DVB Logo
Home
မြန်မာသတင်း
ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် အမြင်သဘောထားများ
DVB
·
December 2, 2015
ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် အမြင်သဘောထားများ
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ မွန်းလွဲ ၂ နာရီကနေ ၃ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဘက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တဲ့အပေါ် အမြင်သဘောထားတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးထွန်းရီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)

“ဒီကနေ့တွေ့ဆုံမှုတွေဟာ အရေးပါတာပေါ့။ အရေးပါတယ်ဆိုတာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက တပ်မတော်ရဲ့အခန်းကဏ္ဍကို အတိုင်းအတာတခုအထိအောင် အသိအမှတ်ပြုထားတယ်လေ။ အဲဒီတော့ အသိအမှတ်ပြုထားတဲ့အခါကျတော့ တိုင်းပြည်ရဲ့ ရေရှည် အေးအေးချမ်းချမ်းသာသာယာယာနဲ့ အသွင်ကူးပြောင်းရေးအပါအ၀င် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်တဲ့အခါမှာ လက်ရှိအနေအထားအရ သူတို့ချင်း ညှိတယ်၊ နှိုင်းတယ်၊ ဆွေးနွေးတယ်၊ အဖြေရှာတယ်ဆိုတာကိုက ကောင်းတဲ့အလားအလာ တရပ်အနေနဲ့ အန်ကယ်တို့ပါတီက ကြိုဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စုနဲ့ နိုင်ငံတော်သမ္မတကြီးတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့တယ်၊ ဆုံတယ်၊ ညှိနှိုင်းတယ်ဆိုတာကိုက တိုင်းပြည်မှာ သူတို့မျှော်မှန်းထားတာ အစိုးရသစ်လက်ထဲကို အခြေခံဥပဒေနဲ့အညီ အေးအေးချမ်းချမ်း သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူး လွှဲပြောင်းပြီးတော့ အခြေခံဥပဒေအရ ဆက်ပြီးတော့ သွားနိုင်မှုကိုက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ ညှိနှိုင်းမှုဟာ ကောင်းတဲ့အလားအလာတခုလို့ပဲ အန်ကယ်တို့က မျှော်လင့်ထားပြီးတော့ အဖြေကောင်းတွေ ပေါ်လာပါစေလို့ပဲ ဆန္ဒပြုနေရတဲ့ အနေအထားပေါ့။”

ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ)

“ဒီကနေ့တွေ့ဆုံပွဲဟာ တော်တော်လေး အရေးကြီးတယ်လို့ ကျနော်သုံးသပ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံမှာက ဒီပြုပြင်ပြောင်းလဲရေးကို လူတိုင်းက မျှော်လင့်နေကြတယ်။ အဲဒါ ရွေးကောက်ပွဲလည်းပြီးသွားပြီ။ ပြည်သူတွေကလည်း ပြုပြင်ပြောင်းလဲရေး ပိုပြီးလုပ်နိုင်အောင်၊ လက်ရှိထက်ပိုပြီး လုပ်နိုင်အောင်ဆိုပြီးတော့မှ အန်အယ်လ်ဒီကို အနိုင်ပေးလိုက်ကြတယ်။ အဲဒီတော့ ဒီဟာက ဘာကြောင့်လဲဆိုရင် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကို ရှေးရှုတာပါ။ အခု တကယ့်ထိပ်တန်းခေါင်းဆောင်တွေ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဒီလိုတွေ့ဆုံပြီးတော့မှ နားလည်မှုတွေ ရရှိကြတယ်ဆိုတာကတော့ ဒါ အင်မတန်ဝမ်းသာစရာပါပဲ။ ဒါကြောင့်မို့လို့ ကျနော်ကတော့ ဖြစ်စေချင်တာ ဘာလဲဆိုလို့ရှိရင် ဒီခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့မှ တွေ့ဆုံပွဲရလဒ်၊ ကောင်းတဲ့ရလဒ်တွေ ရရှိလာနိုင်တယ်ဆိုတာကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း အခု ကြားရတယ်လေ။ ဒါကြောင့်မို့လို့ ၀မ်းသာပါတယ်။ ဒါကိုလည်း အပြောသက်သက် မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ ပြည်သူ့အကျိုး ၀ိုင်းဝန်းသည်ပိုးတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းနာနဲ့ ပြည်သူလူထု ၀မ်းပန်းတသာဖြစ်အောင် ကြိုဆိုနိုင်တဲ့ ရလဒ်တွေ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်း ဆက်လက်ကြိုးစားစေချင်တာပေါ့။ ဒါကြောင့်မို့လို့ ဒီနေ့ တွေ့ဆုံပွဲဟာ ကျနော်တို့နိုင်ငံအတွက် သမိုင်းဝင်တွေ့ဆုံပွဲလို့လည်း ခေါ်လို့ရတယ်။ အင်မတန်အရေးကြီးတဲ့ တွေ့ဆုံပွဲ ဖြစ်တယ်လို့ သတ်မှတ်ချင်ပါတယ်။

