DVB Logo
Home
Lead Story
အရှိုးရာတွေ ပိုထင်းလာတဲ့ နိုင်ငံ
DVB
·
December 3, 2015
အရှိုးရာတွေ ပိုထင်းလာတဲ့ နိုင်ငံ
Donate to DVB

နှစ်ချို့ မျှော်လင့်ချက်တွေကို အသည်းတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့ စောင့်စားနေတဲ့ ဒီလိုနေ့ရက်တွေမှာ သတင်းတွေထဲက ချောက်ချားစရာတွေဟာ ခါတိုင်းထက်ကို ပိုပြီးတော့ ထိတ်လန့် နာကျင်ရသလိုပါပဲ။ ၀မ်းနည်းနာကျင်မှုနဲ့အတူ အားရကျေနပ်ဖွယ်ရာတွေကလည်း ပါရှိနေတတ်လေတော့ အမြင့်တက် အရွေ့လှိုင်းများရဲ့ သဘောသဘာဝကိုက ဒီလိုမျိုးပေပဲလား။ နှလုံးသွေးတွေရဲ့ခုန်နှုန်း ပိုမြန်ဆန်လာခြင်းဟာ ICU မီးနေခန်းနားမှာ နောက်ဆုံးရလဒ်ကို စောင့်စားနေရသလိုမျိုး။ အမာရွတ်က ချက်ချင်းကျက်မှာ မဟုတ်သေးပေမယ့် ရလဒ်ကောင်းပဲဖြစ်ဖြစ်၊ ရလဒ်ဆိုးပဲဖြစ်ဖြစ် တဘ၀စာပါပဲ။

လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေပေါ်မှာ စာနာစိတ်ရှိသူတို့ရဲ့ စီတီဇင်ဂျာနယ်လစ်ဇင် အသိရှိတဲ့ လုပ်ရပ်ကြောင့် ကလေးငယ်များရဲ့ အရှိုးရာတွေဟာ မဖုံးနိုင် မဖိနိုင် ဗူးပေါ်သလို ပေါ်ပေါ်လာနေခြင်းဟာ ဖတ်ရှုဖို့ အခက်ခဲဆုံး စာမျက်နှာတွေပါ။ ကြိုတင်တားဆီးခြင်းငှာ မစွမ်းသာသေးကြပေမယ်လို့ တဘ၀စာ နစ်နာရတဲ့ ကလေးများအတွက် လူမှုတရားမျှတမှုလုပ်ငန်းတွေ စတင်လာနိုင်တာကိုပဲ ကျေနပ်သူတွေ မဟုတ်လား။

ကျပ်ငွေ ဆယ်သိန်းကို  မိဘရင်းတွေထံက ရယူပြီး သူစိမ်းတွေထံ လွှဲပြောင်းပေးအပ်ခြင်း ခံလိုက်ရတဲ့ ကလေးငယ်ဟာ မွေးဖွားရာ ဇာတိတိုင်းပြည်ကို တန်ဖိုးဖြတ်ပေးလိုက်ခြင်းပါ။ အရှိုးရာတွေ ထပ်ဖြည့်ခံလိုက်ရတဲ့အခါမှာတော့ ဒီကလေးတွေအတွက် ဇာတိမြေဟာ ကွယ်ပျောက်သွားခဲ့ရပြီ။ နိုင်ငံကို ဆန်းသစ်ဖို့ ကြိုးစားနေသူတွေကိုတော့ အားနာမိပါရဲ့။ သီလမကျိုးသေးတဲ့ မြန်မာမွေးစားသူငယ်မလေးဟာ သမာဓိနဲ့ ပညာကို လှူဒါန်းခဲ့ပါတယ်။

