DVB Logo
Home
Lead Story
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ တ၀က်လောက် ဆေးဝါးလိုအပ်နေတယ် - ဒေါ်ဖြူဖြူသင်း
DVB
·
December 1, 2015
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ တ၀က်လောက် ဆေးဝါးလိုအပ်နေတယ် - ဒေါ်ဖြူဖြူသင်း
Donate to DVB

မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၂၁၀၀၀၀ ကျော်ထဲက တ၀က်လောက်သာ ဆေးဝါးကုသမှု ရရှိထားပြီး ကျန်တ၀က်က ဆေးဝါးလိုအပ်နေတယ်လို့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ဂေဟာဖွင့်လှစ် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံက အေအိုင်ဒီအက်စ် ရောဂါခံစားနေရသူတွေအတွက် ဘာတွေအခက်အခဲရှိနေလဲ၊ ဘာတွေလိုအပ်နေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနှစ် ၂၀၁၅ မှာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ဆေးဝါးကုသမှု အခြေအနေ ဘာတွေတိုးတက်လာလဲ၊ ဘာတွေလိုအပ်နေသလဲဆိုတာ ပြောပြပေးပါလား။

“လောလောဆယ် ရန်ကုန်မှာရှိတဲ့သူတွေ အတွက်ကတော့ မခက်ဘူးပေါ့နော်။ ဆေးကတော့ ရှိနေတယ်၊ ရတော့ရနေတယ်။ ဒါပေမယ့် အပြည့်အ၀ရယ်လို့ မဟုတ်ဘူး။ အားလုံး ရောဂါရှိရင် ဆေးရမယ်ဆိုတဲ့ သဘာမျိုးတော့ မရသေးဘူး။ ဥပမာ နိုင်ငံတကာမှာဆိုရင် အခုနောက်ပိုင်း ပြဋ္ဌာန်းချက်ရှိတယ်လေ။ ရောဂါဖြစ်တာနဲ့ ဆေးသောက်ခွင့် ရှိကိုရှိရမယ်ဆိုပြီးတော့ အကုန်လုံးကို သူတို့ ညွှန်ကြားချက်နဲ့ လုပ်တာရှိတယ်။ ဒီမှာကျတော့ အဲလိုအဆင့်ကို မရောက်သေးဘူး။ ဆေးသောက်ဖို့အတွက်ကို တန်းစီရတဲ့စနစ်က ရှိနေတယ်။ အခုလက်ရှိ အနေအထားအရ စောင့်ရသေးတယ်။ နောက်ပြီးတော့ ခွဲတန်းလို ပုံစံမျိုးပေါ့နော်။ ဆေးပေးတယ်ဆိုရင် သူတို့က သတ်မှတ်ထားတဲ့လူဦးရေ ဥပမာ ၅၀၊ ၁၀၀ အဲဒါပြီးသွားရင် တခါပြန်စောင့်ပေါ့နော်။ အစိုးရဆေးရုံတွေမှာတော့ ဆေးပေးနေတာရှိတယ်။ ဒါပေမယ့် သူတို့ကလည်း ၀န်ထမ်းအင်အားက မမျှဘူး။ တန်းစီတဲ့လူတွေက အရမ်းများတယ် ဆိုတဲ့အခါကျတော့ ဘယ်ပဲဖြစ်ဖြစ် တန်းစီပြီးတော့မှ ရတဲ့အနေအထားပဲ ရှိနေသေးတယ်။ နောက်တချက် ကျမတို့ ဒီမှာ လူနာဦးရေက ၂ သိန်း ၁ သောင်းကျော်ကျော်လောက် ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဆေးတကယ်ရနေတာက တ၀က်နီးနီးလောက်ပဲ ရနေသေးတယ် ဆိုတဲ့အခါကျတော့ လူနာတွေအတွက်က ဆေးဝါးက ရတော့ရနေတယ်၊ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့  ရနေတာမျိုး မဟုတ်ဘူးပေါ့နော်။”

