DVB Logo
Home
Lead Story
တွေ့ဆုံဆွေးနွေးမှုတွေက အကောင်းဘက်ကို ဦးတည်နေပြီလား - အမြင်သဘောထား
DVB
·
December 6, 2015
တွေ့ဆုံဆွေးနွေးမှုတွေက အကောင်းဘက်ကို ဦးတည်နေပြီလား - အမြင်သဘောထား
Donate to DVB

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ နေအိမ်မှာ ဗိုလ်ချုပ်မှူးကြီးနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းဟာ ဒီဇင်ဘာ ၅ ရက်န့မှာ ပျံ့လွင့်လို့ လာပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူက သူ့အင်တာနက်စာမျက်နှာက သတင်းထုတ်ခဲ့သလို အဖွဲ့ချုပ်တာဝန်ရှိသူတွေကလည်း တွေ့ဆုံတာ ဟုတ်မှန်ကြောင်း မီဒီယာတွေကို ပြောခဲ့ပါတော့တယ်။

တဆက်တည်း အနာဂတ်တိုင်းပြည်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာကို အားလုံး လက်ခံကြရမယ်လို့ ဗိုလ်ချုပ်မှူးကြီးဟောင်းက ပြောလိုက်တယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။

တဖက်မှာလည်း လက်ရှိသမ္မတ ဦးသိန်းစိန်က အစိုးရသစ်ကို အဆင်ပြေချောမွေ့စွာ တာဝန်လွှဲပေးဖို့ လုပ်နေတယ်လို့ ဒီရက်ပိုင်း သူ့ရဲ့ သ၀ဏ်လွှာတွေကတဆင့် တွင်တွင် ပြောနေတာလည်း ကြားရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အခု နောက်ဆုံး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ရဲ့ တွေ့ဆုံမှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် စိတ်ချရပါပြီလား၊ အစိုးရသစ်ကို တာဝန်လွှဲပေးပါ့မလားဆိုတဲ့ ပြည်သူလူထုရဲ့ စိုးရိမ်စိတ်ကို ဖျောက်ဖျက်ပစ်လိုက်နိုင်ပါပြီလား၊ ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဖြစ်ဖို့ လမ်းပွင့်သွားပြီလို့ ပြောနိုင်မလား၊ နယ်ပယ်ဒေသအသီးသီးက အမြင်သဘောထားတွေ စုစည်းတင်ဆက်ပေးပါမယ်။

စာရေးဆရာထက်မြက်က ဒီတွေ့ဆုံမှုတွေထက် ၂၀၀၈ ဖွဲ့စည်းပုံပြင်နိုင်ဖို့က အရေးကြီးတယ်လို့ သုံးသပ်ပြောပါတယ်။

“သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့တာက အာဏာလွှဲပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူ့ ဒီပလိုမေစီ သုံးတာပါပဲ။ ဒီပလိုမေစီ သုံးပြီးတော့ အာဏာကို အသာတကြည်ရအောင် သူ ကြိုးစားလိုက်တာပါပဲ၊ ဒီလိုတွေ့တိုင်း အမျိုးသားရင်ကြားစေ့ရေး ဖြစ်နိုင်သလားဆိုတော့ ဒါတော့ မဖြစ်ဘူး၊ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးမလား၊ မပြင်ပေးဘူးလား ဆိုတာက အဖြေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီလို တွေ့ရုံနဲ့တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ရော၊ အမျိုးသားရင်ကြားစေ့ရေးရာ ငြိမ်းချမ်းရေးအတွက်ရော ဘယ်လိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။”

ကချင်ပြည်နယ်၊ အင်ဂျန်းယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီတွေ့ဆုံမှုတွေကနေ အစိုးရသစ်ကို တာဝန်လွှဲပေးမှု အောင်မြင်ချောမွေ့မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်း ခုလို ပြောပါတယ်။