ရွာအနီးအနားက သစ်ပင် ရေမြေတောတောင်သဘာဝ ပတ်ဝန်းကျင်မှာလည်း အရှိုးရာတွေ ပြည့်နှက်နေတာဟာ အရသာ ရှိလွန်းနေပါသလား။ စာသင်ကျောင်း ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေးပတ်ဝန်းကျင်၊ ရွာပတ်ဝန်းကျင် ဘယ်နေရာကြည့်လိုက်ကြည့်လိုက် အရှိုးရာတွေဟာ သွေးစီးကြောင်းတွေနဲ့ လတ်ဆတ်နေတုန်းပဲ။ တောင်ရဲ့ပတ်လည်က အရှိုးရာတွေအတွက် တရားခံတွေကိုတော့ မိမယ့်ပုံမပေါ်သေးဘူး။ စောစီးစွာ အပျိုရည်ပျက်ခဲ့ရတဲ့ တောတွေရဲ့ နာကျင်ငိုရှိုက်သံဟာ ကူကယ်ရာမဲ့ လျစ်လျူရှုခံနေရဆဲ။ တော်လဲသံကြောင့် မဟုတ်ဘဲ ကြွက်သားစိုင်ခဲတွေဟာ လမ်းဖြစ်သွားတဲ့အခါ အနာဂတ်ဟာ စိုပြည်နေမယ်လို့ ယူဆပါသလား။ ဟက်တက်ကွဲ အက်ကြောင်းများနဲ့ ဖုန်းဆိုးမြေဖြစ်သွားတဲ့ အဖွားအိုရဲ့ ယာခင်းဟောင်းထဲက နေလောင် သစ်သီးဝလံ အမွေမျှတော့ မြေးတို့ စားပါရစေ။

စားပွဲဝိုင်းတွေပေါ်ကို အရှိုးရာတွေ မတင်ကြေး “ကြိုတင်ကတိက၀တ်” တွေဟာလည်း သစ္စာရှိလွန်းနေတယ်။ တကယ်တော့လည်း ဒီအရင်းအနှီးမျှသာ ပေးစရာ ရှိခဲ့ပါတယ်။ နိုင်ငံတော်အာဂျင်ဒါမှာ စက္ကန့်ဝက်မျှ ပြသခွင့်ပြုပါ။

မနက်ဖြန်တိုင်းပြည်မှာတော့ ဒီဒဏ်ရာတွေ ကျက်လောက်ပါရဲ့လို့ ဖြေတွေးရင်း ရင်းလိုက်ရတဲ့ အရှိုးရာတွေအတွက် အမြတ်ကို တွက်နေမိသူတွေကိုလည်း တညတာတော့ ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ပြုပါလေ။

မနုဿ ဗေဒထဲက အာဖရိကတိုက်သူများနဲ့ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းသူများရဲ့ ရင်သားတွေပေါ်က ထုံးဖြူသုတ် အရှိုးရာများစွာဟာ ကမ္ဘာကြီးရဲ့ သုခုမအနုပညာ တရပ်တဲ့ကွယ်။  အသွေးအသားကို ခြစ်၊ အရေပြားကို ကလော်ထုတ်၊ နီရဲတောက်လောင်နေတဲ့ မီးတစနဲ့တို့ထိ၊ ရိုးရာတံဆိပ်တွေကို အသားမှာရိုက်နှိက်၊ ဒဏ်ရာနက်လေ အမျိုးကိုပိုချစ်လေတဲ့။ ဒီအရှိုးရာတွေဟာ လူနဲ့လူ အချင်းချင်း၊ လူမျိုးနွယ်စုအချင်းချင်း၊ လူနဲ့ သစ်ပင်တောတောင် ကျောက်တုံးတွေအကြား ကတိက၀တ်လည်း ဖြစ်ပါသတဲ့။ ခေတ်သစ် မိုက်ခရိုဘိုင်အို ပညာသည်များရဲ့ ရောဂါဗေဒဟာ ခန္ဓာအလှ ရိုးရာများစွာကို တိုးမပေါက်သေးသလိုပါပဲ။ မနက်ဖြန်နိုင်ငံသစ်ရဲ့ သမိုင်းပြတိုက်ထဲမှာ ဒီနေ့ အရှိုးရာတွေဟာလည်း အနုပညာဖြစ်ပါစေ။

