DVB Logo
Home
Lead Story
ကမ္ဘာပေါ်က လူသားအားလုံးအတွက် အားကျစရာအလှူ
DVB
·
December 7, 2015
ကမ္ဘာပေါ်က လူသားအားလုံးအတွက် အားကျစရာအလှူ
Donate to DVB

ကမ္ဘာကျော် ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာကြီးရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မတ်ခ် ဇတ်ခါးဘတ်ဂ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဖရစ်ဆီလာချန်းတို့က သူတို့ရဲ့ ပထမဆုံး သမီးဦး ရတနာလေး မက်ဆ်ခ် မွေးဖွားလာမှုအတွက် ၀မ်းမြောက်ဂုဏ်ယူတဲ့ အထိမ်းအမှတ်နဲ့ သူတို့ပိုင်ဆိုင်ထားရှိတဲ့ ဖေ့စ်ဘွတ်ခ် ရှယ်ယာတွေရဲ့ ၉၆ ရာခိုင်နှုန်းကို ပြည်သူလူထု အကျိုးပြု  အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပစ်မယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ ဖေ့စ်ဘွတ်ခ် ရှယ်ယာအစုဟာ ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ တန်ဖိုးရှိတယ်လို့ ဇတ်ခါးဘတ်ဂ်က ဆိုပါတယ်။ ဒါပေမယ့် ဒီငွေကြေးလှူဒါန်းမှုကို ချက်ချင်းလုပ်မှာတော့ မဟုတ်သေးပါဘူး။

စတော့ခ်ရှယ်ယာနဲ့ အလဲအလှယ် ကော်မရှင်က သူတို့ရဲ့ ဥပဒေကြောင်း မှတ်တမ်းမှတ်ရာတွေအရ အမှုဆောင်အရာရှိချုပ်ဟာ “ရောင်းချ ဒါမှမဟုတ် ပေးကမ်း” တာမျိုးကို နှစ်စဉ်နှစ်တိုင်း ၁ ဘီလျံ ထက်မပိုတဲ့ တန်ဖိုးရှိတဲ့ စတော့ခ်တွေကို နောက် ၃ နှစ်တာကာလ အတွင်းမှာ နှစ်စဉ် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဆိုပါတယ်။

စတော့ခ်ရှယ်ယာနဲ့ အလဲအလှယ် ကော်မရှင်က ဇတ်ခါးဘတ်ဂ်က ဒီငွေတွေကို ချန်းဇတ်ခါးဘတ် အင်နီရှေ့တစ်ကို ပေးအပ်သွားမှာဖြစ်ပြီး အဲဒီအဖွဲ့က ပိုင်ဆိုင်ထားတဲ့ ဘယ်ရှယ်ယာ အခွင့်အရေးတွေအတွက်ပဲဖြစ်ဖြစ် မဲပေးခွင့်ကို သူက ဆက်ပြီး ထိန်းချုပ်ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ချန်းဇတ်ခါးဘတ် အင်နီရှေ့တစ်ဟာ “လူသားစွမ်းအား တိုးတက်ရေးနဲ့ အားလုံးအတွက် တန်းတူညီမျှရေးကို မြှင့်တင်ပေးရေး” ကို ဦးတည် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူ့သမီးငယ်လေးကို လိပ်မူရေးထားတဲ့ သူ့ရဲ့စာတစောင်မှာ တွေ့ရပါတယ်။ အင်နီရှေ့တစ်ရဲ့ ပထမ အဓိက အလေးထားတဲ့ နယ်ပယ်တွေကတော့ ပညာရေး၊ ရောဂါကုသရေးနဲ့ လူမှုဆက်စပ်ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။

“ကျနော်တို့က ဒီနယ်ပယ်တွေမှာ လုပ်ကိုင်ဆောင်ရွက်နှင့်ခဲ့ကြပြီးသူတွေရဲ့ ရင်းမြစ်တွေနဲ့ ပါရမီရှင်တွေနဲ့စာရင်တော့ ဒါဟာ သေးမွှားတဲ့ ငွေကြေးပမာဏလေးပဲဆိုတာ ကျနော်တို့သိပါတယ်။” လို့ ဇတ်ခါဘတ်ဂ် ရေးသားခဲ့ပါတယ်။ “ဒါပေမယ့် ကျနော်တို့က ကျနော်တို့လုပ်နိုင်တာကိုတော့ လုပ်ချင်တယ်လေ၊ တခြား အများသူငါတွေနဲ့ တွဲပြီးတော့ပေါ့ဗျာ” လို့လည်း ပြောပါတယ်။

