DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်
DVB
·
December 2, 2015
ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့  တီအန်အယ်လ်အေ/တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နဲ့ မန်တုံမြို့နယ်ကြားက အွေလော၊ ပန်ကိုင်၊ မတ်ဝေါင်း၊ လွယ်ကျင်း၊ မန့်ဝိန်း၊ ဟိုပန် စတဲ့ ကျေးရွာအနီး တောတောင်ထဲမှာ ထိတွေ့ပစ်ခတ်မှု အနည်းဆုံး ၄ ကြိမ်ဖြစ်ပွားပြီး  သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့  ၂ ဘက်တပ်ဖွဲ့က ပြောပါတယ်။

တီအန်အယ်လ်အေ တအာင်းတပ် ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က “ကျနော်တို့ လှုပ်ရှားသွားလာနေတဲ့ တောထဲကို ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က အရင်ဆုံး ၀င်လာပြီး ကျူးကျော်တိုက်ခိုက်တယ်။ ကျနော်တို့ကလည်း ပြန်ပစ်တော့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ နမ္မတူမြို့နယ်ဘက်ကို တက်လာကတည်းက လမ်းမှာ ကျနော်တို့တပ်ဖွဲ့တွေက မလာဖို့ အကြိမ်ကြိမ်မေတ္တာရပ်ခံတယ်၊ ဒါပေမယ့် သူတို့က ဘာမှအကြောင်းမပြန်ဘဲ ထပ်တက်လာပြီးတော့ တိုက်ပွဲဖြစ်တယ်။ ၃၀ ရက်နေ့က အစိုးရတပ်မတော် စစ်ကြောင်းတွေပါ ရောက်လာပြီး ရှမ်းပြည်တပ်မတော်ဘက်ကနေ ကူပြီးတိုက်တယ်၊ တိုက်ပွဲပြင်းထန်တော့ ထိခိုက်ကျဆုံးတာတွေရှိတယ်၊ ကျနော်တို့ဘက်ကတော့ ၃ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

လက်ရှိ နယ်မြေထဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ အင်အား ၃၀၀ ကျော်နဲ့ အစိုးရ တပ်က တပ်ရင်း ၅ ရင်း ရောက်ရှိနေပြီး ဆုတ်ခွာသွားတာမရှိတဲ့အတွက် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကတော့ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် အမှတ် ၇၀၁ တပ်ရင်းက အဖွဲ့ဝင်တွေဟာ ဌာနချုပ်လွိုင်တိုင်းလျန်းမှာ သင်တန်းတက်ရောက်ပြီး အပြန်လမ်းမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရလို့  ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အဖွဲ့ဝင်တွေက ဌာနချုပ်မှာ အဖွဲ့ပေါ်လစီနဲ့ အန်စီအေစာချုပ်ဆိုင်ရာသင်တန်း လာတက်ပြီးတော့ အပြန်လမ်းခုလပ်မှာ တီအန်အယ်လ်အေ ရဲ့ ပြောက်ကျားနည်းနဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်။ အဖွဲ့ဝင် ၃ ဦး ထိမှန်ကျဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်။ အဲဒီထဲက ၂ ဦး ဒဏ်ရာအပြင်းအထန်ရတယ်။ အဲဒီနောက် တိုက်ပွဲဖြစ်တယ်၊ နောက်ပြီးတော့ ကျနော်တို့တပ်ဖွဲ့ကို အကူအညီပေးတဲ့ နမ့်ခမ်းက ရွာသား ၃ ဦးကို ဖမ်းခေါ်ပြီး သတ်လိုက်တယ်လို့ တီအန် အယ်လ်အေရဲ့ သတင်းမှာ ဖော်ပြထားတယ်။ လူ  ၂ ယောက် ကြိုးတုပ်ခံရပြီး သေနေတဲ့ ပုံတွေ လည်း ဖော်ပြထားတာ တွေ့ရပါတယ်၊ ရွာသားရဲ့ နာမည် အတိအကျရဖို့ စိစစ်နေပါတယ်။”

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ချင်းမိုင်အခြေစိုက်  ပြည်ထောင်စုလေ့လာရေး သုတေသနဗဟိုဌာနက ဒါရိုက်တာ ဦးခွန်ဆိုင်းက “ပစ်ခတ်မှုဖြစ်ရင် တဘက်တည်း နားမထောင်ဘဲ နှစ်ဘက်လုံး နားထောင်ရမယ်။ ချိန်ဆကြည့်ရမယ်၊ အခုဟာက ရန်သူနဲ့ဖြစ်တာမဟုတ်ဘဲ တမြေတည်းဖွား တိုင်းရင်းသားအချင်းချင်းဖြစ်တယ်၊ ဖြစ်ပြီးရင် သေကျေဒဏ်ရာရတော့ မကောင်းဘူးပေါ့။ ဘယ်ဘက်ကပဲ စပြီးပစ်ပစ် နောက်နောင် ထပ်မဖြစ်ရအောင်၊ ပြဿနာကြီးမလာအောင် ခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးပြီး သင့်မြတ်အောင်ပြန်လုပ်သင့်ပါတယ်”  လို့ ပြောပါတယ်။

တိုက်ပွဲဟာ ၃၀ ရက်နေ့မှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပေမယ့် တီအန်အယ်လ်အေဘက်က စွပ်စွဲထားသလို တပ်မတော်အစိုးရဘက်က ကူညီတိုက်ခိုက်တာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့ကတော့  လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013