DVB Logo
Home
မြန်မာသတင်း
ဒေါ်စုစုနွေးကို လွန်ခဲ့တဲ့တနှစ်ကျော်က ဆန္ဒပြမှုဖြင့် ပြင်ဦးလွင်ရဲစခန်းက ဖမ်းဆီးတရားစွဲဆို
DVB
·
December 7, 2015
ဒေါ်စုစုနွေးကို လွန်ခဲ့တဲ့တနှစ်ကျော်က ဆန္ဒပြမှုဖြင့် ပြင်ဦးလွင်ရဲစခန်းက ဖမ်းဆီးတရားစွဲဆို
Donate to DVB

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ဆန္ဒပြမှုနဲ့ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးကို ပြင်ဦးလွင်ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ပြင်ဦးလွင်ရှိ ဧဒင်ခန်းမမှာ မနေ့ကပြုလုပ်တဲ့ တောင်သူလယ်သမားအရေး ဆွေးနွေးပွဲအပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေါ်စုစုနွေးရဲ့ခင်ပွန်း ဦးမာကီးက ပြောပါတယ်။

“လွန်ခဲ့တဲ့ တနှစ်ခွဲကျော်က လယ်ယာမြေ သိမ်းခံရတဲ့ တောင်သူလယ်သမားတွေရယ်၊ ကုမ္ပဏီတွေဘက်ကနေပြီးတော့ မတရားသိမ်းတယ်။ မူလလယ်ပိုင်ရှင်တွေကိုလည်း ကြိုးနဲ့တုတ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေနဲ့အတူ မစုစုနွေးက ဦးဆောင်ပြီး ဆန္ဒပြခဲ့တယ်။ အဲဒီ ဆန္ဒပြခဲ့တဲ့ဥစ္စာကို ပြင်ဦးလွင်ကို ရောက်တုန်းက ဖမ်းဆီးရေးယူတာပေါ့။”

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးကို ပြင်ဦးလွင်ရဲစခန်းက ခွင့်ပြု ချက်မရှိဘဲ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

လွန်ခဲ့တဲ့တနှစ်ကျော်က ဆန္ဒပြမှုမှာ ပြင်ဦးလွင်ကို အခေါက်ခေါက် သွားရောက်ခဲ့ပေမယ့် အခု အစိုးရအပြောင်းအလဲရှိမယ့် အချိန်ကျမှ ဖမ်းဆီးတဲ့ပေါ် သံသယဖြစ်မိတယ်လို့လည်း ဦးမာကီးက ပြောပါတယ်။

“တနှစ်ကျော်အတွင်းမှာ မစုစုနွေးက ပြင်ဦးလွင်ကို အခေါက်ခေါက်အခါခါ လာခဲ့တာရှိတယ်။ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး။ အစိုးရလည်း အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတဲ့ အချိန်ကျမှ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ ဥစ္စာကို ဒါ မရိုးသားဘူးလို့ ထင်တယ်။ ဒီအမှုတွေကို နောက်တက်လာမယ့် အစိုးရသစ်လက်ထဲကို အပါမခံဘဲနဲ့ ဒီအစိုးရလက်ထဲမှာပဲ ဒါကျိန်းသေတယ်။ တရားဥပဒေစိုးမိုးမှုမဲ့ခြင်း၊ တရားရုံးတွေမှာ ဘာမှ မျှတမှုမရှိဘဲ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အပြီးပြတ် အတင်းတွန်းပြီး လုပ်နေတဲ့ပုံစံရှိတယ်။ ဆန္ဒပြတဲ့လူတွေကို ဖမ်းတယ်။ ဘာကြောင့် ဆန္ဒပြတယ်ဆိုတဲ့အပေါ်မှာ စုံစမ်းမေးမြန်းခြင်းလည်း မရှိဘူး။ အရေးယူဆောက်ရွက်ခြင်းလည်း မရှိဘူး။ ဆိုတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုမဲ့ခြင်းဟာ တော်တော် အဆုံးစွန်ရောက်တဲ့အထိ ကျဆုံးနေတယ်လို့ ပြောလို့ရတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာလည်း လယ်သမားနဲ့ တပ်အကြား ပဋိပက္ခဖြစ်မယ့် အခြေအနေကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုကာ တရားစွဲဆိုခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ညောင်လေးပင်မြို့ကနေအပြန် ဒေါ်စုစုနွေးကို ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီးပြီး ပဲခူးထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။

သြဂုတ် ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့ပြီး သူ့ချုပ်ရက်တွေ ထုတ်နုတ်ခံစားစေဆိုတဲ့အတွက် ပြန်လွတ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013