DVB Logo
Home
မေးမြန်းခန်း
လူ့အခွင့်အရေးကိစ္စကို အများကြီး မျှော်လင့်မထားပါနဲ့
DVB
·
July 11, 2011
လူ့အခွင့်အရေးကိစ္စကို အများကြီး မျှော်လင့်မထားပါနဲ့
Donate to DVB

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ညီမ ဦးဆောင်တဲ့ ဖေ့ထိုင်းပါတီ (Pheu Thai) က အနိုင်ရခဲ့ပါတယ်။  မစ္စတာသက်ဆင် ရှင်န၀ပ်တြာ (Thaksin Shinawatra) ဟာ စီးပွားရေးကို ဦးစားပေးပြီး မြန်မာစစ်အစိုးရနဲ့ နီးစပ်သူအဖြစ် အတိုက်အခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

လောလောဆယ်လည်း မစ္စတာ သက်ဆင်ဟာ ညီမဖြစ်သူ ယင်လတ် ရှင်န၀ပ်တြာ (YinLuck Shinawatra) နဲ့ ဖေ့ထိုင်းပါတီကို ပြည်ပကနေ အကြံပေးနေတုန်းပါပဲ။

ဒါကြောင့် အစိုးရသစ်လက်ထက်မှာ မြန်မာ့ဒီမိုကရေစီအရေးမှာ ဘယ်လို ပေါ်လစီတွေ ရှိလာနိုင်မလဲဆိုတာကို ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး မြန်မာပြည်ဒီမိုကရေစီအရေးကို အချိန်ကြာကြာကတည်းက ထောက်ခံခဲ့တဲ့ မစ္စတာ ခရိုင်ဆတ် ချွန်ဟာဗန် (Kraisak Choonhavan) ကို မေးမြန်းထားပါတယ်။

အစိုးရသစ်လက်ထက်မှာ မြန်မာပြည်ပေါ်လစီနဲ့ ပတ်သက်လို့ သိသာတဲ့ အပြောင်းအလဲတွေ ရှိလာနိုင်မလား။

[caption id="attachment_12534" align="alignleft" width="310" caption="မစ္စတာ ခရိုင်ဆတ် ချွန်ဟာဗန်"][/caption]

“ကျနော်ထင်တာကတော့ အစိုးရသစ်လက်ထက်မှာ ဘာမှ သိပ်တော့ သိသာတဲ့ ထူးခြားမှုတွေ ရှိလာမယ်မထင်ပါဘူး။ အဘိဇစ် (Abhisit Vejjajiva) လက်ထက်မှာ လူ့အခွင့်အရေးကိစ္စ ပျော့ပျောင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာသက်ဆင်နဲ့ ယင်လတ်ရဲ့ သမိုင်းကိုကြည့်ရင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လှုပ်ရှားခဲ့ဖူးတဲ့ နောက်ခံမရှိပါဘူး။ စီးပွားရေးပဲ လုပ်ခဲ့တာတွေ့ရတယ်။ ဒါကြောင့် စီးပွားရေးကိုပဲ ဦးစားပေးလုပ်သွားမယ်လို့ မှန်းဆရပါတယ်။ ဒီလိုမျိုး စီးပွားရေးကိုပဲ  ဦးစားပေးလွန်းလို့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ လူနေမှုဘ၀တွေကို ထိခိုက်တာတွေ ဖြစ်လာခဲ့ရင်  နိုင်ငံတကာရဲ့ ဝေဖန်တာတွေ ခံရမှာကို ကျနော့်အနေနဲ့ စိုးရိမ်မိပါတယ်။”

နောက်တခုက ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအတိုက်အခံတွေက အစိုးရသစ် လက်ထက်မှာ မြန်မာအတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေ ကန့်သတ်လာနိုင်မလား ဆိုပြီးတော့ စိုးရိမ်နေကြတာ ရှိပါတယ်။

“ကျနော်ထင်တာက သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ မြန်မာအတိုက်အခံ တော်လှန်ရေးသမားတွေကို ထိုင်းနိုင်ငံက ထွက်ခွာခိုင်းဖို့ ဆိုတာက မဖြစ်နိုင်သေးပါဘူး။ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန် ဖိအားပေးလာရင် နိုင်ငံတကာကလည်း ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးနဲ့ ဆက်နွှယ်နေလို့ပါ။ ဒါပေမယ့် သေချာပြောနိုင်တာတခုကတော့ ဒီအစိုးရက စီးပွားရေးကို ဦးစားပေးလုပ်ပါလိမ့်မယ်။ ဒါကြောင့် လူ့အခွင့်အရေးကိစ္စကို အများကြီး မျှော်လင့်မထားပါနဲ့။”

ဝန်ကြီးချုပ်လောင်း ယင်လတ်က ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လေးစားသလို မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ထောက်ခံ အားပေးသွားမယ်လို့ ပြောသွားတာရှိပါတယ်။ ဒါကိုရော ဘယ်လို ယူဆပါသလဲ။

“အို ဟုတ်လား။ ဒါမျိုးသူပြောသွားတယ်ဆိုရင် ကျနော်ကျေနပ်တယ်။ ဒီလိုပြောခြင်းဖြင့် မြန်မာပြည်ကိစ္စကို သူလေ့လာထားပြီးလို့ ယူဆလို့ ရပါတယ်။ ဒါဆိုရင်တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်တော့ဘူးလို့ ယူဆနိုင်တာပေါ့။ ဒီလိုပြောလိုက်တာက သူက အဘိဇစ်ထက်တောင် သာတယ်လို့ ပြောရမှာပေါ့။ အဘိဇစ်က ဒေါ်အောင်ဆန်းစုကြည် နာမည်တပ်ပြီးပြောတာ ကျနော်တော့ တခါမှ မကြားမိဘူး။

အစိုးရသစ်က စီးပွားရေးကိုပဲ ဦးစားပေးမယ်ဆိုတော့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ အပေါ်မှာရော ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ။

“အလုပ်သမားကိစ္စနဲ့ ပတ်သက်လို့တော့ အတတ်မပြောနိုင်ပါဘူး။ အလုပ်သမားတွေကို ပိုငှားမယ်၊ လျှော့ပစ်မယ်ဆိုတာက ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား သွင်းကုန်၊ ပို့ကုန်အပေါ်မှာ မူတည်ပါတယ်။ ဘာမှ အပြောင်းအလဲ ရှိမယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် ကျနော်အနေနဲ့ စိုးရိမ်တာတခုက ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စပဲ။ မြန်မာပြည်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ရင် ပြည်သူတွေအတွက် အကျိုးမရှိဘဲ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေကို ထိခိုက်တာပဲရှိတယ်။ ဒါကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူမှုဘ၀တွေကို ထိခိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေ ဖြစ်လာမှာကို ကျနော်စိုးရိမ်ပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာရင် ထိုင်းနိုင်ငံထဲကို မြန်မာပြည်က ဒုက္ခသည်တွေ ပိုပြီး ၀င်ရောက်လာမှာကို ကျနော်စိုးရိမ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013