
စစ်ကိုင်းတိုင်း ကနီမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော် ၂ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ် ဝင်မနားကျေးရွာကို မေ ၇ ရက် ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတဲ့အပြင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဝင်မနားကျေးရွာမှာနေထိုင်တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတယောက်က “ဂျက်ဖိုက်တာနဲ့ ၃ ခါဗုံးကြဲသွားတယ်၊ လောလောဆယ်တော့ ရဲဘော် ၂ ယောက်ထိတယ်လို့ သိထားရပါတယ်၊ အခြေအနေတော့ စိုးရိမ်ရတယ်၊ ဘေးရွာတွေမှာလည်း ထိခိုက်မှုရှိတယ် အိမ်တွေရော လူတွေရော ထိကြတယ်။ အခြေအနေအတိအကျတော့ ပြောရခက်နေတယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဝင်မနားကျေးရွာက ပြည်သူတွေကို ကျေးရွာထဲမှာ ညမအိပ်ဘဲ အပြင်ထွက် နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အမိန့်ထုတ်ထားပါတယ်။
လက်ရှိမှာတော့ ကနီမြို့နယ် ယာကြီးကျေးရွာတဝိုက်ကို စစ်တပ် စစ်ကြောင်း ရောက်ရှိနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။










