DVB Logo
Home
Lead Story
တိုက်ပွဲတွေကို ပြည်ဖုံးကား ချလိုက်ကြပါတော့ - တေးသံရှင် စိုင်းဆိုင်မောဝ်
DVB
·
December 6, 2015
တိုက်ပွဲတွေကို ပြည်ဖုံးကား ချလိုက်ကြပါတော့ - တေးသံရှင် စိုင်းဆိုင်မောဝ်
1 / 7
Donate to DVB

မြန်မာနိုင်ငံရဲ့ တေးဂီတလောကမှာ ရှမ်းသီချင်း၊ မြန်မာသီချင်းတွေနဲ့  နှစ်ပေါင်း ၃၀ ကျော်  ထင်ရှားကျော်ကြားခဲ့သူ တေးသံရှင် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်နယ်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီဖို့အတွက် နယ်လှည့်ဖျော်ဖြေရေးတွေ လုပ်နေပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မန်စံကျေးရွာကို ရောက်လာစဉ် ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

စိုင်းဆိုင်မောဝ် နဲ့ အဖွဲ့သားတွေ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေ လိုက်ကောက်နေတယ်လို့ သိရပါတယ်။  ဒီအစီအစဉ်ဖြစ်လာရတဲ့အကြောင်းကို ပြောပြပါလား။

“ဟုတ်ကဲ့ ကျနော်တို့ရှမ်းပြည်မှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေ ထောင်သောင်းနဲ့ချီ စစ်ပြေးရှောင်ဘ၀ ရောက်နေရတာကို ကျနော့်အနေနဲ့ စိတ်မချမ်းမြေ့နိုင်ပါဘူး။ သူတို့ကို ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ ခုလို နယ်လှည့်ဖြေဖျော်ပြီး ရန်ပုံငွေ၊ အလှူငွေတွေ လိုက်ကောက်နေတာ ဖြစ်ပါတယ်။ ကျနော်ရော ကျနော့်တီးဝိုင်းအဖွဲ့ဝင်တွေပါ စုစုပေါင်း ၉ ယောက်လုံး ကိုယ်ပိုင်အလုပ်တွေ ရပ်နားပြီး နယ်လှည့် အလှူငွေကောက်နေတာပါ။ ဒီနှစ်  ရှမ်းနှစ်သစ်ကူးပွဲစတဲ့  ပျော်ပွဲရွှင်ပွဲတွေမှာလည်း သီချင်းသွားမဆိုတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေရှိနေတဲ့ ရှမ်းပြည်မှာပေါ့။ ကျနော့်ဆွေမျိုး သားချင်းတွေ၊ ကျနော်တို့တိုင်းရင်းသားတွေ  မျက်ရည်ကျနေတဲ့အချိန်၊ ငိုနေတဲ့ကြတဲ့ အချိန်မှာ ကျနော်က ပွဲစင်မြင့်ပေါ်မှာ မပျော်ရွှင်နိုင်ပါဘူး၊  ပျော်ရွှင်ကခုန်ဖို့လည်း မသင့်လျော်ပါဘူး။”

ဘယ်နေ့ကစပြီးတော့ လုပ်တာလဲ၊ ဘယ်ဒေသတွေ သွားခဲ့ပြီးပါပြီလဲ။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ခဲ့တာပါ။  တရုတ်နယ်စပ် မိုင်းမောဝ်း (ရွှေလီမြို့) က ပန်ပုန်ဆိုတဲ့ရွာကိုရော၊ မိုင်းဖန် ဆိုတဲ့ ရွာကိုပါ သွားရောက်ခဲ့ပါတယ်။”

