DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် စားနပ်ရိက္ခာ ကူညီပေးရန် ရန်ပုံငွေ ဒေါ်လာ သန်း ၄၀ လိုအပ်နေ
DVB
·
December 3, 2015
မြန်မာအတွက် စားနပ်ရိက္ခာ ကူညီပေးရန် ရန်ပုံငွေ ဒေါ်လာ သန်း ၄၀ လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် လူပေါင်း ၆ သိန်းကျော် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပြီး ၂၀၁၆ ဇွန်လအထိ ထောက်ပံ့ကူညီပေးနိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ လိုနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ထုတ်ပြန်ပါတယ်။

အခုနှစ် ရေကြီးမြေပြိုမှုတွေကြောင့် သဘာဝဘေးဒဏ်ခံနေရသူ ၄၄၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ကူညီပေးဖို့ လိုနေသလို ၂၀၁၁-၁၂ ခုနှစ်အတွင်း ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူ ၁၇၂၀၀၀ လောက်အတွက်လည်း ဆက်ကူညီဖို့ လိုနေတာလို့ ဒီဇင်ဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒါ့အပြင် မြန်မာလူဦးရေရဲ့ လေးပုံတပုံလောက်ဖြစ်တဲ့ ၁၃ သန်းကျော်ဟာ ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်အောက် ရောက်နေကာ နိုင်ငံမှာရှိတဲ့ ကလေးသူငယ် သုံးပုံတပုံလောက်ဟာလည်း အစာအာဟာရချို့တဲ့ပြီး ကောင်းကောင်းမကြီးထွားနိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

WFP အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒွမ်စကယ်ပယ်လီက မြန်မာနိုင်ငံမှာ အရင်နှစ်အနည်းငယ်ကထက်စာရင် သိသိသာသာ တိုးတက်မှုရှိလာပေမယ့် လုပ်စရာတွေ အများကြီး ကျန်နေသေးတဲ့အကြောင်း အတိမ်းအစောင်းမခံတဲ့ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေကို ဆက်အကူအညီပေးသွားဖို့ အရေးကြီးတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ရွေးကောက်တင်မြှောက်ခံအစိုးရ တက်လာဖို့ရှိတာနဲ့အတူ WFP အနေနဲ့လည်း မြန်မာပြည်တွင်းက လူပေါင်း ၂ ဒသမ ၉ သန်းလောက်အတွက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေကို လာမယ့် ၂၀၁၇ ထိ တိုးချဲ့လုပ်ကိုင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

လာမယ့် ၂ နှစ်တာကာလမှာ စားနပ်ရိက္ခာအစား ငွေသားထောက်ပံ့ပေးတာတွေလည်း ပိုမိုလုပ်ဆောင်သွားမယ်၊ တချိန်တည်းမှာ နိုင်ငံတ၀န်း စာသင်ကျောင်းတွေမှာ အာဟာရ တိုက်ကြွေးရေး အစီအစဉ်တွေ လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာအစိုးရရဲ့ ၂၀၃၀ ပြည့်နှစ်မှာ ဆင်းရဲမှု လုံးဝပျောက်ရေး ရည်မှန်းချက်ကို ကူညီပေးသွားမယ်လို့ WFP အဖွဲ့က ပြောပါတယ်။

WFP အဖွဲ့ဟာ ကမ္ဘာတ၀န်း ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးအတွက် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အကြီးဆုံးအဖွဲ့ဖြစ်ပြီး နိုင်ငံတကာက ထည့်ဝင်လှူဒါန်းတဲ့ ရန်ပုံငွေတွေနဲ့ နှစ်စဉ် နိုင်ငံပေါင်း ၈၀ လောက်က လူဦးရေ သန်း ၈၀ အတွက် ကူညီထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013