“ကျမတို့တော့ အပြည့်အ၀ ယုံကြည်ပါတယ်၊ စိုးရိမ်စိတ် မရှိပါဘူး။ လူဆိုတာ ကိုယ့်ရဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါ အရာရာကွဲပြားပါတယ်၊ ကျမတို့ တချိန်လုံးစိုးရိမ်ပူပန်မှုနဲ့ နေမယ်ဆိုရင် တချိန်လုံး စိုးရိမ်ပူပန်စိတ်နဲ့ နေနေကြရမှာပဲ။ ဘာပဲ ပြောပြော ခေါင်းဆောင်တွေ အပေါ်မှာ တိုင်းပြည်အတွက် တိုင်းရင်းသားတွေအတွက် လုံးဝဥသုံ စီစဉ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြဲတမ်း အသံလွှင့်နေမယ်ဆိုလို့ရှိရင် လူကြီးတွေရဲ့ စိတ်ထဲမှာလည်း ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာလည်း သူတို့ တာဝန်ရှိတယ်ဆိုပြီးမှ လုပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ချက်အပြည့်နဲ့ ကျမတို့ တိုင်းပြည်ကောင်းသွားမယ်၊ အပျက်သဘောတွေ အားလုံးကို ကျမတို့ အောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိစေချင်ပါတယ်၊ ပြည်သူပြည်သားတွေအနေနဲ့ အပျက်သဘော မဆောင်ဘဲနဲ့ အပြုသဘောဆောင်တဲ့ ယုံကြည်ချက်နဲ့ သွားစေချင်ပါတယ်။”

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကတော့ စောင့်ကြည့်ဖို့ လိုဦးမယ်လို့ ပြောပါတယ်။

“အခုဟာက တကယ့်တကယ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အငြိမ်းစားပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက်ကြောင့် လက်ရှိ နိုင်ငံရေစနစ်အပေါ်မှာ သူ့မှာ တရားဝင် တိုက်ရိုက် ဘာတာဝန်မှ မရှိဘူး၊ သို့သော် လက်ရှိ အကြီးအကဲတွေအပေါ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကတော့ အထိုက်အလျောက် ဆက်ရှိနေတယ်လို့ ယူဆတယ်လေ။ အဲ့ဒီတော့ ဘာပဲပြောပြော ဒီတွေ့ဆုံမှုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းဖို့အတွက်ကိုတော့ တစုံတရာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေအပေါ် စောင့်ကြည့်ရမှာပါပဲ၊ အခုအချိန်ပြောဖို့တော့ စောပါသေးတယ်။”

ပအိုဝ်းအမျိုးသားတပ်ဖွဲ့ နာယက ဦးခွန်ဥက္ကာကလည်း လက်တွေ့ဖြစ်လာမှာတွေကို စောင့်ကြည့်ရဦးမယ်လို့ သဘောထားမှတ်ချက်ပေးပါတယ်။

“ယေဘူယျအားဖြင့်တော့ တွေ့ကြတယ်ဆိုတာက မတွေ့တာထက်စာရင် ပိုကောင်းတာပေါ့၊ တွေ့ကြတယ်ဆိုတာ ပြေလည်တယ်ဆိုတဲ့ လက္ခဏာ ပြတဲ့သဘောပေါ့။ သို့သော် တွေ့ပြီး ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေက တိုင်းပြည်အတွက် ဘယ်လောက်ရာခိုင်နှုန်း အာမခံချက် ရှိလဲဆိုတာ ထုတ်ဖော် မပြောမချင်း သိဖို့ ခက်တာပေါ့ဗျာ။ မကြာခင်မှာ အစိုးရသစ်ကရော၊ ထွက်ခွာမယ့်အစိုးရကရော အကောင်အထည်ဖော်တဲ့အခါကျတော့ ဘာတွေ အကောင်အထည်ဖော်လို့ ဘယ်လို ဖြစ်လာမလဲဆိုတာကို လက်တွေ့မှာပဲ စောင့်ကြည့်ရမယ့် သဘော ရှိတယ်။”

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကလည်း စလိုက်တဲ့ ခြေလှမ်း ကောင်းနေပေမယ်လို့ ဆက်ပြီး အနီးကပ် စောင့်ကြည့်မယ်လို့ ပြောလိုက်ပါတယ်။

“အခုဟာက စစ်တပ်က လွှမ်းမိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ အရပ်သားလွှမ်းမိုးတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ နည်းနည်း အပြောင်းအလဲက ရှိတော့ကာ ဒီလို အပြောင်းအလဲကာလမှာ နည်းနည်း ရှုပ်ထွေးတတ်တဲ့သဘော ရှိတယ်လေ။ အလားအလာကြည့်ရတာ ခြေလှမ်းက ကောင်းတယ်လို့ မြင်တယ်၊ သို့သော် ဒီလိုကာလမျိုးမှာတော့ဖြင့် ယတိပြတ်ပြောလို့တော့ မရသေးဘူး။ ခြေလှမ်းလေးကြည့်ရတာ ကောင်းနေတယ်၊ သို့သော် ကျနော်တို့က နီးနီးကပ်ကပ်ကြည့်နေတဲ့အခါကျတော့ လှိုက်လှိုက်လှဲလှဲဖြစ်တာ သိပ်မတွေ့ရသေးဘူး။ အဲ့ဒါလေး စောင့်နေတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013