DVB Logo
Home
မြန်မာသတင်း
မြောင်းဆီများ ရောနှောရောင်းချမှု အရေးယူရန် စီးပွားကူးသန်းဝန်ကြီး ညွှန်ကြား
DVB
·
December 2, 2015
မြောင်းဆီများ ရောနှောရောင်းချမှု အရေးယူရန် စီးပွားကူးသန်းဝန်ကြီး ညွှန်ကြား
Donate to DVB

ပြည်တွင်းဈေးကွက်မှာ မသန့်ရှင်းတဲ့ စားသုံးဆီတွေကို  ပြန်လည်သန့်စင်ပြီး စားအုန်းဆီနဲ့ ရောနှောရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ညွှန်ကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော် စီးပွားကူးသန်း ၀န်ကြီးဌာနရုံးမှာကျင်းပတဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီရဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

“ယခုရက်ပိုင်းအတွင်း စက်မှုလုပ်ငန်းတွေမှာ အသုံးပြုပြီး မြောင်းဆီလို့ လူသိများတဲ့ မသန့်စင်သော ဆီတွေကို ပြန်လည်သန့်စင်ကာ စားအုန်းဆီဖြင့် ရောနှောရောင်းချနေသည့် သတင်းများ ရှိနေကြောင်း၊ အများပြည်သူကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ကိစ္စဖြစ်လို့  ထိထိရောက်ရောက် အရေးယူဖို့ ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသွားပါတယ်။

စားသုံးရန်မသင့်သည့်ဆီတွေ နိုင်ငံတွင်း လက်ရှိ ၀င်ရောက်လာမှု အရင်ကထက်စာရင် နည်းပါးသွားပြီလို့ မန္တလေးတိုင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးကိုကိုကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ခုတော့ အဲဒီကိစ္စတွေက စီးပွားကူးသန်း ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး ထိန်းလိုက်တော့ တော်တော်လေးတော့ ငြိမ်သွားပြီ၊ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်က ပြဿ     နာ ဖြစ်ခဲ့တာပေါ့လေ။ တရုတ်ဘက်နေပြီးတော့ မြောင်းထဲကို စွန့်ပစ်ထားတဲ့ ဆီတွေကို စက်နဲ့ ချွတ်ပြီးတော့ ပြန်ရောင်းတာပေါ့လေ။ ရောင်းတော့ အဲဒီဆီက မြန်မာပြည်ထဲကို ၀င်လာတာ၊ ကျနော်တို့ ဆီအသင်းကပဲ အစည်းအဝေးမှာ အဲဒီဆီတွေတော့ ၀င်လာနေတယ်၊ ခဲလည်းမခဲဘူး၊ ဒီလိုကြားတယ် စုံစမ်းပေးပါဆိုတော့  စုံစမ်းတော့ ဘာတွေ့လဲဆိုတော့  ဟုတ်တယ် မြောင်းထဲကနေ စွန့်ပစ်ထားတဲ့ဆီတွေကို စုပြီးတော့ ပြန်ချွတ်ပြီးတော့ အရောင်အနံ့ အရသာ ချွတ်ပြီးတော့ ထုပ်ပိုးပြီးတော့ မြန်မာပြည်ရော တခြားနိုင်ငံတွေကောပို့လားတော့ မသိဘူး၊ မြန်မာပြည်ကို ၀င်တဲ့လမ်းကြောင်းတွေ့တယ်၊ ၀င်တော့ အဲဒီလမ်းကြောင်းကို ပိတ်တယ်၊ ဒီနောက်ပိုင်း မိုဘိုင်းအဖွဲ့တွေရော တော်တော်လေးတော့ပိတ်တယ်၊ နောက်ပိုင်း ဒီတနှစ်လောက်ရှိပြီ အဲဒီကောင် အ၀င်မရှိဘူးဆိုတာ  တွေ့လာရတယ်။”

မသန့်ရှင်းတဲ့ အဆိုပါစားသုံးဆီတွေ စားသုံးမိရင် ကင်ဆာဖြစ်စေနိုင်တာကြောင့် အရေးယူဆောင်ရွက်ပေးဖို့ ဦးကိုကိုကြီးက လွှတ်တော်မှာ အရင်က တင်ပြဆွေးနွေးခဲ့ဖူးပါတယ်။

မနေ့က အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်း ကြက်သွန်နီဈေးနှုန်းတွေ ယခုနှစ် ထူးခြားစွာ မြင့်တက်နေတဲ့အတွက် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေက တင်သွင်းခွင့်ပြုပေးထားပြီး ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

စီးပွားကူးသန်းဌာနအနေနဲ့လည်း ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်း အဆမတန် မြင့်တက်လာနေတာကို ထိန်းချုပ်ဖို့နဲ့ ဈေးနှုန်း တည်ငြိမ်ရေးအတွက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကနေ ကြက်သွန်နီတွေကို အကန့်အသတ်နဲ့ ၀ယ်ယူတင်သွင်းခွင့်ပြုမယ်လို့  ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။

အရင်က ပြည်တွင်းဈေးကွက်မှာ  ကြက်သွန်ဈေး ၁ ပိဿာ   ပျမ်းမျှ ကျပ် ၁၀၀၀ လောက်ရှိရာက လက်ရှိကျပ် ၄၀၀၀ ဈေးတက်လာနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013