DVB Logo
Home
Lead Story
လူသစ်များသို့ပေးစာ (၂)
DVB
·
December 2, 2015
လူသစ်များသို့ပေးစာ (၂)
Donate to DVB

ကျနော်ငယ်ငယ်ကတည်းက နိုင်ငံခြားဆိုတာ သွားရလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ လက္ခဏာမှာလည်း အဲဒီမျဉ်းကြောင်း ပါ မပါကို မကြည့်တတ်ပါ။ ဒါပေမယ့် ပြည်ပမှာနေရတာတော့ နှစ်အစိတ်ကျော်နေပြီ။

အထက်တန်းကျောင်းသားဘဝ မြန်မာပညာတော်သင်တွေအကြောင်း သံရုံးတွေကထုတ်တဲ့ စာစောင်တွေထဲမှာ ဖတ်ရရင် အတော်တော့ အားကျတာအမှန်ပါ။ အဲဒါက အမေရိကန်နဲ့ ဗြိတိန်သံရုံးကနေ မှာပြီးဖတ်တဲ့ စာအုပ်တွေထဲမှာ တွေ့တာပါ။ အထက်တန်းကျောင်းသားဘဝမှာ သံရုံးတိုင်းကနေ စာစောင်တွေ စာအုပ်တွေ လှမ်းမှာတဲ့ ဝါသနာရှိလို့ စာအမျိုးစုံကို ဖတ်ခဲ့ရတယ်။ စာတိုက်ကနေ ပို့ပေးသမျှ အကုန်ပါပဲ။ အနောက်ဂျာမနီ (ဂျာမနီနိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ်နိုင်ငံဖြစ်ရာကနေ ၃-၁ဝ-၁၉၉ဝ ရောက်မှ တနိုင်ငံတည်းပြန်ဖြစ်တယ်) သံရုံးက စာအုပ်တွေက စာအုပ်အရည်အသွေး အကောင်းဆုံးဖြစ်တယ်။ ဆိုဗီယက်၊ တရုတ်၊ ယူဂိုဆလားဗီးယား စတဲ့ လက်ဝဲနိုင်ငံတွေက လာသမျှ စာရွက်အတော်ညံ့တယ်။ လက်ဝဲအယူအဆနဲ့ အမိန့်နာခံမှုကိုသာ ဖတ်ရပြီး သူတို့တိုင်းပြည်တွေမှာ တိုးတက်အောင်မြင်နေကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းထားတာတွေ ပါတယ်။ ကလေးဘဝ နိုင်ငံတကာအရေး အကဲဖြတ်ချက်က သည်လောက်သာ ရှိပါတယ်။

မဆလ အစိုးရက လက်ဝဲနဲ့ ဆိုရှယ်လစ်ဘက်ယိမ်းတော့ အစိုးရရေဒီယိုနဲ့ သတင်းစာတွေမှာ အဲဒါတွေသာပါတယ်။ အမေရိကန်သံရုံးက ထုတ်ဝေနေတဲ့ လင်းရောင်ခြည်ဂျာနယ် ပိတ်ခံရတာလည်းသိတယ်။ ဘီဘီစီ ငွေဗျိုင်းဖြူကဏ္ဍ၊ လူရည်ချွန်ကဏ္ဍ ပိတ်ခံရတာလည်း မှတ်မိတယ်။ ဘာလို့လဲတော့ သိပ်မသိခဲ့ပါ။

ဆေးကျောင်းသားဘဝရောက်တော့ နည်းနည်း နားလည်လာတယ်။ ဗိုလ်ချုပ်နေဝင်းအစိုးရကို မကြိုက်တာ မှန်ပေမယ့် တရုတ်ပြည်ကနေ အသံလွှင့်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရေဒီယိုကနေ အလွန့်အလွန် တဘက်သတ်ဆန်တဲ့ အပြောအဆို အသုံးအနှုန်းတွေကို နားကြားပြင်းကပ်ရာကနေ ၁၉၆၇ တရုတ်အရေးအခင်းမှာ ပါသွားတယ်။ မန္တလေးနန်းတွင်းက ထောင်ထဲမှာ တနေ့တာ ထိန်းသိမ်းတာ ခံရဖူးတယ်။ ဗိုလ်နေဝင်းဆန့်ကျင်ရေးလုပ်တာလို့ မပြောလိုပါ။ ကွန်မြူနစ်ဆန့်ကျင်ရေးလို့လည်း တံဆိပ်ကပ်လို့ မရပါ။

ဆေးကျောင်းအပြီးမှာ သူငယ်ချင်းတချို့က အင်္ဂလန်ထွက်ကြတော့ နည်းနည်းအံ့သြမိတယ်။ ဘယ်လိုက ဘယ်လိုတော့ မမေးမိပါ။ ဆရာဝန်တွေ မလေးရှား၊ ဂျမေကာ စတဲ့နိုင်ငံတွေကို သွားအလုပ်လုပ်ကြတာ ကြားရတယ်။ အဲဒါလည်း မစပ်စုဖြစ်ပါ။ ကျနော်က တောနယ်ဆေးရုံတွေမှာ တာဝန်ကျနေပြီ။ နိုင်ငံခြားသွားအိပ်မက် မမက်နိုင်ပါ။

