
အီရန်နိုင်ငံ၊ မီနက်ဘ်မြို့ရှိ မိန်းကလေးကျောင်း တခုတိုက်ခိုက်ခံရပြီး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ရှုပ်ထွေးမှုတွေရှိနေတယ်လို့ အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက မေ ၁၉ ရက် အောက်လွှတ်တော် စစ်တပ်ရေးရာကော်မတီ ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။
အဲဒီကျောင်းဟာ လက်ရှိအသုံးပြုနေဆဲဖြစ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ခရုစ်ဒုံးကျည်အခြေစိုက်စခန်းဝင်းထဲမှာ ရှိနေတာဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုပြီးတာနဲ့ အားလုံးကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ အီရန်နဲ့ ပဋိပက္ခစတင်တဲ့ ပထမဆုံးနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးငယ်တွေ အများစုအပါအဝင် ကလေး ၁၆၈ ယောက် သေဆုံးခဲ့ရတယ်လို့ အီရန် အာဏာပိုင်တွေဘက်က ပြောပါတယ်။
မီနက်ဘ်မြို့က အဲဒီမိန်းကလေးကျောင်း ပျက်စီးသွားခဲ့ရတာဟာ အမေရိကန်တပ်ဖွဲ့တွေကြောင့် ဖြစ်ဖို့များတယ်လို့ အမေရိကန်စစ်တပ်ရဲ့ ကနဦးအတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ သိရကြောင်း ရိုက်တာသတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာပါ။
အဲဒီနောက်ပိုင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီစုံစမ်းစစ်ဆေးမှုကို အဆင့်မြှင့်တင်ပြီး ဆက်လက် လုပ်ဆောင်နေပါတယ်။
ကြားနာပွဲအတွင်းမှာ ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ် အဒမ်စမစ်သ်က အမေရိကန်အနေနဲ့ ဒီအမှားကို ဝန်ခံပြီး တာဝန်ယူဖို့ တောင်းဆိုခဲ့သလို၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုက်ပွဲဝင် စည်းမျဉ်းတွေနဲ့ အရပ်သား အသက်အိုးအိမ် ကာကွယ်ရေးအပေါ် လျစ်လျူရှုထားတယ်လို့ ဝေဖန် ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ကူးပါးကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထားတာမျိုး လုံးဝမလုပ်ကြောင်းနဲ့ အီရန်ပြည်သူတွေဟာ ရန်သူမဟုတ်ဘဲ IRGC သာလျှင် ရန်သူဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွင်း အီရန်အပေါ်ထားတဲ့ ရေနံပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တာကြောင့် အီရန်ဘက်က အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကနေ ၁၆ ဘီလီယံအထိ ရရှိသွားပြီး ပဲ့ထိန်းဒုံးကျည် တွေ ဝယ်ယူခွင့် ရသွားစေတယ်ဆိုတဲ့ လွှတ်တော်အမတ် ဆက်သ်မိုလ်တန်ရဲ့ မေးခွန်းအပေါ် ဗိုလ်ချုပ်ကြီးကူးပါးက ပိတ်ဆို့မှု ရုပ်သိမ်းရေးဟာ စစ်တပ်နဲ့မဆိုင်ဘဲ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
လွှတ်တော်အမတ်တွေကတော့ အမေရိကန်နိုင်ငံသား ၁၄ ယောက် သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဒီစစ်ရေးအမှားအပေါ် စစ်တပ်ဘက်က တာဝန်ယူမှု မရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ ပါတယ်။
ပဋိပက္ခစတင်ကတည်းက အီရန်ဘက်ကနေ ထောင်နဲ့ချီတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ တယ်လို့ အမေရိကန်စစ်ဘက်က ထုတ်ဖော်ပြောဆိုပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းက အရပ်သားတွေကို အနည်းဆုံး အကြိမ်ပေါင် ၁,၀၀၀ လောက် တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဘာရိန်း၊ ယူအီးအီး၊ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျတို့က လူနေရပ်ကွက်တွေနဲ့ စားသောက်ဆိုင်တွေ ထိမှန်ခဲ့သလို၊ တဲလ်အဗစ် မြို့ပေါ်မှာလည်း အရပ်သား တွေကို ပစ်မှတ်ထားတဲ့ ပဒေသာဗုံးတွဲတွေ သုံးပြီး ဗြောင်ကျကျ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ကူးပါးက ပြောပါတယ်။
Source:Reuters











