန်ကျတဲ့ ရဲအရာရှိနဲ့ အင်္ဂလိပ်လို စပြောရတာပါ။ (မဆလ) ခေတ်မှာ ပညာရေးအားမပေးတာကိုတော့ လူတိုင်းသိကြတယ်။ အင်္ဂလိပ်လို ပြောတာကိုလည်း ရှုတ်ချသေးတာ။ အဲဒီခေတ်မှာ တချို့ကလည်း စကားပြောရင် ယူနဲ့ အိုင်နဲ့ ပြောတဲ့သူတွေက ရှိတာကိုး။ နောက်ကနေ ဗိုလ်ရူးလို့ အပြောခံကြရတယ်။ ဆေးကျောင်းသားဘဝမှာ အင်္ဂလိပ်လိုဆိုလို့ ပါမောက္ခချုပ်နဲ့ ကော်ရီဒါမှာဆုံရင် ဂွတ်တမောနင်းပဲ လုပ်ခဲ့ရပါတယ်။ ဖတ်ရတာသာ အင်္ဂလိပ်လိုချည်း ဖြစ်ပေမယ့် စာမေးပွဲဖြေရင် ကပြားဖြေရတော့ အင်္ဂလိပ်စာ ဘယ်တော်ပါ့မလဲ။

အိန္ဒိယကို ၁၉၉ဝ ဒီဇင်ဘာလကုန် ရောက်ကတည်းက ငါ အင်္ဂလိပ်စကားပြောနိုင်အောင် ဘယ်လိုလုပ်မလဲ နည်းလမ်းရှာပါတယ်။ ဈေးဝယ်ရာ လမ်းသွားရာမှာ သုံးဖို့မဟုတ်ပါ။ ကိုယ့်လာရင်း ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို သူများတွေကို သိအောင် ပြောရမယ်။ မေးရင်ဖြေရမယ်။ ဖြစ်စေချင်တာကို ရေရေလည်လည် ပြောတတ်မှ ဖြစ်တော့မယ်။

အခွင့်ကောင်းတခုကတော့ လမ်းဘေးဆိုင်းဘုတ်တွေပါ။ အားလုံးကို အင်္ဂလိပ်လိုချည်းပဲ ရေးထားတယ်။ အိုက်ဇောမြို့ထဲ သွားစရာရှိတိုင်း လမ်းဘေးက မြင်မြင်သမျှ မသိတဲ့ အင်္ဂလိပ်စာလုံးတိုင်းကို အိတ်ကပ်ထဲက မှတ်စုစာအုပ်လေးမှာ ရေးမှတ်ခဲ့တယ်။ ယာယီနေထိုင်ရာစခန်း ရောက်မှ (ပေါ့ကပ် ဒေရှင်နရီ) ကို လှန်တယ်။ အင်္ဂလိပ်သတင်းစာတစောင်မှာ ဖတ်တယ်။ ပညာတွင်းက နက်ပါတယ်။ စာအုပ်တို့ အဘိဓာန်တို့ ဝယ်နိုင်အောင် မနည်းလုပ်ရတဲ့ဘဝပါ။ (ဂွတ်အင်္ဂလိခ်ျ) ကို စာအုပ်ရော ကက်ဆက်ခွေပါ ယူလာတယ်။ အတူလာသူတွေကို အင်္ဂလိပ်စာသင်ပေးတယ်။ (ဘီဘီစီ)၊ (ဗွီအိုအေ)၊ ရေဒီယိုတွေက သတင်းအတွက်နဲ့ ဘီဘီစီ အင်္ဂလိပ်ပိုင်းကိုတော့ ကိုယ့်ညံ့တဲ့ အင်္ဂလိပ်စာအတွက် နားထောင်ပါတယ်။

တစစနဲ့ တိုးတက်လာပါတယ်။ အကြား၊ စကား နောက် အရေးအသားပါ လုပ်ကြည့်တယ်။ ကွန်ပျူတာ မပေါ်သေးပါ။ ဗလာစာအုပ်က စာရွက်ဆုပ်ပြီး မြန်မာ့နိုင်ငံရေးဆောင်းပါး စရေးတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသမှာ ထုတ်ဝေနေတဲ့ အပတ်စဉ်ဂျာနယ်တခုကို ပို့တယ်။ သဘောကောင်းကြတယ်၊ ထည့်ပေးတယ်။ တပုဒ်မှာတော့ ခံလိုက်ရတယ်။ (ဟော်စ်ပီတယ်လ်တီ) ဧည့်ဝတ်ကျေပွန်မှုကို ကျေးဇူးတင်ကြောင်းရေးတာကို သူတို့က (ဟော့စ်တယ်လ်တီ) လို့ စာရိုက်တော့ ရန်လိုမှုဖြစ်သွားရော။ သဘောကောင်းကြတယ်၊ ပြန်ပြီး ရန်မတွေ့ပါ။

