DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ထပ်မံပြိုကျ၊ လူတဦး သေဆုံး
DVB
·
November 30, 2015
ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ထပ်မံပြိုကျ၊ လူတဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းက မြေစာပုံပြိုကျတာကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး တပတ်အတွင်းမှာပဲ နောက်ထပ် မြေစာပုံပြိုကျပြီး လူတဦး သေဆုံးသွားပါတယ်။

ရေမဆေးကျောက်ရှာဖွေသူတွေဟာ ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၈ ရက်၊ မနက် ၄ နာရီခွဲက  နမ့်မော်ကျေးရွာနားက ရတနာပြည့်ဖြိုး ကုမ္ပဏီလုပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေရင်း သူတို့ပေါ်ကို မြေစာပုံ ပြိုကျခဲ့တာလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရတနာပြည့်ဖြိုးကုမ္ပဏီပိုင် လုပ်ကွက်ထဲမှာ သူတို့က စွန့်ပစ်ဖို့ ပုံထားတဲ့ မြေစာပုံပေါ့၊ အမြင့်က ၄၅ ပေလောက်ရှိပါတယ်။ အဲဒီမြေစာပုံပေါ်ကို ရေမဆေးကျောက်ရှာတဲ့ လူ ၄ ယောက်က တက်ရှာတာ၊ အဲဒီမြေစာပုံက မြေစာပြန်ပြိုတာပေါ့၊ တယောက်သေတယ်၊ ကျန်တဲ့ ၃ ယောက်ကတော့ ဘာမှမဖြစ်ဘူး။"

သေဆုံးသူဟာ နမ့်မော်ရွာကဆိုတာပဲသိပြီး ကျန်တဲ့အချက်အလက်တွေတော့ မသိရဘူးလို့ တာဝန်ကျဝန်ထမ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်မှာ ကျောက်လုပ်ငန်းတွေ လုပ်ကိုင်နေသူ ကိုဇော်မိုးထက်ကတော့ သူတို့ ၄ ယောက်လုံး ရခိုင်ပြည်နယ်က လာတာဖြစ်ကြောင်း၊ ကုမ္ပဏီ လုပ်ကွက်ထဲကို ခွင့်ပြုချက်မရဘဲနဲ့ ၀င်ရောက်ပြီး ရေမဆေးကျောက်တွေ ရှာဖွေတူးဖော်စဉ် ကျင်းထဲကို ပြုတ်ကျသွားတဲ့အတွက် တဦးသေဆုံးပြီး ကျန်တဲ့ ၃ ဦးက ဒဏ်ရာအနည်းငယ် ရကြတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ကျောက်တူးလုပ်ငန်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှုတွေ အမြဲလိုဖြစ်ပွားလေ့ရှိရာမှာ ဒီမတိုင်ခင် ရှေ့နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဆိတ်မူကျေးရွာအုပ်စု ဆိုင်းတောင်ဘက်မှာ မြေစာတင်ကားတစီးက လူ ၂ ဦးကို ကြိတ်မိလို့  တဦးသေဆုံး၊ တဦးပေါင်ကျိုးသွားတယ်လို့ ကိုမိုးဇော်ထက်က ဆက်ပြောပါတယ်။

သေဆုံးသူမှာ မြန်မာနိုင်ငံအလယ်ပိုင်း ကန့်ဘလူမြို့နယ်မှ ကိုစံတင်ဆိုသူဖြစ်ပြီး ပေါင်ကျိုးသူမှာ တနယ်တည်းသား ကိုဖိုးထက်လို့ ဆိုပါတယ်။

ဒီယာဉ်တိုက်မှုဖြစ်ပွားပြီး နောက်တနေ့ နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ  ကချင်အမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်တဲ့ လူအင်အား ၃၀၀ လောက်က ကျောက်တူးကုမ္ပဏီတွေကို ဆန္ဒပြခဲ့ကြပြီး မြေစာပုံတင်တဲ့ကားတွေ အနေနဲ့ လူအများနေထိုင်ရာ ကျေးရွာတွေမှာ ဖြတ်သန်းသွားလာခြင်း မပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပြီးတဲ့နောက် မြေစာသည်ကားပိုင်ရှင် နေလပွင့်ကုမ္ပဏီကနေပြီး ယာဉ်တိုက်မှုမှာ သေဆုံးသွားသူအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၃၅၀၊ ပေါင်ကျိုးသူအတွက် သိန်း ၆၀ ပြန်ပေးခဲ့ကြောင်း၊ ကချင်လူမျိုးတွေ သေဆုံးရင်တော့ လျော်ကြေးငွေ သိန်းထောင်ချီရတဲ့အတွက် တန်းတူညီမျှ မရှိဘူးလို့ ကိုမိုးဇော်ထက်က ပြောသွားပါတယ်။

မြေစာသည်ကားတွေ ရွာအနီးနားကနေ ဖြတ်မသွားဖို့ဆိုတဲ့ ကိစ္စမှာတော့ ကုမ္ပဏီဘက်က ရွာပတ်ပတ်လည်ကို စည်းရိုးခတ်ပေးမယ်လို့ ညှိနှိုင်းခဲ့ပေမယ့် ရွာအ၀င်အထွက် လမ်းတွေမှာလည်း မတော်တဆ ထိခိုက်မှုတွေ ထပ်ဖြစ်နိုင်တာကြောင့် အပြီးသတ် ညှိနှိုင်းလို့ မရသေးဘူးလို့ ဆိုပါတယ်။

ဖားကန့်မှာ ဒီနှစ်ထဲ မြေစာပုံပြိုကျမှုတွေ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ဆွတ်အောင်ရွာက စုပေါင်းမြေစာပုံပြိုကျမှုမှာတော့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013