DVB Logo
Home
Lead Story
ဖက်ဒရယ်နဲ့ပတ်သက်လို့ ပြည်သူဆုံးဖြတ်ချက်အတိုင်းလုပ်မယ် - ရဲဘော်ဖိုးသံချောင်း
DVB
·
December 8, 2015
ဖက်ဒရယ်နဲ့ပတ်သက်လို့ ပြည်သူဆုံးဖြတ်ချက်အတိုင်းလုပ်မယ် - ရဲဘော်ဖိုးသံချောင်း
Donate to DVB

မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ထင်ရှားခဲ့ပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၉၀ ပြည့်နှစ်ပိုင်း ကာလတလျှောက်ကစလို့ မြေအောက်ပါတီအဖြစ် လှုပ်ရှားနေပါတယ်။

ရွေးကောက်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မြေပေါ်နိုင်ငံရေး လုပ်တော့မှာလား၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ သဘေထားတွေနဲ့ ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရသူ ရဲဘော် ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီက တရားဝင်နိုင်ငံရေးပါတီအဖြစ် မြေပေါ်မှာရပ်တည်ဖို့ အလားအလာနဲ့ ဘယ်တော့မှတ်ပုံတင်မလဲ။

“ကျနော်တို့ ပထမဆုံး ပြောသင့်တာက ဗမာပြည်ကွန်မြူနစ်ပါတီကို အစိုးရက တရားမ၀င် မတရားအသင်းပါတီအဖြစ် ကြေညာထားပါတယ်။ အဲဒီဥပဒေ တည်ရှိနေသေးသရွေ့ ကျနော်တို့ မြေပေါ်တက်လို့ မရသေးပါဘူး။ တက်ရင်ဖမ်းမှာပါ။ နောက်ပြီးကျတော့ ကျနော်တို့က ကဲ ဥပဒေဖျက်ပါတယ်လို့ လုပ်လိုက်ရော၊ လုပ်လိုက်လို့ တက်သွားပြီးတဲ့နောက် ပါတီတွေ၊ ဘာတွေ ထောင်ပြီးတဲ့နောက်ကျမှ အာဏာသိမ်းတယ်ဟ ဆိုပြီးတော့ အကုန်လုံး သိမ်းကြုံးဖမ်းလိုက်ရင် မျိုးဆက်ပါ ပြုတ်သွားမှာ။ ကျနော်တို့ အဲဒါတွေ ဘာတွေလည်း စဉ်းစားရပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မလောပါဘူး။ အခြေအနေတွေ စောင့်ကြည့်ချင်ပါတယ်။"

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီရခဲ့ခြင်းက  မတရားအသင်း ကြေညာထားတာတွေ ဖျက်သိမ်းရေးတို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပတ်သက်လို့  ဘယ်လို မျှော်မှန်းတွက်ချက်ပါသလဲ။

“ကျနော်တို့ကတော့ ဘယ်သူ့အပေါ်မှ ပုံပြီး မျှော်မှန်းထားတယ်တော့ မရှိပါဘူး။ ဒါပေမယ့် တကယ် တော်တည့်ဖြောင့်မတ်တဲ့ အစိုးရတရပ် ဆိုလို့ရှိရင် ဒီဟာကို ပထမဆုံး ဖြေရှင်းရမှာပေါ့။ ဒီမိုကရေစီကို တကယ်စစ်စစ်မြတ်နိုးတဲ့ အစိုးရတခု ဆိုလို့ရှိရင် ဒီဥပဒေကို ဖျက်သိမ်းရမှာ။ အဲဒီလိုပဲ ယူဆပါတယ်။"

အနိုင်ရပါတီ အန်အယ်လ်ဒီကရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေကရော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်လို့ မျှော်မှန်းကြောင်း ထုတ်ပြန်ကြပါတယ်။ ကွန်မြူနစ်ပါတီရဲ့ သဘောထားကို ပြောပြပါ။

“ကျနော်တို့သဘောထားက ဖက်ဒရယ်နဲ့ ပတ်သက်လို့ရှိရင် တတိုင်းပြည်လုံး တသဘောထားအရပဲ ကျနော်တို့ လက်ခံလုပ်မှာ ဖြစ်ပါတယ်။ တတိုင်းပြည်လုံး သဘောထားကို အရင်ကောက်ယူတာ၊ နားလည်ယူတာ၊ အဲဒါ လုပ်ကြရမယ်လို့ ထင်ပါတယ်။ တိုင်းပြည်က ဆုံးဖြတ်တဲ့အတိုင်း၊ ပြည်သူလူထုက ဆုံးဖြတ်တဲ့အတိုင်း ကျနော်တို့ လုပ်မှာဖြစ်ပါတယ်။”

တရားဝင် မြေပေါ်တက်လို့ မရသေးပေမယ့် ကွန်မြူနစ်ပါတီဝင်တွေရဲ့ အင်အားစုစည်းမှုက ဗမာပြည်ထဲမှာရော၊ နေရာအနှံ့က အားကောင်းတုန်းပဲလား၊ ပြင်ဆင်ထားတာရှိလား။

“အဲဒီဟာကတော့ ကျနော်တို့ပါတီက မြေအောက်ပါတီ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ အဲဒါကတော့ ကျနော်တို့ ပြောခွင့်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ပါတီတည်တန့်ရေးနဲ့ ပါတီလုပ်ငန်းပဲ ဆက်လက်အကောင်အထည်ဖော်ရေး အတွက်ကတော့ ကျနော်တို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ကိုယ့်သက်ဆိုင်ရာ အခန်းကနေပြီးတော့ အရင်လိုပဲ အားကြိုးမာန်တက် ကြိုးစားလျက်ရှိကြောင်းပါ။”

မြန်မာနိုင်ငံမှာ အနိုင်ရပါတီခေါင်းဆောင်က သမ္မတ၊ ကာချုပ်၊ ဦးရွှေမန်း၊ ဦးသန်းရွှေတို့နဲ့ တွေ့ဆုံမှုတွေအပေါ်မှာ အန်ကယ်တို့ ဘယ်လိုအကဲခတ်လဲ။

“ကျနော်တို့ စောင့်ကြည့်ချင်ပါသေးတယ်။ ကျနော်တို့အမြင်ကတော့ နည်းနည်း ထူးဆန်းနေတယ်လို့ မြင်ပါတယ်။ အဲဒီလောက်ပဲ ပြောပါရစေ။”

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနိုင်ရပါတီက ဦးဆောင်မယ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း အလွှာပေါင်းစုံ ပါဝင်ရမယ့် အခြေအနေမျိုးတွေ ဆိုတော့လေ၊ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း တချိန်တုန်းက ပါတီကြီးဆိုတော့ အားလုံးပါဝင်ရေးဆိုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အန်ကယ်တို့ရဲ့ဆန္ဒက ဘယ်လိုရှိပါသလဲခင်ဗျာ။

“ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုချက်က ကျနော်တို့ ၁၉၅၀ ခုနှစ်များ  အစောပိုင်းကတည်းက ကျနော်တို့ပါတီက တင်ခဲ့တဲ့ တောင်းဆိုချက်ပါ။ အဲဒီတောင်းဆိုချက် လုပ်ဆောင်မှု မှန်သမျှကို ကျနော်တို့ တတ်နိုင်တဲ့အခန်းက ပါဖို့ရအောင် ကြိုးစားပါတယ်။ ပါနိုင်လို့ရရင်လည်း ပါမှာဖြစ်ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ အခြေခံမူဖြစ်ပါတယ်။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013