၁၉၉၂ အစကတည်းက ဒေလီကိုရွှေ့နေတော့ ဆိုက်ကားစီးတာ၊ ခရမ်းချဉ်သီး ဝယ်တာကအစ အင်္ဂလိပ်လို ရလာတယ်။ နိုင်ငံရေးကိစ္စတွေကို အင်္ဂလိပ်လို မပြောဆိုရတဲ့နေ့ရယ်လို့ မရှိပါ။ အစည်းအဝေးတွေ၊ အခမ်းအနားတွေ၊ ဆီမီနာတွေ၊ ကွန်ဖရင့်တွေက များမှများ။ အဲဒါနဲ့ အိုးနင်းခွက်နင်းအဆင့်ကနေ တက်လာတယ်။ စကားလည်း ကြွယ်လာတယ်။

နိုင်ငံရေးစကားပြောရာမှာ ဘာသာစကား ကျွမ်းကျင်မှုလိုတယ် ဆိုတာတော့ ပြောစရာမလိုပါ။ ထပ်လိုတာ ရှိသေးတယ်။ စကားပြောကောင်းရင် နားထောင်တဲ့သူများမယ်။ ဖြစ်စေချင်တာကို ပြောတတ်ရင် ဖြစ်လာဖို့ မျှော်လင့်နိုင်တယ်။ ထပ်လိုသေးပါတယ်။ အပြောကောင်းရုံနဲ့တော့ တပွဲတိုးပဲရမယ်။ အချက်ကျကျ ပြောတတ်ရတယ်။ ပရိသတ်ကို သိရမယ်။ အချိန်အခါ ရွေးတတ်ရမယ်။ ကိုယ်ပိုင်အမြင်ကို တင်နိုင်ရမယ်။ အဲတော့ ဆက်ကြိုးစားရတယ်။

ကျနော်တို့တတွေ စစ်အစိုးရလက်အောက်မှာရှိတဲ့ မြန်မာပြည်ကို (အာဆီယံ) အဖွဲ့ဝင်အဖြစ် လက်မခံရေး လုံးပန်းခဲ့ကြတယ်။ ၁၉၉၆ မှာ ဥက္ကဋ္ဌမဖြစ်ရေးလည်း ချကြတယ်။ AIPMC ဖွဲ့ပြီး (အာဆီယံ) နိုင်ငံတွေထဲက တချို့အမတ်တွေနဲ့ လက်တွဲလုပ်ရတယ်။ ဆွေးနွေးပွဲတွေအပြင် ဧည့်ခံပွဲတွေကိုလည်း တက်ရတယ်။ တခါက ထိုင်းနိုင်ငံခြားရေးဝန်ကြီး (ဆူရင် ပစ်ဆဝမ်) နဲ့ ညနေပွဲတခုမှာ မိတ်ဆက်ပေးတော့ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေတဲ့ဘက်ကလို့ ဆိုတော့ အာ့း့ အတော်ခက်တဲ့ အလုပ်ပဲလို့ သူက မှတ်ချက်ပေးတယ်။ အဲဒီစကားကို ကောက်တတ်ရင် မြန်မာစစ်အစိုးရကို ဆန့်ကျင်ရတာ တကယ်ကို ခက်ခဲတာကို ပိုခိုင်မာစေပါတယ်။ (နက်ကတိုင်) မဖြုတ်ကြနဲ့ပေါ့။

နိုင်ငံတကာကွန်ဖရင့်လည်း ပေါင်းစုံတက်ရတယ်။ စကားတွေ ပိုပြောတတ်လာပြီ။ နိုင်ငံတကာအထာလည်း သိလာပြီ။ အသံထွက်ကတော့ ငါးပိသံမပျောက်ပါ။ တချို့ပွဲတွေမှာ လက်တန်းပြောနိုင်လာပါတယ်။ စာကိုလည်း အင်္ဂလိပ်လိုရေးနည်း တိုးတက်အောင် လုံးပန်းရပြန်တယ်။ အိန္ဒိယမီဒီယာကို ကျေးဇူးတင်ရတယ်။ ပို့တာကို ထည့်ပေးပါတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ တတ်အောင်လုပ်ရတာပါ။

အိန္ဒိယ-အင်္ဂလိပ်ကတမျိုး၊ ဗြိတိသျှ-အင်္ဂလိပ်က တမျိုး၊ အမေရိကန်-အင်္ဂလိပ်ကတမျိုး။ အိန္ဒိယမှာ အနေကြာသွားသူတွေ အင်္ဂလိပ်စာ တော်လာကြပါတယ်။ ဒါပေမယ့် အတော်များများ အိန္ဒိယ-အင်္ဂလိပ်ကို စွဲသွားကြတာကို သတိထားမိတယ်။ အသံထွက်သာမဟုတ် အသုံးအနှုန်းပါ ဆင်တူ ယူမိလိုက်ကြတယ်။ ကျနော်ကတော့ အိန္ဒိယ-အင်္ဂလိပ်ရော မြန်မာ-အင်္ဂလိပ်ကိုပါ မယူပါ။

