DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ၅၃ ဦး ပြန်လွတ်မြောက်
DVB
·
November 30, 2015
ကလေးစစ်သား ၅၃ ဦး ပြန်လွတ်မြောက်
Donate to DVB

လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အသုံးပြုဖို့ စုဆောင်းထားတဲ့ ကလေးသူငယ် ၅၃ ဦးကို မြန်မာအစိုးရက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။

အစိုးရအနေနဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ လွှတ်ပေးခဲ့တဲ့ ကလေးစစ်သား စုစုပေါင်း ၁၄၆ ဦး ရှိပြီလို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ အစိုးရက ကုလသမဂ္ဂနဲ့ ပူးတွဲအကောင်အထည်ဖော်တဲ့ စီမံချက်ကို လက်မှတ်ရေးထိုးပြီးကတည်းက ဆိုရင်တော့  ကလေးသူငယ်ပေါင်း ၆၆၉ ဦးကို တပ်မတော်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီဆောင်ရွက်ချက်ကို ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စောင့်ကြည့် အစီရင်ခံတဲ့ ကုလသမဂ္ဂ အလုပ်အဖွဲ့ (CTFMR) က ကြိုဆိုလိုက်ပြီး မြန်မာအစိုးရအနေနဲ့ ကလေးသူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ သုံးစွဲမှုနဲ့ လူသစ်စုတာကို အဆုံးသတ်အောင် ဆက်ကြိုးပမ်းဖို့ တောင်းဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ ပူးတွဲသဘာပတိ ရီနာတာ လွခ်ဒက်စ်ဆယ်လီအန်က “ဒီနေ့လွတ်မြောက်မှုဟာ  ကလေးသူငယ်တွေ စုဆောင်းအသုံးပြုမှု အဆုံးသတ်စေဖို့ မြန်မာအစိုးရနဲ့ တပ်မတော်တို့က အန္တရာယ်ဖြစ်နိုင်တဲ့ အလေ့အကျင့်ကို အဆုံးသတ်စေဖို့ ဆက်လက်ကြိုးပမ်း အားထုတ်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေ သူတို့အိမ်တွေဆီနဲ့ မိသားစုတွေဆီ ပြန်တာကို မြင့်တွေရတာ အရမ်းဝမ်းမြောက်မိပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အစိုးရအနေနဲ့ ဆက်လက်အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ အရပ်သားပဲဖြစ်ဖြစ် စစ်သားကပဲဖြစ်ဖြစ် စစ်သားစုဆောင်းမှု ကျူးလွန်ခြင်း မပြုနိုင်အောင် တားမြစ်ဖို့ ပြန်လည်ရေးဆွဲထားတဲ့ ကလေးသူငယ် ဥပဒေကြမ်းမှာ လုပ်ထုံးလုပ်နည်းတွေ အားဖြည့်ဖို့၊ စစ်ဘက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းထဲမှာ ကလေးသူငယ်တွေကို အကြမ်းဖက်မှုကနေ တားဆီးပိတ်ပင်မှု အပါအ၀င် စစ်သားစုဆောင်းရေး လုပ်ငန်းစဉ်တွေအတွင်း အသက်အရွယ်ကို အကဲဖြတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ အားဖြည့်ဖို့လည်း CTFMR က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်မတော် အပါအ၀င် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်မတော်၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့ကို ကလေးစစ်သား စုဆောင်းသုံးစွဲသူတွေ စာရင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၂၀၀၇ ခုနှစ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂဟာ ဒီတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားစုဆောင်းခြင်းကနေ တားဆီးရေး စီမံချက်တွေကို လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းနေဆဲလို့ ဆိုပါတယ်။

၂၀၁၃ နိုဝင်ဘာမှာ မြန်မာအစိုးရရဲ့ တပ်မတော်တွင်း ကလေးစစ်သားစုဆောင်းမှုကို အဆုံးသတ်ဖို့ ကတိပြုမှုကို နိုင်ငံတ၀န်းလှုပ်ရှားမှု အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ ယူနီဆက်ဖ်အဖွဲ့က ကူညီ ထောက်ပံ့ခဲ့ပါတယ်။

တပ်မတော်က ကလေးငယ်တွေကို စစ်သားစုဆောင်းတယ်လို့ သံသယဖြစ်ဖွယ်တွေ့ရင် သတင်းပေး တိုင်ကြားနိုင်တဲ့ ဟော့လိုင်း ၂ ခု (၀၉-၄၂၁၁၆၆၇၀၁ နဲ့ ၀၉-၄၂၁၁၆၆၇၀၂) တို့ကို CTFMR, UNICEF နဲ့ World Vision တို့က ဖွင့်လှစ် စီမံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013