DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် မိုင်းနောင်တွင် မိုင်းကွဲ၊ သံဃာ ၂ ပါး ဒဏ်ရာရ
DVB
·
December 1, 2015
ရှမ်းပြည်နယ် မိုင်းနောင်တွင် မိုင်းကွဲ၊ သံဃာ ၂ ပါး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းနောင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက မိုင်းပေါက်ကွဲပြီး သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

နိုဝင်ဘာ ၃၀ ရက် ညနေ ၅ နာရီကျော်လောက်က မိုင်းနောင်မြို့ အနောက်ဘက် နားကန်းကျေးရွာ ကုန်းတော်ကျောင်းတိုက်က ကိုရင် ၃ ပါးနဲ့ ဦးပဉ္စင်း ၁ ပါး ချောင်းထဲရေဆင်းချိုးစဉ် လမ်းမှာ မိုင်းနင်းမိတာလို့ မိုင်းနောင်ဒေသခံတဦးက ပြောပါတယ်။

“အဲဒီကျောင်းတိုက်က သံဃာတွေက ခါတိုင်း သူတို့ကျောင်းတိုက်နားက ရေတွင်းမှာ ရေချိုးကြတယ်။ မနေ့ညနေကတော့ အဲဒီမှာ စစ်သားတွေရှိနေလို့ ချောင်းရေချိုးမလို့ သွားတာ၊ ရေဆိပ်တခုမှာ မိန်းမနဲ့ ကလေးတွေ ရေချိုးနေတော့ ရှောင်ထွက်ပြီး တခြားချောင်းဆိပ်ကို တောလမ်းကနေ ကွေ့ပတ်လာတယ်။ အဲဒါနဲ့ လမ်းမှာ မိုင်းနင်းမိတာ၊ ကြိုတင်မြှုပ်ထားတဲ့ မိုင်းလို့လည်း ပြောနေကြပါတယ်။”

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို မိုင်းနောင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တွေ လာရောက်စစ်ဆေး ကြည့်ရှုသွားပြီး ဘာကြောင့်ပေါက်ကွဲတယ် ဆိုတာတော့ ပြောမသွားဘူးလို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဦးပဉ္စင်းတပါးနဲ့ ကိုရင်တပါး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရပြီး မနေ့ညက မိုင်းနောင်ဆေးရုံကနေတဆင့် လွိုင်လင်ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပဋိပက္ခကြောင့် မိုင်းနောင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက မြို့ထဲကို လက်နက်ကြီးတွေနဲ့ အပစ်ခံရတာ အဆောက်အဦနဲ့ လူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တာတွေကြောင့် ဒေသခံတွေ အများအပြား ရှောင်တိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြို့သူမြို့သားတွေအားလုံး ပြန်လာကြပြီး ပုံမှန်သွားလာ နေထိုင်နေကြပေမယ့် စစ်တပ်က မြို့အ၀င်အထွက်ဂိတ်ကို မနက် ၆ နာရီမှ ညနေ ၆ နာရီထိသာ ဖွင့်ပေးပြီး လုံခြုံရေးတင်းကျပ်ချထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013