အမွေဆိုး စကားပုံအချို့ကတော့ ဘက်လိုက်လွန်းလှတယ်။ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ကျောင်းဆရာဆရာမတွေ၊ အာဏာရှိသူ အချို့တွေရဲ့ အတ္တစိတ်တွေကို ရိုးရာစကားပုံအချို့ဟာ မီးထိုးပေးနေသလိုပါ။ စေတနာတွေ၊ ကရုဏာတွေ၊ အိုးထိန်းသည်တွေဟာ ဥပဒေရဲ့အထက်မှာ ရှိနေတုန်းပါပဲ။ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားကို နမူနာပြပြီး မင်းတုန်းမင်းမဟုတ်တဲ့ အတန်းထဲက၊ ဒီမိသားစုထဲက သူငယ်လေးတွေကို ရက်စက်လိုက်ကြပုံများ။ ကောင်းစားစေချင်တဲ့ စေတနာနဲ့ တန်ဖိုးရှိသော အရှိုးရာတွေတဲ့လား။ စံလွဲနေတဲ့ ရိုးရာစကားပုံ အချို့တွေကို လက်နက်ကြီးဘန်ကာတခုလို အကာအကွယ်ယူထားပြီး ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်တတ်သူတို့ရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ကုန်ဆုံးတော့မယ်။ ပိုကြီးမားတဲ့ အရှိုးရာတွေ လျော့နည်းလာမယ့် နိမိတ်အတွက် ဒါဟာ ၀မ်းသာစရာပါပဲ။

မီဒီယာတွေပေါ်မှာ နေ့စဉ်မြင်တွေ့နေရတဲ့ ကလေးငယ်များရဲ့ တင်ပါးထက်က အရှိုးရာတွေဟာ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ ပညာရေးရီပို့မျိုးတွေကို ပြက်ရယ်ပြုနေတဲ့အတွက်လည်း ၀မ်းသာစရာပါ။ စာသင်ခန်းထဲက ကြိမ်လုံးတွေကတော့ ပြင်ပလောကအတွက် လက်တွေ့ကျကျ အမှန်တကယ် ပြင်ဆင်ပေးလိုက်တဲ့ တခုတည်းသော ပညာရေး အနှစ်သာရပဲလား။ ပြင်ပလောကနဲ့ စာသင်ခန်းတွေကို ကြိမ်လုံးတွေက ပေါင်းကူးပေါ့။ မေတ္တာတရားနဲ့ လွှမ်းခြုံသော အင်ကလူးရှင်းဆိုတဲ့ လူတိုင်းအကျူံးဝင်ပညာရေး ဂါထာဟာ မရွတ်ဖတ်ရသေးမီမှာဘဲ ဆေးပြယ်သွားခဲ့ရပြီ။ ပညာကို အသပြာနဲ့ ချိန်စက်ဝယ်ယူနိုင်တဲ့အခါ အနောက်တိုင်းရဲ့ ပညာလွန် လူ့အဖွဲ့အစည်းဟာ ဒီတိုင်းပြည်ကို စောစီးစွာများ ရောက်ရှိနေခဲ့ပါသလား။

လွန်လေပြီးသော အနှစ် ၂၀၀ ကျော် ၁၇၈၃ ခုနှစ်မှာ ပိုလန်နိုင်ငံရဲ့ ကြိမ်လုံး လုံးဝမသုံးရ အဆုံးသတ် နိဂုံးချုပ် ဥပဒေဟာ ယဉ်ကျေးသော လူ့သမိုင်းခရီးလမ်းမှ ရွာတရွာကို ချန်လှပ်ထားသေးတယ်။ ဖောင်းကနဲ တချက်ရိုက်လိုက်တာဟာ အနာဂတ်တိုင်းပြည်ကိုပါ ခါထွက်စေနိုင်တယ်၊ သင်ယူသူရဲ့ ဦးနှောက်ဟာ စာသင်ခန်းထဲက ထွက်ပြေးသွားစေတယ်၊ ဒီကလေးငယ်အတွက်တော့ အဏုမြူဗုံးတလုံးထက်ကို ထိခိုက်စေတယ်ဆိုသူများရဲ့ ကန့်ကွက်ချက်ဟာလည်း ဒီရွာကျောင်းကိုတော့ဖြင့် ၀င်ရောက်ခွင့် မရသေးပါဘူး။ အတန်းထိန်းဖို့၊ ရွာထိန်းဖို့၊ နိုင်ငံထိန်းဖို့ လိုအပ်နေဆဲလို့ ယုံကြည်သူတွေရဲ့ အခွင့်အာဏာဟာ ပိုလို့စူးရှနေတာဟာ ရွာသားတို့က လက်ခံထားချက် တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