ဘာဖြစ်လို့ အဲဒီနေရာကို အရင်ရွေးပြီးသွားခဲ့တာပါလဲ။

“ပန်ပုန်ဒေသမှာ ကျနော်တို့ ရှေးဟောင်းရှမ်းဧကရာဇ်မင်း စ၀်ဆေခန်ဖရဲ့ နန်းတော်ဟောင်းရှိတယ်၊ စ၀်ဆေခန်ဖဟာ ပြည်သူပြည်သားတွေပေါ် မေတ္တာကြီးမားခဲ့တဲ့အတွက် ဒုက္ခသည်တွေဘေးကင်းဖို့ အဲဒီမှာ သွားရောက် ဆုတောင်းရင်း အလှူငွေကောက်ခြင်း စတင်ခဲ့တာပါ။ ပြီးတော့ သူငယ်ချင်းတယောက်က နမ္မတူကိုလာဖို့ ဖိတ်ခေါ်လိုက်တာနဲ့ နမ္မတူကို အရင်သွားတယ်။ ပြီးတော့မှ နမ္မတူအနီးပတ်ဝန်းကျင် ကျေူးရွာတွေကို ရောက်နေတာ ဖြစ်ပါတယ်။ မနေ့ညက မန်စံရွာမှာ အလှူငွေကောက်ခံခဲ့တယ်။ ဒီနေ့တော့ ကျနော်တို့ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေ စုပြီးနေထိုင်တဲ့ ပန်လုန်ဆိုတဲ့ ရွာလေးကို ရောက်နေပါတယ်ခင်ဗျ။”

ပရိသတ်ရဲ့ အားပေးမှုအခြေအနေ ဘယ်လိုရှိပါသလဲ။

“ပရိသတ်တွေလည်း စေတနာနဲ့ အားတက်သရောလှူကြတယ်။ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က လူငယ်မောင်မယ်တွေလည်း ၀ိုင်းကူကြတယ်။ မနေ့ည တညတည်းတင် ကျပ် ၁၁ သိန်း နဲ့ ၄ သောင်းရခဲ့ပါတယ်။ ရွှေလီဘက်မှာတေ့ တရုတ်နိုင်ငံထဲမှာမို့ အခုလို ပရိသတ်များများနဲ့ ထင်ထင်ရှားရှား ရန်ပုံငွေမရှာခဲ့ရပါဘူး။”

နောက်ထပ်ကော ဘယ်နေရာတွေ သွားဖို့ရှိသေးလဲ။

“သိန္နီ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းတွေဘက် သွားပါမယ်။ နောက်တော့လည်း ဖိတ်ခေါ်တဲ့သူရှိရင် ရှိသလိုပေါ့လေ၊ ဖြစ်နိုင်ရင် နေရာအနှံ့သွားချင်ပါတယ်။”

ရလာတဲ့ ရန်ပုံငွေတွေကို ဘယ်လိုလှူမှာလဲ။

“ကျနော်တို့ကိုယ်တိုင် မိုင်းရှူးကို သွားပါမယ်။ ငွေကိုတော့ မိုင်းရှူးလူမှုကူညီရေးအဖွဲ့ကို အပ်မယ်။ ဒုက္ခသည်တွေ ဘာလိုအပ်တယ်ဆိုတာ သူတို့အသိဆုံးမို့ပါ။”

ဒုက္ခသည်တွေရှိရာကို ရောက်ခဲ့ပြီလား။

“မရောက်သေးပါဘူး၊ ဒါပေမယ့် ကျနော်တို့မီဒီယာတွေ သတင်းတွေကနေ တွေ့နေရပါတယ်။ ရန်ပုံငွေရှာပြီးမှ ထောက်ပံ့ကူညီမှုနဲ့အတူသွားမှာပါ။”

အခုလို ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။

“မိဘ ပြည်သူတွေ၊ ကလေးတွေ တအားဒုက္ခရောက်နေကြပါပြီ၊ သူတို့ရဲ့ မျက်နှာကို ထောက်ထားပြီး အတ္တတွေ၊ မာနတွေ လျှော့ကြပါတော့၊ တဖွဲ့နဲ့တဖွဲ့ တိုက်ကြခိုက်ကြ ပစ်ခတ်ကြတာတွေ  ရပ်ကြပါတော့၊  တိုက်ပွဲတွေကို ပြည်ဖုံးကားချလိုက်ကြပါတော့လို့ မေတ္တာရပ်ခံချင်ပါတယ်။  အဖွဲ့အစည်းတွေကြားမှာလည်း တဖွဲ့နဲ့တဖွဲ့ နားလည်သဘောပေါက်ပြီး ပြဿ     နာတွေ အေးအေးချမ်းချမ်းဖြေရှင်းနိုင်ပါစေ၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်သင့်မြတ်ကြပါစေ၊ ပြည်သူတွေလည်း အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နေထိုင်နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ်။”

Photo:  Sai Yan Phay, Sai Mork, twn sai twn

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013