DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်ဇနီးမောင်နှံ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
December 3, 2015
ဒုက္ခသည်ဇနီးမောင်နှံ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်းက မယ်လဒုက္ခသည်စခန်းမှာ အိမ်ထောင်ပြုစ ဇနီးမောင်နှံနှစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု  ဒီဇင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဇနီးမောင်နှံဟာ မယ်လဒုက္ခသည်စခန်း B5b ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး ပိုးသတ်ဆေးသောက် အဆုံးစီရင်သွားတာလို့ ရပ်ကွက်ရေးရာမှူး ဦးဖူးဂျေမီက ပြောပါတယ်။

“သူတို့ကို ကျနော်ရင်းနှီးတယ်။ သူတို့ကိုလည်း ကျနော် မင်္ဂလာသွားဆောင်ပေးဖူးတယ်။ သူတို့က ပြီခဲ့တဲ့ ၇ လပိုင်းကမှ လက်မှတ်ထိုး လက်ထပ်ကြတာ။ အခုက သူတို့ ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။ ဒါပေမယ့် ဘေးက ပြောတာကတော့ အမျိုးသားရဲ့ မိဘတွေက အမျိုးသမီးရဲ့ မိဘတွေကို နာအောင်ပြောတယ်လို့ ပြောတာပဲ။”

သေဆုံးသူတွေကတော့ ကိုမောင်ညွန့် အသက် ၂၂ နှစ်နဲ့ မအုန်းမြင့် အသက် ၁၈ နှစ် ဖြစ်ပါတယ်။ အမျိုးသမီးမှာ ကိုယ်ဝန် ၂ လရှိနေကြာင်းလည်း ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းလောက်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာဖြစ်ပြီး ဘာဆေးအမျိုးအစားသုံးလဲ ဆိုတာကို စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်တို့ သွားစစ်ဆေးတဲ့အချိန်မှာ ရေခွက် ၂ လုံးထဲမှာ ဆေးက အစိမ်းရောင်လို အရောင်မျိုး ကျန်နေတယ်။ တချို့လူတွေပြောတာကတော့ အပင်တွေကို ဖျန်းတဲ့ဆေးလို့ ပြောတယ်။ ဒါပေမယ့် ဆေးပုလင်း၊ ဆေးထုပ်တွေကိုတော့ မတွေ့ရဘူး” လို့လည်း ဦးဖူးဂျေမီက ပြောပါတယ်။

သူတို့ နှစ်ဦးရဲ့ ကျန်နေတဲ့ ရုပ်လောင်းကိုတော့ ဒီကနေ့ မြေမြှုပ်သင်္ဂြိုဟ်ဖို့ ရှိနေပါတယ်။

မယ်လစခန်းမှာ ဒီနှစ်အတွင်း  ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူ ၁၃ ဦးရှိသွားပြီဖြစ်ပြီး သေကြောင်းကြံစည်ပေမယ့် အသက်မသေသူနဲ့ စခန်းတာဝန်ရှိသူတွေထံ စာရင်းမရောက်တဲ့ သေကြောင်းကြံစည်မှုတွေလည်း ရှိနေကြောင်း စခန်းတာဝန်ရှိသူတွေကို ကိုးကားပြီး ကရင်သတင်းစဉ် (KIC) မှာ ဖော်ပြထားပါတယ်။

မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးစခန်းဖြစ်ပြီး လူဦးရေ ၅ သောင်းလောက် နေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013