အင်္ဂါချွတ်ယွင်းသည့် ရေမျောရေလုပ်သား နစ်နာကြေးမရ
နော်နိုရင်း
·
July 12, 2011
ပြီးခဲ့တဲ့မတ်လ မိုးသက်လေပြင်းတိုက်တုန်းက ဘင်္ဂလားပင်လယ်ထဲ ၅ ရက်မျောပါပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတဲ့ ရေလုပ်သားဟာ အလုပ်ရှင်ထံကနေ နစ်နာကြေး မရသလို အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်ရှင်ဘက်က လိုက်ပါပြောဆိုနေတဲ့အတွက် အဲဒီရေလုပ်သားရဲ့မိသားစု အခက်တွေ့နေကြရပါတယ်။
ပြီးခဲ့တဲ့ မတ်လက ကျရောက်တဲ့ မိုးသက်လေပြင်းကြောင့် ဖျာပုံနဲ့ ဘိုကလေးမြို့နယ်ထဲက ရေလုပ်သား တသောင်းကျာ် ပင်လယ်ထဲ မျောပါခဲ့ပြီး ၆၀၀ ခန့် ပျောက်ဆုံးခဲ့ပါတယ်။
ဖျာပုံမြို့နယ် ခါးပြတ်ဘက်မှာ ကျားဖောင်ထောင်တဲ့ ရေလုပ်သား ကိုနိုင်ဟာ အဲဒီမုန်တိုင်းတိုက်ချိန် ပင်လယ်ထဲ ၅ ရက် ခန့် မျောပါခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့အတွက် ခြေထောက်တဖက်ပါ ဖြတ်ခဲ့ရပါတယ်။
လုပ်ငန်းခွင်အတွင်း ဒဏ်ရာရတာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်ကို ဆေးဖိုးဝါးခ ကူညီဖို့ တောင်းခံခဲ့ပေမယ့် မကူညီသလို နစ်နာကြေး တောင်းခံရာမှာလည်း မပေးဘူးလို့ ကော့မှူးမြို့နယ်စုကလက်ရေကျော်ရွာသား ကိုနိုင်ရဲ့ဇနီး မဥမ္မာချိုက ပြောပါတယ်။
“ကျမတို့ ရေမျောတုန်းက ဖောင်ပျက်တဲ့ထဲမှာ ပါသွားပြီးတော့ ဖောင်က ထိခိုက်ဒဏ်ရာရပြီး ခြေထောက်တဖက် ဖြတ်လိုက်ရတယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ကနေ ပြည်သူ့ဆေးရုံကြီးကို တင်ကုပေးပြီးတော့ အဲဒီအပြင်းအထန် ဒဏ်ရာရတဲ့ နေရာက ဘယ်ဘက်ခြေထောက်ကို ဖြတ်လိုက်ရတယ်။ အဲတော့ ကျမတို့က လုပ်ငန်းရှင်ကို အမျိုးမျိုး ဆက်သွယ်တယ်။ လုပ်ငန်းရှင်က ဘာတခုမှ ကျမတို့ဘက်ကို လှည့်မကြည့်ဘူး။ ဆက်သွယ်မှုလည်း လုပ်မရတော့ ကျမတို့လည်း အန်အယ်လ်ဒီကို အကူအညီတောင်းပြီးတော့ တင်ပြထားတယ်။ အဲဒီကနေတဆင့် အလုပ်သမားရေးဝန်ကြီးဌာနကို ရောက်သွားတယ်။ ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနကလည်း လုပ်ငန်းရှင်ဘက်က ရပ်တည်ပြီးတော့ စကားပြောတယ်။ ကျမတို့ဘက်ကို တအားနှိမ့်ချပြီး ဖိအားတွေပေးတယ်။”
ခြေထောက်တဖက် ဆုံးရှုံးရမှုအတွက် နစ်နာကြေးအနေနဲ့ ကျပ်ငွေသိန်း ၃၀ တောင်းခံတာကို လုပ်ငန်းရှင်က လက်မခံပုံနဲ့ လက်ရှိ သူတို့ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်ရပုံကို မဥမ္မာချိုက အခုလိုရှင်းပြပါတယ်။
