DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်မှုကြောင့် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ကျဆင်းလာ
DVB
·
December 1, 2015
ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်မှုကြောင့် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ကျဆင်းလာ
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေ တိုးမြှင့်ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ဖြစ်ပွားနှုန်း ကျဆင်းလာတယ်လို့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျတ်ကို ၄ ဆ တိုးမြှင့်ပေးလိုက်ပြီး အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် အသုံးစရိတ်လည်း တိုးမြှင့်ပေးလိုက်တာကြောင့် ရောဂါကူးစက်မှု ကျဆင်းလာတာလို့ ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားမှာ ဦးမြင့်ဆွေက ပြောသွားတာပါ။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကျန်းမာရေးအသုံးစရိတ်ကို နှစ်စဉ် တိုးမြှင့်ခဲ့ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို ၄ ဆနီးပါး တိုးမြှင့်သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ အိတ်ခ်ျအိုင်ဗွီကုသရေး လုပ်ငန်းများအတွက် ဒေါ်လာ ၅ သန်းနဲ့ မူးယစ်ဆေး အစားထိုး ဆေးတိုက်ကျွေးရေး စီမံချက်မှာ  ဒေါ်လာ ၁ သန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုများကို အနည်းငယ် ပြောကြားလိုပါတယ်။ ကနေ့အချိန်ခါမှာ မြန်မာနိုင်ငံအနေဖြင့် အိတ်ခ်ျအိုင်ဗွီရောဂါ ကာကွယ်တားဆီးရေးနဲ့ အေအာတီဆေးဝါး ကုသရေးလုပ်ငန်းများကို တိုးချဲ့နိုင်ခဲ့တဲ့အတွက် ဦးတည်အုပ်စုများ ဖြစ်ကြသော အမျိုးသားလိင်တူချစ်သူများ၊ လိင်အလုပ်သမများနှင့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအကြား အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်းများ သိသာစွာ ကျဆင်းလာခဲ့ကြောင်း သိရှိရပါတယ်။”

လက်ရှိ မြန်မာနိုင်ငံအနှံ့ အစိုးရဆေးရုံတွေ အပါအ၀င် အေအာတီစင်တာ ၁၀၀ လောက် ဖွင့်လှစ်ပေးထားပြီး လာမယ့်နှစ်မှာ စင်တာသစ်တွေ တိုးချဲ့ပေးဖို့နဲ့ အေအာတီဆေးဝါး လိုအပ်ချက်တွေကို ၈၅ ရာခိုင်နှုန်းအထိ တိုးပေးဖို့ ကျန်းမာရေးဌာနက အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂၁၀၀၀၀ ခန့်ရှိပြီး အေအာတီ ရောဂါတန့်ဆေး သောက်ဖို့လိုအပ်တဲ့ လူနာတ၀က်လောက် ဆေးမရဘဲ ရှိနေတယ်လို့ မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ်ရောဂါ ကုသရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ကြေညာထားပါတယ်။

အိတ်ခ်ျအိုင်ဗွီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ပြည်ကြီးခင်အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်နွယ်ဇင်ဝင်းကလည်း အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး အေအာတီဆေး သောက်နေရသူတွေကို ပိုပြီး လွယ်ကူစေဖို့အတွက် သူတို့နေထိုင်ရာ မြို့နယ်တွေမှာ ဆေးပေးစင်တာတွေ ဖွင့်ထားပေမယ့် ဆေးလာထုတ်သူမရှိ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဆေးပေးတဲ့ စင်တာတွေက ဒီနှစ်မှာ တိုးလာတယ်ရှင်။ ၂၀၁၆ မှာလည်း ထပ်တိုးဖို့ရှိတယ်။ ၂၀၁၄ မှာ စလုပ်တယ်။ ၂၀၁၅ မှာ တိုးလာတယ်။ ဒါပေမယ့် တချို့စင်တာတွေမှာ စင်တာပဲဖွင့်ထားတယ်။ လူတွေက ဆေးလာမယူဘူး။ အရင်တုန်းကဆိုရင် ပုသိမ်ဆိုရင် ပုသိမ်မှာပဲ ယူလို့ရတယ်။ အခု နောက်ပိုင်းမှာ စင်တာအလိုက် ဧရာဝတီ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ အဲလို အခွဲတွေ ဖွင့်ပေးတယ်။ ဒါပေမယ့် အဲဒီဒေသမှာ လာယူနေတဲ့သူက ကိုယ်နေရာဒေသမှာ ပြန်မယူချင်ကြဘူးပေါ့နော်။ အကြောင်းအရာတွေတော့ ရှိတာပေါ့။ ဆရာဝန်မရှိလို့ ဆေးသွားယူတဲ့အခါမှာ အဆင်မပြေတာမျိုး ရှိသလို တချို့က ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ့်ကိုသိသွားမှာကို စိုးရိမ်တဲ့အတွက် မယူဘူး။ ဒါကြောင့်လည်း ဆေးပေးတဲ့နေရာမှာ နှောင့်နှေးမှုတွေ ရှိတာပေါ့။ အဲတော့ ဆေးများများလာယူဖို့လိုတယ်။”

မြန်မာနိုင်ငံအတွင်းမှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာ ခံစားရသူတွေ အနေနဲ့က အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်တယ်လို့ ကိုယ်တိုင် ရောဂါခံစားနေရတဲ့ ကိုထင်အောင်က ပြောပါတယ်။

“ခွဲခြားဆက်ဆံခံနေရတာကတော့ နိုင်ငံတ၀ှမ်းမှာ ဖြစ်နေပါတယ်။ အထူးသဖြင့် ကျနော်တို့ ဒီဆေးရုံမှာ တက်တဲ့သူတွေ တခြားဆေးရုံကို သွားတဲ့အခါကျရင် တခြား အထွေထွေကုတွေဘာတွေ ရောက်ရင်လည်း အနှိမ်ခံရတယ်။ တချို့နယ်ဆေးရုံတွေဆိုရင် ပိုဆိုးတယ်။ အမှန်ကတော့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်တယ်ဆိုတာက ရောဂါတမျိုးပဲလေ။ ရောဂါသည်လည်း လူထဲကလူပဲ၊ ခွဲခြားဆက်ဆံစရာ အကြောင်းကိုမရှိဘူး။ ဒါကြောင့် ရောဂါသည်တွေကို တွေ့တဲ့အခါ အားပေးကူညီပါ။ ခွဲခြားဆက်ဆံမှုတွေ မလုပ်ပါနဲ့လို့ ပြောချင်တယ်။”

လာမယ့် အစိုးရသစ်လက်ထက်မှာ အေအာတီဆေးတွေ လိုအပ်နေသူတွေလက်ထဲ ရောက်ဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေကို အပြောင်းအလဲတခု အနေနဲ့ လုပ်ဆောင်သွားမယ်လို့  အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဦးစီးပြီး တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အခမ်းအနားတွေ ကျင်းပကြသလို နာရေးကူညီမှုအသင်း အပါအ၀င်  အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း နေရာဒေသ အသီးသီးမှာ ကျင်းပပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ  အထိမ်းအမှတ် အခမ်းအနား ကျင်းပပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013