နိုငံရေးအင်္ဂလိပ်စာမှာ မီဒီယာသုံး၊ သံတမန်သုံး၊ ပညာရှင်သုံး သီးခြားစီရှိပြီး ကျနော်တို့က တမျိုးသုံးရတယ်။ ကျနော်တို့ ဆိုတာမှာလည်း တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပါတီကို ကိုယ်စားပြု စကားပြောကြရသူ မတူကြပါ။ စကားလုံး ရွေးကြရတယ်။ သံတမန်တွေက ယဉ်ကျေးတာ၊ မရေရာတာကို ရွေးပြောကြတယ်။ သွယ်ဝိုက်ပြောကြတယ်။ မီဒီယာသမားတွေကတော့ နားထောင်တဲ့သူ မျက်လုံးပြူး၊ ပါးစပ်ဟောင်းလောင်း ဖြစ်စေတာမျိုး ကြိုက်ကြတယ်။ နိုင်ငံရေးသမားတွေထဲမှာလည်း ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးအရ မတူကြပြန်ပါ။ ကိုယ့်စတိုင်နဲ့ ကိုယ်ပါပဲ။

ဒေလီမှာရှိတဲ့ (ဂျေအင်ယူ) တက္ကသိုလ်မှာ ခဏခဏ ပြောရပါတယ်။ တခါတလေ အိန္ဒိယအစိုးရ လုပ်တာကို အလိုမကျရင် အပြစ်တင်စကားတွေကိုချည်း ပြောမိတော့ ရင်းနှီးတဲ့ ပါမောက္ခတွေကို အားနာရမှန်းမသိတဲ့ အမှားမျိုး ကျူးလွန်ခဲ့ဖူးတယ်။ စကားလုံးအပြင် ပရိသတ် ရွေးပြောသင့်တဲ့ အင်္ဂလိပ်စာကိုပါ ကြိုးစားရပါတယ်။

နောက်ပိုင်းမှာ အင်္ဂလိပ်မီဒီယာပါ ဝင်တိုးလာရတယ်။ ဒေလီအခြေစိုက် တီဗွီတွေအပြင် လန်ဒန်အခြေစိုက်တီဗွီ၊ ဒိုဟာအခြေစိုက်တီဗွီ စသဖြင့်တွေကနေ ခေါ်ကြပါတယ်။ ၂ဝဝ၇ သံဃာတော်အရေးအခင်းတုန်းကဆိုရင် စတူဒီယိုတွေကို လှည့်ပြေးနေရတယ်။ အဆာပြေအစာကို တက္ကစီပေါ်မှာသာ စားရတယ်။ မြို့တကာလည်း လှည့်ပြောရ ဟောရတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့လည်း မထူးဘူး။ (အင်ဒီ-တီဗွီ) ကတော့ ကျနော်နေတဲ့အိမ်အထိ စလောင်းဝိုင်းကြီး အမိုးပေါ်တင်ထားတဲ့ ကားနဲ့ တီဗွီ အင်တာဗျူး လာလုပ်တယ်။ အရပ်ထဲကလူတွေ ဘောလိဝုဒ်ရုပ်ရှင်ရိုက်တာ မှတ်နေကြတယ်။

ကြွားသလိုဖြစ်နေတာကိုတော့ နားလည်ပေးကြပါ။ အဲလို ကိုယ့်နိုင်ငံအကြောင်း စကားမတူသူတွေကို သိစေအောင် ပြောပြနိုင်ဖို့ရာ ဆယ်တန်းမှာ အင်္ဂလိပ်စာကို အောင်မှတ်သာရခဲ့သူ ဘယ်လို အဆင့်ဆင့်ကြိုးစားရသလဲဆိုတဲ့ သင်ခန်းစာလေးကို ရေးတာပါ။ အင်္ဂလိပ်စာကို မွှတ်နေအောင် ပြောတတ်ရုံနဲ့ မပြီးတာကိုပါ သိစေလိုပါတယ်။

ကြိုးစားရတယ်ဆိုတာ နိစ္စဓူဝအလုပ်ပါ။ အခု နေရာသစ်ကို ရောက်ပြန်ပြီ။ အမေရိကန်အင်္ဂလိပ် အစစ်နဲ့ နပန်းလုံးရပါပြီ။ လေ့လာလို့ မကုန်နိုင်ပါ။ လူသစ်တွေကို အားပေးတယ်။ အရွယ်မကြီးသေးသူတွေက ပိုပြီး သွက်လက်ကြတယ်။ ပိုပြီး ထက်မြက်ကြတယ်။ အမတ်တွေမှ မဟုတ်ပါ၊ မဲပေးသူတွေလည်း ကြိုးစားကြပါဗျာ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013