“ကျမတို့က သိန်းသုံးဆယ်တောင်းထားတယ်။ နစ်နာကြေးအဖြစ် ပေးပါပေါ့။ အဲဒါကို သူတို့က မတော်မတရား တောင်းတယ်ပေါ့။ ရပိုင်ခွင့်ရှိတာ၊ သုံး၊ လေးသိန်းပဲ ရပိုင်ခွင့်ရှိတယ်။ ဒီခြေထောက်တချောင်းကို ဘယ်လောက်ပေါ့။ ခြေဆစ်တဆစ်ကို ဘယ်လောက် တွက်ပြတယ်။ ကျမတို့အတွက်တော့ ခြေထောက်တဖက် ပျက်သွားတာ ဘဝတသက်လုံးစာကို တောင်းတာပေါ့။ ကလေးလေးယောက်လည်း ကျန်နေခဲ့တယ်။ ကလေးတွေရဲ့ အနာဂတ်အတွက် ကျမအမျိုးသားက ပိုက်ဆံ သိန်း ၃၀ တောင်းတာ။ အခုလည်း ကျမတို့ အမှုနဲ့ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနက မဟုတ်တဲ့စကားတွေနဲ့ ကျမတို့ကို အချိန်တွေကို ကြာမြင့်အောင် ဆွဲနေသလိုပဲ။ ကျမတို့ကို အခုနေတော့ ရွာကနေ ဝိုင်းဝန်းကျွေးမွေး စောင့်ရှောက်နေတယ်။”
ရေမျောပြီးပြန်လာတဲ့ ရေလုပ်သားတွေကို အလုပ်ရှင်တချို့က လစာတွေ ပြန်ထုတ်ပေးကြပေမယ့် တချို့က လုပ်ငန်းပါ ပျက်သွားမလောက်ဖြစ်တာကြောင့် လစာမပေးနိုင်ဘဲ နေ့စဉ်စားဝတ်နေရေး ပြေလည်အောင်သာ လုပ်ဆောင်ပေးကြပါတယ်။
ပင်လယ်ထဲမျောပြီး ဒဏ်ရာရသူတွေကို နိုင်ငံတော်နဲ့ ငါးလုပ်ငန်းဦးစီးဌာနက တဦးကို ကျပ်ငွေ တသောင်းစီ ထောက်ပံ့ခဲ့ပြီး သေဆုံးသူတွေအတွက် လုပ်ငန်းရှင်တွေက တဦးကို တသိန်းခွဲစီ ထောက်ပံ့ဖို့ဆုံးဖြတ်ပြီး သုံးသုတ်ခွဲပေးမယ်လို့ ကတိပြုထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဖျာပုံမြို့ လုပ်ငန်းရှင်တဦးက “လုပ်ငန်းရှင်တွေမှာလည်း စားဝတ်နေရေးတွေက တော်တော်အခက်အခဲ တခုလိုဖြစ်နေကြတာ။ ဒီလောက်ကြီးကျတော့လည်း ပေးနိုင်မယ်လို့ ကျနော်တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ အသက်ဆုံးရှုံးတဲ့လူတောင်မှ တစ်သိန်းခွဲဆိုတာ တော်တော်ဖျစ်ညှစ် လိုက်ရှာပြီး ပေးကြကမ်းကြတယ်။ တချို့ ပြေလည်တဲ့လူကျတော့လည်း လွယ်လွယ်ကူကူပေးနိုင်ပါတယ်။ ပစ္စည်းမဆုံးရှုံးရင်တော့ ဒီလုပ်ငန်းက လောလောဆယ် မပေးနိုင်ဘူးဆို တောင်းပန်လို့ရတယ်။ နောက်လလောက်ဆို လုပ်ငန်းရာသီ ပြန်စတော့မယ်။ ပွဲရုံတွေကနေ ပိုက်ဆံပြန်ထုတ်လို့ ရကြတာ။ အခုက သူတို့လုပ်ငန်းတွေလည်း ဆုံးရှုံးတယ်။ ပစ္စည်းတွေလည်း ဆုံးရှုံးတော့ သူတို့မှာ ထူထောင်ဖို့တောင် မလွယ်ဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။
ပျောက်ဆုံးရေလုပ်သား ခြောက်ရာခန့်အနက် သီရိလင်္ကာနိုင်ငံက ၁၃၀ ခန့် ကယ်တင်ထားတာကို မြန်မာအစိုးရဘက်က ဆယ်ပုံတပုံခန့်သာ လေယာဉ်နဲ့ပြန်ခေါ်သေးပြီး ကျန်သူတွေကို အစိုးရက ပြန်လည် မခေါ်နိုင်သေးဘဲ သီရိလင်္ကာမှာပဲ သောင်တင်နေကြပါတယ်။
လေပြင်းကြောင့် ကျားဖောင်နဲ့ ငါးဖမ်းပိုက်တွေအပါအဝင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ကျပ်သန်းပေါင်း ၆ ထောင်ကျော်တယ်လို့ ဖျာပုံမြို့ ကျားဖမ်းပိုက်အသင်းက ခန့်မှန်းထားပြီး လာမယ့်နှစ်မှာ အရင်လုပ်ငန်းတွေရဲ့ တဝက်နီးပါးလောက်သာ ပြန်လုပ်နိုင်တော့မယ်လို့ ရေလုပ်ငန်းရှင်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။