ဇတ်ခါဘတ်ဂ်က သူနဲ့ သူ့ဇနီး ၂ ယောက်ဟာ ယူထားတဲ့ မိဘခွင့် ၂ လက ပြန်လာတာနဲ့ ပိုပြီး တိတိကျကျ  ချပြဖို့ သူ့မှာ အစီအစဉ် ရှိပါတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့လကတည်းက သူဟာ မိဘခွင့် ၂ လယူဖို့ စီစဉ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိချုပ်က သူပိုင်ဥစ္စာဓနတွေရဲ့ များပြားလှတဲ့ ပမာဏကို လှူုဒါန်းဖို့ ဆုံးဖြတ်လိုက်တာဟာ မိုက်ကရိုဆော့ဖ် တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်က သူ့ကလေးတွေဟာ သူ့ရဲ့ များပြားတဲ့ ကုမ္ပဏီပိုင်ဆိုင်မှုတွေရဲ့ အလွန်နည်းပါးတဲ့ ပမာဏကိုပဲ အမွေဆက်ခံခွင့်ရမယ်လို့ ပြောပြီး လူထုအကျိုးပြု အဖွဲ့တွေကို ဒေါ်လာ ၂၈ ဘီလျံ လှူဒါန်းဖို့ ဆုံးဖြတ်အပြီးမှာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ သမီးကလေး မက်ဆ်ခ် မွေးဖွားအပြီးမှာ သူတို့ချမ်းသာသမျှ အားလုံးလောက် နီးပါးဖြစ်တဲ့ အကြမ်းဖျင်း ဒေါ်လာ ၄၅ ဘီလျံလောက်ကို ကမ္ဘာမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လှူဒါန်းသွားမယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့ ၂ ယောက်က သူတို့ဘ၀ သက်တမ်းအတွင်းမှာ သူတို့ပိုင်ဆိုင်မှုရဲ့ အနည်းဆုံး တ၀က်ကို ပေးကမ်းလှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကတိပေး ပြောကြားခဲ့တာဖြစ်ပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြပြောဆိုထားတာ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ သီတင်းပတ်မှာတော့ အံ့မခန်း များပြားလှတဲ့ငွေတွေကို လှူဒါန်းပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အလွန်ရက်ရောတဲ့ ပေးကမ်းလှူဒါန်းမှုတခုလို့ ပြောရမှာပါပဲ။

“တခြားမိဘတွေ အားလုံးလိုပဲ ကျနော်တို့က သူတို့လေးတွေကို ဒီကနေ့ရှိနေတဲ့ ကျနော်တို့ ကမ္ဘာလောကထက် ပိုပြီးကောင်းမွန်တဲ့ လောကတခုမှာ ကြီးပြင်းလာစေချင်ပါတယ်” လို့ အသက် ၃၁ နှစ်အရွယ် ထင်ရှားကျော်ကြားတဲ့ လူမှုမီဒီယာပိုင်ရှင်နဲ့ သူ့ဇနီးတို့က သူတို့ရဲ့ သမီးကလေးအတွက် စာမှာရေးသားထားခဲ့ပါတယ်။ အဲဒီစာကိုလည်း ဖေ့စ်ဘွတ်ခ်မှာ တင်ပေးထားခဲ့ပါတယ်။

အကျိုးအမြတ်မယူတဲ့ စွမ်းဆောင်မှုထိရောက် ပရဟိတလုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဖီးလ် ဘူချာနန်ကတော့ “ဒါဟာ တကယ့်ကို မယုံနိုင်စရာ အထင်ကြီး  လေးစားလောက်ပြီး ပမာဏအရ ကျနော်တို့ တွေ့မြင်ဖူးခဲ့တာတွေကို ညှိုးမှိန်သွားစေလောက်အောင်ကို များပြားကြီးမားတဲ့ ပေးကမ်းလှူဒါန်းမှုပါပဲဗျာ” လို့  ပြောကြားခဲ့ပါတယ်။

နှိုင်းယှဉ်မှုအရ ပြောမယ်ဆိုရင် ဘီလ်နဲ့ မလင်ဒါဂိတ် ဖောင်ဒေးရှင်းနဲ့ သူတို့မိတ်ဆွေ မိုက်ကရိုဆော့ဖ် တည်ထောင်သူတဦးဖြစ်တဲ့ ဝေါရင်းဘူးဖက်တို့က ဒေါ်လာ ၄၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ ငွေပဒေသာပင်တခုကို လှူဒါန်းထားတာ တွေ့ရပါတယ်။

တကယ်တော့ လူမှုရေးရာကိစ္စတွေကို ကိုင်တွယ်တဲ့ ကုမ္ပဏီတွေမှာ ငွေရင်းနှီးမြှုပ်နှံတဲ့ အယူအဆဟာ အသစ်တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အထူးသဖြင့် နည်းပညာလောက က ပရဟိတသမား လူငယ်မျိုးဆက်သစ်တွေ ကြားမှာတော့ အများကြီး ပိုပြီး လက်ခံလာကြတယ်လို့ ဆိုရပါလိမ့်မယ်။