“သမ္မတကြီးက အမြဲတမ်းတော့ ပြောနေတာပဲ၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ မှန်မှန်ကန်ကန် အချိန်ရောက်လာတဲ့အခါ အာဏာလွှဲပြောင်းပေးမယ်ဆိုတာ။ နောက်ပြီး ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုတယ်ဆိုတာ ပြောနေတာပေါ့လေ။ ဒါကြောင့်မို့လည်း လူတွေက စိတ်အေးကြတာပေါ့။ အဲဒီတပ်မတော်နဲ့ ပတ်သက်တာ ဘယ်လိုများ ကြားရမလဲဆိုတာတွေ၊ ဘယ်လိုဟာမျိုးတွေ မြင်တွေ့လာရမလဲဆိုတာ လူတွေက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်၊ စောင့်မျှော်နားထောင်တဲ့သူလည်း အများကြီးရှိပါတယ်ဆိုတဲ့အခါကျတော့ အခု တပ်မတော်ဘက်က ဒီ အဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ ခုလို ပျော့ပျောင်းတဲ့နည်းနာနဲ့ အာဏာလွှဲပြောင်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို ရှေးရှုတယ်ဆိုတာကို ကြားရတော့ ၀မ်းသာပါတယ်။ ရှေ့ဆက်လည်းပဲ နောက်တက်လာမယ့်အစိုးရက တပ်မတော်နဲ့ ပြေပြေလည်လည်ဆက်ဆံသွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အပြန်အလှန် နားလည်မှုရှိရှိနဲ့ အခုကိုရော၊ နောင်ကိုရောပေါ့ ဆက်လက်လုပ်ဆောင်သွားသင့်တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ဦးမြတ်သူ (ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ)

“ဒါကတော့ ကြိုဆိုရမှာပေါ့ဗျာ။ ကျနော်တို့ ဒီရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတရပ်ကို ချောချောမွေ့မွေ့နဲ့ အာဏာလွှဲမယ်ဆိုလို့ရှိရင် ဒီဟာက တော်တော်ကောင်းတဲ့ အရာလို့ပဲ ကျနော်မြင်ပါတယ်။ ရှေ့ပိုင်းမှာလည်း ကျနော်တို့တွေ ဖြတ်သန်းမှုတွေ အများကြီး ဖြတ်သန်းခဲ့တဲ့အခါမှာ ဒီလိုအခြေအနေတရပ်ကို ကျနော်တို့ တိုင်းပြည်က မရခဲ့ဘူးပေါ့နော်။ အခုဆိုရင်တော့ ဒီမိုကရေစီနဲ့ တော်တော် နီးနီးစပ်စပ်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒီဟာကိုလည်း ကျနော်တို့က ကြိုဆိုရမှာပါ။

“အဓိကကတော့ ခွင့်ပြုပေးထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့နော်။ တချို့အရာတွေက ဒီမိုကရက်တစ် မဖြစ်တာတွေရှိတယ်။ တဘက်မှာလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ အဲတော့ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းတွေ၊ လုံခြုံရေးအေဂျင်စီကိစ္စတွေ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ပြဿ   နာတွေ ရှိလာခဲ့ရင်တော့ နည်းနည်းလေး နှေးကွေးနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လည်း နှစ်ဘက်လုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကျနော်ကတော့ တော်တော် အကောင်းမြင်ပါတယ်ခင်ဗျာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013