အရှိုးရာများစွာကိုလည်း အသပြာနဲ့ အံ့သြဖွယ်ရာ အလဲအလှယ် ပြုလုပ်ကြပါသေးတယ်။ ငါ့ကျောင်းမဟုတ်ဘူး၊ ငါ့အတန်းထဲက မဟုတ်ဘူး၊ ငါတို့ခေတ်က မဟုတ်ဘူး၊ ငါ့မျိုးနွယ်စု မဟုတ်ဘူး၊ ငါ့ရွာ မဟုတ်သေးဘူး၊ ငါ့သားသမီးမဟုတ်ဘူး ဆိုတဲ့သူတွေအတွက်လည်း မနက်ဖြန်မှာ ကြုံတွေ့ချင် ကြုံတွေ့ရနိုင်တဲ့ အလားတူ ပြဿနာအပေါ် တွေးချင့် စဉ်းစားစရာ၊ ပြန်လှန်ဆန်းစစ်စရာ ရသွားခြင်းဟာ ဒဏ်ရာရသူငယ်မအတွက်တော့ တခုတည်းသော အမြတ်ပါပဲ။

အရှိုးရာများစွာကို ပြည်ပမှာလည်း ထုတ်လုပ်နိုင်စွမ်းရှိတဲ့ တိုင်းပြည်ပေပဲ။ အိမ်နီးချင်းနိုင်ငံတွေမှာ အိမ်ဖော်မြန်မာမလေးရဲ့ လူမသိသူမသိ ရှိုက်သံတွေဟာ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော အာဆီယံကွန်မြူနတီရဲ့ အဖွင့်တီးလုံးတွေအောက်မှာ မှေးမှိန်ပျောက်ကွယ်သင့်ပါသလား။

ကိုယ့်ဘိုးဘွား ကျေးရွာနားက တိုင်းရင်းသူ မြေးမလေးဟာ ထိတ်ထိတ်ပြာပြာနဲ့ ပြေးလွှားရှောင်ရှားရင်း ရခဲ့တဲ့ အရှိုးရာတွေအတွက် လက်ညှိုးထိုးစရာလူ မရှိသေးပါဘူးကွယ်။

အဲဒီအရှိုးပေါင်း မြောက်မြားစွာထဲမှာ ကလေးငယ်ရဲ့ တင်ပါးနဲ့ ခြေသလုံးပေါ်က အရှိုးရာတွေဟာ အနာဂတ်နိုင်ငံအတွက် အိပ်မက်ဆိုးတခု မဖြစ်ပါရစေနဲ့။ ဒီစာသင်ခန်း၊ ဒီမိသားစုနဲ့ ဒီတိုင်းရင်းသားကျေးရွာတွေက ကလေးငယ်တွေရဲ့ အရေပြားပေါ်က ဒဏ်ရာများနဲ့ အနာရွတ်တွေကတော့ အချိန်တန်ရင် ကောင်းသွားနိုင်ပေမယ့် နိုင်ငံသစ်ကို ဒုက္ခပေးနိုင်လောက်တဲ့ စိတ်ဒဏ်ရာကတော့ အချိန်နဲ့အမျှ ပိုလို့ ကြီးထွားရင့်သန်လာနိုင်တယ်ဆိုတာ ဘယ်သူ့ကို ပြောပြရမလဲ။

အရှိုးရာများစွာတော့ဖြင့် ရှိနှင့်နေခဲ့ပါပြီ။ ဒီကလေးငယ်တွေနဲ့ ဘယ်လို ရင်ကြားစေ့ပေးမလဲ။ ကျေအေးနိုင်လောက်တဲ့ အရှိုးရာများ ဖြစ်ပါစေလို့ပဲ မိုးသောက်ယံရောက်လုနီး ဒီချောက်ချားဖွယ်ရာ ညလည်မှာ မျှော်လင့် ဆုတောင်းနေသူတွေ မဟုတ်လား။

နေ့သစ်တွေမှာ အရှိုးရာတွေ ထပ်မသစ်လာစေဖို့ကတော့ ရွှေနိုင်ငံရဲ့ လက်ငင်းနိုင်ငံရေး ကိစ္စမျှသာ။

သိန်းနိုင် (မောက္ခပညာရေး)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013