ဇတ်ခါးဘတ်ဂ်ဟာ အရင်က လူထုရေးရာ မူဝါဒတွေအပေါ်မှာ သြဇာသက်ရောက်မှုရရှိဖို့ စိတ်ဝင်စားမှု ပြသခဲ့ဖူးပါတယ်။ သူက တခြား နည်းပညာနယ်ပယ်က ထင်ရှားတဲ့သူတွေကို FWD us လို့ ခေါ်တဲ့ အုပ်စုတခုဖွဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့က လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဆိုကို မြှင့်တင်ပေးဖို့ ကွန်ဂရက် ကိုယ်စားလှယ်လောင်းတွေကို အလှူငွေပေးအပ်ပြီး စည်းရုံးခဲ့တာပါ။ ဒါပေမယ့် အဲဒါဟာ မအောင်မြင်တဲ့ အားထုတ်မှုတခု ဖြစ်သွားခဲ့ပါတယ်။ ခု အားထုတ်မှုအသစ်မှာ ဆွဲဆောင်စည်းရုံးမှုအပေါ် ဘယ်လောက်များများ သုံးစွဲမလဲဆိုတာပေါ် မူတည်ပြီး ဒီကနေ့ နိုင်ငံရေးပေါ်မှာ ငွေကြေးရဲ့ သြဇာသက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းသစ်တွေ ထုတ်စရာ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

ဇတ်ခါဘတ်ဂ်နဲ့ ချန်းတို့က သူတို့သမီးလေးအတွက် ရေးတဲ့စာမှာ သူတို့ရဲ့ ရည်မှန်းချက်ကို “လူသားစွမ်းအားကို တိုးတက်အောင်လုပ်ဖို့နဲ့ တန်းတူညီမျှမှုကို မြှင့်တင်ပေးဖို့ပါ” လို့ ဖော်ပြထားပြီး “ကျနော်တို့ ရေရှည် ရင်းနှီးမြှုပ်နှံမှုကို နှစ်ပေါင်း ၂၅ နှစ်၊ နှစ် ၅၀ ဒါမှမဟုတ် နှစ် ၁၀၀ တောင် လုပ်ရပါလိမ့်မယ်။ အကြီးမားဆုံး စိန်ခေါ်ချက်တွေဟာ ကာလရှည်ကြာ အမြင်ရှိဖို့ လိုပါတယ်။ ရေတိုအမြင်နဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး” လို့လည်း သူတို့က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အေပီသတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဇတ်ခါဘတ်ဂ်က “ကျနော်က ဖေ့စ်ဘွတ်ခ်အတွက် အချိန်ပြည့် အလုပ်ရှိပါတယ်” လို့ သူတို့ရဲ့ ပရဟိတအလှူကိစ္စကို ဖြေကြားရင်း

ပြောခဲ့ပါတယ်။ “ကျနော်က အဲဒါကို အချိန်အကြာကြီး ဆက်လုပ်နေဦးမှာပါ” လို့လည်း ဆက်ပြောခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ပူးတွဲတည်ထောင်သူဟာ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တယောက်ပါ။ သူနဲ့ ကလေးအထူးကု ဆရာဝန်တယောက်ဖြစ်တဲ့ အသက် ၃၀ အရွယ် ချန်းတို့ဟာ အရင်ကလည်း နယူးယောက်နဲ့ နယူးဂျာဆီက အစိုးရကျောင်းတွေကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပြီး ဆန်ဖရန်စစ္စကိုဘေးဒေသက ဆင်းရဲသားရပ်ကွက်တွေအတွက် ဒေါ်လာ သန်း ၁၂၀ ပေးအပ်လှူဒါန်းထားခဲ့ပါတယ်။ ချန်း ဆေးပညာသင်ယူခဲ့တဲ့ ဇတ်ခါးဘတ်ဂ် ဆန်ဖရန်စစ္စကို အထွေထွေဆေးရုံကြီးကိုလည်း ဒေါ်လာ ၇၅ သန်း ပေးအပ်လှူဒါန်းထားခဲ့ပါတယ်။

ကျနော် အထက်မှာ တင်ပြခဲ့သလို ဒီကနေ့ လူငယ် နည်းပညာရှင်တွေက ပရဟိတ လုပ်ငန်းရပ်တွေမှာ ငွေရင်းနှီးမြှုပ်နှံလာကြ၊ ပေးကမ်း လှူဒါန်းလာကြတာဟာ အများစုက ဆင်ရဲနွမ်းပါး ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေရတဲ့ ကမ္ဘာကြီးမှာ အလွန် ၀မ်းသာ ကျေနပ်စရာ ကောင်းတယ်လို့ ပြောရမှာပါပဲ။

ဒါပေမယ့် အများပြည်သူ ကောင်းစားရေးအတွက်ပဲဆိုဆို ဖြစ်စေချင်တဲ့ အရာတွေအတွက် နိုင်ငံရေးမှာ ငွေရဲ့ အရှိန်သြဇာကို အသုံးပြုလာတာကတော့ အလွန်သတိထားရမယ့်ကိစ္စ ဖြစ်ပါကြောင်း။     ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013