အဲတော့ နောက်ထပ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

“အဓိကကတော့ ဆေးဝါးတွေက လက်ရှိအနေအထားအရ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောတာတော့ မြန်မာပြည်မှာ ဆေးဝါးနဲ့ပတ်သက်ပြီး အလုံအလောက် ပေးထားပါတယ်လို့ ပြောတယ်။ အမှန်တကယ် ကျမတို့နိုင်ငံမှာ တကယ်ရရှိမှုက တော်တော်လေးကို နည်းပါးနေတယ်ပေါ့နော်။ နေရာတိုင်းမှာလည်း မရသလို အခက်အခဲက ရှိနေတုန်းပဲ။ အဲဒီအခါကျတော့ ကျမတို့ ဘာတွေမြင်လဲဆိုတော့ အမှန်တကယ် ဒီဆေးကို ပေးဖို့အတွက်က အခုဆိုရင် အစိုးရဆေးရုံမှာပေးတယ်။ ၀န်ထမ်းတွေက ဒီတိုင်းက ဒီတိုင်းပဲ။ ဒီဆရာဝန်အပေါ်မှာပဲ ထပ်ပြီးတော့ ဆေးပေးတဲ့အခါကျတော့ တကယ်အလုပ်လုပ်ရတာ ပိုပြီး အခက်အခဲရှိတယ်။ တကယ်ဆိုလို့ရှိရင် အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ သီးခြား ဆေးပေးတဲ့ ဆရာဝန်တွေ ထပ်ပြီးတိုးချဲ့ဖို့ လိုသလို ဆေးပေးတဲ့အခါမှာလည်း ၀န်ထမ်းတွေ အများကြီး ထပ်လိုတယ်။ အဲလိုရှိတော့မှသာလျှင် ပေးထားတဲ့ဆေးက လူနာတွေလက်ထဲကို တိတိကျကျ ရောက်နိုင်မှာပေါ့နော်။ နောက်တခုကျတော့ အခုလက်ရှိ အနေအထားအရကို ကျန်းမာရေးဌာနတွေ ကိုယ်တိုင်ကိုက ဒီလူနာတွေကို ခွဲခြားဆက်ဆံတဲ့ဟာက မပျောက်သေးဘူး။ နေရာတိုင်းမှာ ရှိနေတုန်းပဲ။ အခုလက်ရှိကို လူနာတွေ တော်တော်များများက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခွဲခြားဆက်ဆံတာကို ခံနေရတုန်းပဲ။ ဆေးဝါးရရှိမှု အခက်အခဲ ရှိနေတုန်းပဲ။ အဓိကတော့ ကျမတို့ ရရှိနေတဲ့ ဆေးဝါးတွေ ရှိရင်လည်း သတင်းအချက်အလက်တွေကို ပြည်သူလူထုသိအောင်လို့ အစိုးရအနေနဲ့ များများလုပ်ဖို့လိုတယ်လို့ ကျမ မြင်တယ်။”

အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွေက အခုချိန်ထိ ခွဲခြားဆက်ဆံတာတွေက ရှိနေတုန်းပဲလား။

“ရှိနေသေးတာပဲ။ အခု တော်တော်များများက ဒီနေ့ဒီချိန်အထိ ရောဂါဝေဒနာ ခံစားရတဲ့ ကလေးတွေဆိုလို့ရှိရင် ကျောင်းတွေဘာတွေ သွားတက်မယ်ဆိုရင် သူတို့က အမြဲတမ်း သူတို့ဘာသူတို့ ခံစားနေရတာတွေရှိတယ်။ နောက် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး တမျိုးခံစားရတာတွေ ရှိတယ်။ နောက် ဥပမာအားဖြင့် ဆေးရုံတွေ သွားမယ်ဆိုရင် ရောဂါရှိတယ်ဆိုရင် အပြင်ကို ထုတ်ထားလိုက်တယ်။ ဆေးရုံအပြင်မှာ သီးခြားသတ်သတ် လုပ်လိုက်တာရှိတယ်။ နောက်တချက်က ကလေးတွေ ဆေးရုံသွားတက်လို့ရှိရင် သီးသန့်အခန်းကို ခွဲထားလိုက်တဲ့ အခါကျတော့ အကုန်လုံးက ၀ိုင်းကြည့်နေတယ်။ တော်တော်များများက စိတ်ဒဏ်ရာက ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေက ရနေတုန်းပဲ။ ခွဲခြားဆက်ဆံမှုကတော့ မိသားစုရယ် ပတ်ဝန်းကျင်တွေမှာတော့ နည်းနည်းပါးပါးပဲ လျော့သွားပြီးတော့ တော်တော်များများ ကျန်နေသေးတယ်။”

