DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ တပ်မတော်ကြား ဆက်ဆံရေး ဆွေးနွေး
DVB
·
December 1, 2015
တရုတ်-မြန်မာ တပ်မတော်ကြား ဆက်ဆံရေး ဆွေးနွေး
Donate to DVB

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနန်စစ်ဒေသမှူး ဗိုလ်မှူးချုပ် ယန်ဂွမ်းရယ်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတကာ ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေတွေ ဆွေးနွေးကြပါတယ်။

မနေ့မနက်ပိုင်းက ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံရာမှာ ရွေးကောက်ပွဲ အခြေအနေ၊ တပြည်လုံး အပစ်ရပ်သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးအပြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှု ကိစ္စတွေမှာ အပြန်အလှန် သတင်းဖလှယ်ရေး၊ ပူးပေါင်းတားဆီးရေးတွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဘုရင့်နောင်ရိပ်သာမှာ ကျင်းပတဲ့ ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးတွေ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး ၀ါရင့်ဗိုလ်မှူးကြီး ၀မ်ဂျင်ဘိုနဲ့ တရုတ်တပ်မတော်က အရာရှိကြီးတွေလည်း ပါဝင်တက်ရောက်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “တရုတ်က ဒီလိုပါ၊ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေပေါင်းပြီး အာဆီယံနဲ့ တရုတ်နဲ့ စစ်ရေးအရ ပူးပေါင်းဖို့ လုပ်ဆောင်တာတွေ အများကြီးရှိပါတယ်။ နောက်တခုက တောင်တရုတ်ပင်လယ်ကိစ္စနဲ့  ပတ်သက်လို့လည်း အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ Code of Coduct (လိုက်နာရမယ့်ကျင့်ဝတ်) ပေါ့ သဘောတူညီချက်တွေရဖို့ တော်တော် ကြိုးစားနေတာတွေ ရှိပါတယ်။ အဲဒီဟာတွေရဲ့ အဆက်ဖြစ်လိမ့်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

“နောက်တခုကလည်း ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ နယ်စပ်တလျှောက်မှာရှိတဲ့ တပ်တွေနဲ့ ဆက်ဆံရေးတွေပေါ့၊ အဲဒီဟာကလည်း နည်းနည်းပါးပါး ရှုပ်ထွေးလာမှာကို စိုးရိမ်လို့ ကြိုတင်ပြီးတော့ သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

နှစ်ဆန်းပိုင်း ကိုးကန့်ဒေသတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဇွန်လဆန်းကစလို့ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က စစ်ရေးလေ့ကျင့်ရာမှာ ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်၊ သံချပ်ကာနဲ့ ရေဒါတပ်သားတွေ အပါအ၀င် တပ်သားမျိုးစုံ ပါဝင်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပြီး စစ်ရေးလေ့ကျင့်မှု ပြီးမြောက်မယ့်အချိန်ကို မထုတ်ပြန်သေးပါဘူး။

မြန်မာ့နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကတော့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကိစ္စကို အလေးထား ဆွေးနွေးမယ်လို့ ယူဆတယ်လို့ ပြောပါတယ်။

သူက “တရုတ်ဘက်ကတော့ နယ်စပ်က လက်နက်ကိုင်တွေကိစ္စပဲ အဓိကဖြစ်မှာပေါ့။ သူတို့တွေ အဓိကလိုချင်တာက တည်ငြိမ်ရေးကိုပဲ အဓိကလိုချင်တာလေ။ အခုငြိမ်းချမ်းရေးဖြစ်စဉ်တွေ အကုန်လုံး အဆင်မပြေ ဖြစ်သွားတာကလည်း ကိုးကန့်ကိစ္စတွေနဲ့ ဆက်စပ်နေတာပေါ့။ ဆက်စပ်နေတဲ့ အခါကျတော့ အဲဒါတွေကို အဓိက ပြောဆိုကြမယ်နဲ့ တူပါတယ်။"

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေက ဒဏ်ခတ်ပိတ်ဆို့ခံခဲ့ရတဲ့ မြန်မာစစ်အစိုးရဟာ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်လယ်ပိုင်းမှာ တရုတ် ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင် မြန်မာနိုင်ငံကို လာရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့စဉ်မှာ နှစ်နိုင်ငံအစိုးရချင်းသာမက တပ်မတော်ချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးကို နောက်တဆင့် တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်နွေးထွေးလာခဲ့ပါတယ်။ ဒီနိုင်ငံတွေက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးခဲ့ကြပေမယ့် လက်နက်တင်ပို့ရောင်းချမှုကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013