DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျ ကျောင်းသားနှင့် ၀န်းရံသူ ၈ ဦး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူ
DVB
·
December 2, 2015
အကျဉ်းကျ ကျောင်းသားနှင့် ၀န်းရံသူ ၈ ဦး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူ
1 / 11
Donate to DVB

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ ၅ဝ ကျော်ထဲက ၈ ဦးဟာ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဆေးကုသမှုခံဖို့အတွက် သာယာဝတီမြို့နယ်ဆေးရုံက ဒီဇင်ဘာ ၁ ရက်နေ့မှာ စာထုတ်လိုက်ပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဒီနေ့ ဆေးကုသမှု ခံယူနေတာပါ။

ကျောင်းသူ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၈ ဦးဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါ အများစု ခံစားနေရပြီး အဆုတ်၊ ခေါင်းမူးတာနဲ့ ယားယံတာတွေ ဖြစ်တာများတယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ရောဂါတွေကတော့ ဦးနှောက်နဲ့ အာရုံကြောပါတယ်။ အဆုတ်မကောင်းတာတွေပါတယ်။ သွေးတိုး၊ နှလုံးပါမယ်။ နားတွေ ဘာမှမကြားရတာတွေ ပါတယ်ပေါ့။ သူတို့က ထောင်ထဲမှာ ဆေးကုသခွင့် မရဘူးလေ။ အခုမှသာ သူတို့က ကုခွင့်ရတာပေါ့။ သူတို့အရင်က အရိုက်ခံရတဲ့ ဒဏ်တွေက အခုမှကုတာပေါ့။ မျက်စိထိတာ၊ နှာခေါင်းထိတာတွေ အဓိကကတော့ ဦးနှောက်နဲ့ အာရုံကြောဖြစ်တာများတယ်။ တချို့ကျတော့လည်း အရေပြားဖြစ်တာ များတယ်လေ။ မိန်းကလေးတွေကျတော့ အရေပြားရောဂါဖြစ်တာ။”

ဆေးကုသမှု ခံယူခွင့်ရသူတွေကတော့ ကိုမင်းမင်းဇော်၊ ကိုဘိုဘိုမျိုး၊ ကိုမျိုးထက်ပိုင်၊ ကိုတင်ဇာထွန်း၊ ဦးခင်မောင်ဝင်း၊ မဟန်နီဦး၊ ကိုကျော်စွာလင်းနဲ့ ကိုဝေယံထွန်းတို့ ဖြစ်ပါတယ်။

သူတို့ဟာ ဆေးကုသခံဖို့အတွက် သာယာဝတီမြို့နယ်ဆေးရုံက စာထုတ်ပြီးနောက် ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဆေးကုခွင့်ရရှိတဲ့ မဟန်နီဦးရဲ့ဖခင် ဦးထွန်းဦးက ကျောင်းသူကျောင်းသားတွေ ကုသမှု ခံယူဖို့ ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

“ဆေးရုံမှာ ၁၁-၁၂ မှာဆိုရင် အားလုံးရှိတယ်။ ၈ ယောက်ပေါ့။ မဟန်နီက တယောက် ကျန်တာ ယောက်ျားလေးတွေပါ။ လုပ်စရာရှိတာတွေ ဆရာဝန်တွေက အခု လုပ်နေပါတယ်။ ဆေးဝါးအတွက် လိုအပ်တဲ့ဟာတွေကို သူတို့ စစ်ဆေးနေတာပေါ့နော်။”

ဆေးကုသမှုကို ရက်အကန့်အသတ်မရှိဘဲ ရောဂါသက်သာ ပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုမှ သာယာဝတီထောင်ထဲကို ပြန်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေက အစာငတ်ခံ ဆန္ဒပြလို့ ရန်ကုန်ဆေးရုံကို ရောက်ရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ဆေးကုသမှုတွေ ဆက်လက်ခံယူနေရဆဲ ဖြစ်ပါတယ်

သတင်းဓာတ်ပုံ - အောင်အောင်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013