ဒေါ်ဖြူဖြူသင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တယ်ဆိုတော့ အရင်က  လွှတ်တော်ထဲမှာ အိပ်ခ်ျအိုင်ဗွီအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ မကြားခဲ့ရဘူး။ ဆွေးနွေးခဲ့တာတွေရှိလား။

“ကျမ အဓိက ကျန်းမာရေးကိစ္စတွေကိုပဲ ပြောဖြစ်တယ်။ ကျမတို့ ပြီးခဲ့တဲ့ လွှတ်တော်မှာဆိုလို့ရှိရင် ကျမတို့ အားလုံးသိတဲ့အတိုင်းပဲ ကျမတို့နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကြီး  တခုလုံးက ပျက်စီးနေတာပေါ့နော်။ အဲဒါကိုပဲ အဓိကထားပြီးလုပ်တော့မှ ဒီ အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကျန်တဲ့ ကူးစက်ရောဂါတွေက ကောင်းမွန်လာမယ်ပေါ့။ ဒါကြောင့် ကျမက ကျန်းမာရေးစနစ်ကြီး တခုလုံးကို ပြောင်းလဲဖို့အတွက်ကို အဓိကထားပြီး ပြောဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်လို့ကတော့ ကျမတို့ ကော်မတီလေးတွေ ဖွဲ့ထားတာရှိတယ်။ နောက်ပြီး နိုင်ငံတကာမှာ အိပ်ခ်ျအိုင်ဗွီဖိုရမ် ဆွေးနွေးပွဲတွေ သွားတက်တာတွေရှိတယ်။”

လာမယ့်လွှတ်တော်သစ်သက်တမ်းမှာရော အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်တွေအတွက် သူတို့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သီးခြားဆွေးနွေးဖို့ရှိလား။ ဘယ်လိုအစီအစဉ်တွေရှိလဲ။

“ရှိတယ်။ ဒီကိစ္စက အရင်အခြေအနေနဲ့ ကျမတို့ ပြောရမယ်ဆိုရင် ပြောလည်း ထူးခြားမှု သိပ်မတွေ့ရဘူးပေါ့နော်။ ကျမတို့ ဖြစ်နေတဲ့ပုံစံကိုက ကျမတို့တိုင်းပြည်ရဲ့ စနစ်တွေကိုက ပျက်စီးနေတာကို။ အခုလာမယ့်လွှတ်တော်မှာ ကဏ္ဍအသီးသီး ပြောစရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ဆီမှာလည်း လက်ရှိက တိုင်းနဲ့ပြည်နယ်အနှံ့မှာ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေနဲ့ ကျမတို့ ချိတ်ဆက်ပြီး လုပ်နေတာရှိတယ်။ အဲဒီအခါကျတော့ ကျမတို့ ရှေ့လာမယ့် လွှတ်တော်မှာ သေသေချာချာကို လူနာတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ရှိတယ်။”

အိတ်ခ်ျအိုင်ဗွီအရေးနဲ့ ပတ်သက်ပြီး ဒီဗွီဘီကတဆင့် တခြား ဘာများပြောချင်တာ ရှိဦးမလဲ။

“ကျမတို့ မြန်မာပြည်ကတော့ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ တော်တော်များများက အခက်အခဲတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ လူမှုဘ၀ ပတ်ဝန်းကျင်မှာ စနစ်ဆိုးရဲ့အောက်မှာ လူငယ်လူရွယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာတွေ ပြဿနာပေါင်းစုံနဲ့ သူတို့ ရင်ဆိုင်နေရတယ်။ ရောဂါရှိပေမယ့် စိတ်ဓာတ်မကျဘဲ တကယ့်ရုန်းကန်နေတဲ့ သူတွေလည်း အများကြီး ရှိတယ်ပေါ့။ ဒါကြောင့်မို့ အခုလာမယ့်နှစ်ထဲမှာတော့ အပြောင်းအလဲတခုမှာ ရောဂါဝေဒနာ ခံစားရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ အားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတော့ တခြားနိုင်ငံတွေနည်းတူ ဒီရောဂါကို ကာကွယ်ထားနိုင်ဖို့၊ ဆေးဝါး အပြည့်အ၀ရဖို့၊ ခွဲခြားဆက်ဆံမှု လျော့ကျဖို့အတွက်ကို ကျမတို့အားလုံး လက်တွဲပြီးတော့ ကြိုးစားဆောင်ရွက်မယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013