နိုင်ငံရေးထဲရောက်တော့ နိုင်ငံခြားအကူအညီနဲ့ အဆက်အသွယ်ကို တားမြစ်တာသိတယ်။ ကိုယ်က နယ်မှာသာနေရလို့ ဘယ်သံရုံးကိုမှလည်း အဝင်အထွက်မရှိပါ။ တကယ်တမ်း ကျနော်က အိန္ဒိယကို သွားခဲ့ရတာ မှန်ပေမယ့်၊ ၁၉၈၈ အရေးအခင်းကာလမှာ အိန္ဒိယသံရုံးကနေ ကူညီတယ်ဆိုတာကို အိန္ဒိယရောက်မှသာ သိတာပါ။ စင်ပြိုင်အစိုးရဖွဲ့ဖို့ရာ စိုင်းပြင်းကြတုန်းက အမေရိကန်သံရုံးကို သွားစကားပြောဖို့ ဖြစ်လာပါတော့တယ်။ အစည်းအဝေးကနေ ရွေးချယ် တာဝန်ပေးထားသူက မသွားတော့ ဗြဟ္မာကြီးဦးခေါင်းက ကျနော့်ပခုံးပေါ် ကျလာပါရော။ တာဝန်ယူရဲတဲ့သတ္တိ ရှိပေမယ့် အမေရိကန်သံရုံးကို မသွားဖို့ နောက်ဆုံးမိနစ်မှာ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကံတရားကနေ ဖယ်မပေးတာလို့ မှတ်ယူပါတယ်။ သွားလိုက်တာနဲ့ အင်းစိန်ထောင်ထဲ အစောဆုံးဝင်ရတဲ့အမတ် ဖြစ်နိုင်တယ်။

အိန္ဒိယကို ထွက်ရတာကလည်း ဇာတာအရသာဖြစ်မယ်။ သွားဖို့တာဝန်ရှိတာက ထိုင်းနယ်စပ်ပါ။ ၁၉၉ဝ ဒီဇင်ဘာလထဲမှာ ထောက်လှမ်းရေးတွေက အိမ်ကိုလာဖမ်းတော့ လွတ်အောင်ရှောင်နိုင်လို့ နောက်နေ့မနက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် နောက်ကျာဖုံးမှာ ဓာတ်ပုံနဲ့အတူ တရားခံပြေးအဖြစ် တွေ့ရတယ်။ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကိုယ့်လူတွေက ထိုင်းနယ်စပ်ကို သွားနေကြပြီ။ ကျနော် ပုန်းအောင်းနေတဲ့ နေရာကနေ ထိုင်းနယ်စပ်ကို သွားဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ပါ။ အဲလောက်ထိ မစွန့်စားဘို့ ဆုံးဖြတ်လိုက်ပြီး အနီးဆုံးဖြစ်တဲ့ အိန္ဒိယကိုသာ ရွေးချယ်လိုက်ပါတယ်။ ဘယ်ကားမှလည်း ငှားရမှာမဟုတ်လို့ ကိုယ့်ကားကိုသာ ကားလမ်းအဆုံးဖြစ်တဲ့ ဟားခါးအထိမောင်းတယ်။ နောက်ထပ် ၆ ရက်နဲ့ ၅ ည ခြေလျင်ခရီးနဲ့ ချင်းတောင်တွေကိုဖြတ်၊ အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ပါတော့တယ်။

ကျနော်တို့ အမျိုးသားညွန့်ပေါင်းအစိုးရကို အဝေးရောက်အစိုးရလို့ မီဒီယာတွေက သုံးပါတယ်။ စစ်အစိုးရကတော့ ပြည်ပြေးလို့ ခေါ်ပါတယ်။ တိုင်းပြည်တွေ ရှိသမျှ ပြေးရတယ်။ ကျနော်ငယ်တုန်းက စာအုပ်တွေ မှာယူဖတ်ခဲ့တဲ့ သံရုံးတွေရဲ့ နိုင်ငံတွေကို ရောက်ပါတော့တယ်။ စာရွက်စာသား အကောင်းဆုံးထုတ်တဲ့နိုင်ငံကို အခေါက်ခေါက်ရောက်တယ်။ မော်စကို ကိုတော့ (ထရန်ဆစ်) သာ ရောက်တယ်။ လင်းရောင်ခြည်မဂ္ဂဇင်း ထုတ်ဝေခဲ့တဲ့နိုင်ငံမှာ အခြေချလိုက်ရပါတော့တယ်။ ကျနော်ဟာ နိုင်ငံခြားရောက် ရွှေမြန်မာ သုံးလေးသန်းလောက်ထဲက တယောက်သာဖြစ်ပါတယ်။

အခု လူသစ်တွေကတော့ ကံကောင်းကြမှာ သေချာတယ်။ ပြည်ပကို တရားဝင်ခရီးတွေကို ပါတီကိုကိုယ်စားပြုပြီး သွားလာနိုင်ကြတော့မယ်။ ကျနော်တို့တုန်းက အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြောတာပါလို့ ပြောရပေမယ့် အန်အယ်လ်ဒီ ခေါင်းဆောင်မှုနဲ့ အဆက်အသွယ်လုပ်လို့ မရပါ။ လုပ်လိုက်ရင် အထဲကလူတွေ ထောင်ထဲရောက်မယ်။ ပါတီပါ အဖျက်ခံရနိုင်သေးတယ်။ လူသစ်တွေကနေ အထဲနေလူထုနဲ့ အပြင်နေလူထု နှစ်ရပ်လုံးအကျိုးကိုပါ နိုင်ငံတကာစင်မြင့်မှာ သယ်ပိုး ဖော်ဆောင်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013