DVB Logo
Home
မြန်မာသတင်း
အစိုးရက ပြန်လည်ပေးအပ်ပြီး သိမ်းဆည်းမြေဧက ၃ သိန်းခွဲကျော်ရှိပြီ
DVB
·
November 30, 2015
အစိုးရက ပြန်လည်ပေးအပ်ပြီး သိမ်းဆည်းမြေဧက ၃ သိန်းခွဲကျော်ရှိပြီ
Donate to DVB

နေပြည်တော် အပါအ၀င် နိုင်ငံတ၀န်း သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက သက်ဆိုင်သူ မူလပိုင်ရှင်တွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ပြီးစီးတဲ့ မြေဧကစုစုပေါင်း နိုဝင်ဘာ ၁၅ ရက်အထိ ၃၅၉၉၀၁ ဧကကျော်ရှိတယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပေးပို့တဲ့ မြေကိစ္စအမှုတွဲပေါင်း ၁၇၁၂၈ မှုနဲ့ တိုက်ရိုက်တိုင်ကြားစာတွေအပေါ် စိစစ်ဖြေရှင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၉ ရက်  နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာပါ။

သိမ်းဆည်းခံ မြေယာတွေအထဲမှာ တောင်သူပေါင်း ၃၆၆၀၇ ဦးရဲ့ စိုက်ပျိုးမြေဧကပေါင်း ၁၉၆၃၉၄ ကျော်နဲ့ စိုက်ပျိုးမြေမဟုတ်တဲ့ တခြားမြေဧကပေါင်း ၁၆၃၅၀၆ ဧကကျော်ကို သက်ဆိုင်ရာသို့ ပြန်လွှဲပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြန်လည်စွန့်လွှတ်ပေးမယ့် မြေဧက စုစုပေါင်းက ၃၇၆၉၉၃ ဒသမ ၂၃၄ ဧကကျော်ရှိပြီး  ၃၅၉၉၀၁ ဒသမ ၇၂၇ ဧကကျော် ပြန်လွှဲပြောင်းပေးပြီး ဖြစ်တာကြောင့် လွှဲပြောင်းပေးဖို့ ကျန်တဲ့မြေဧကပေါင်းက ၁၇၀၉၁ ဒသမ ၅၀၇ ဧကပဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

ပြန်လည်ပေးအပ်တဲ့ လယ်မြေတွေထဲမှာ ဧရာဝတီတိုင်းက မြေဧက ၈ သောင်းကျော်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ဧက ၅ သောင်းကျော်၊ ကချင်ပြည်နယ်မှာ ဧက ၄ သောင်းကျော်၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ဧက ၃ သောင်းကျော်၊ ရခိုင်ပြည်နယ်မှာ ၂ သောင်းကျော်နဲ့ နေပြည်တော်မှာတော့ ဧက ၁၀၀၀ နီးပါး ရှိပါတယ်။

အစိုးရက လယ်မြေတွေကို ပြန်လည်ပေးအပ်မှု ရှိနေတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ တကယ်မူလပိုင်ရှင်တွေလက်ထဲ ပြန်မရောက်တာတွေ ရှိနေတယ်လို့ မြေသိမ်းခံ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန ဒုတိယတာဝန်ခံ ဒေါ်နုနုအောင်က ပြောပါတယ်။

“ကျမတို့ တွေ့ရှိချက်ကတော့ ပြန်ပေးတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ တချို့နေရာတွေမှာ ပိုင်ရှင်တွေလက်ထဲ ပြန်မရောက်တာရှိတယ်။ အဓိကက မူလပိုင်ရှင်လက်ထဲကို မရောက်ဘဲနဲ့ အခုလက်ရှိ သီးစားချထားခြင်းခံရတဲ့ လူတွေရဲ့လက်ထဲကို ရောက်လို့ ယခင်ပိုင်ရှင်အဟောင်းနဲ့ အခုလက်ရှိ လုပ်နေတဲ့လူတွေနဲ့ ပြဿနာဖြစ်တာတွေ တွေ့နေရတယ်။ နောက်တချက်က လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ကို မပေးဘဲနဲ့ အရင်အတိုင်း ပြန်လုပ်စားခွင့်ရတဲ့ ပုံစံမျိုးလည်းရှိတယ်။ စာရွက်စာတမ်း မရှိဘဲနဲ့ပေါ့ အရင်က လုပ်ခွင့်မရဘူး၊ အခု ပြန်လုပ်ခွင့်တော့ ပေးထားတယ်။ စိတ်ချလက်ချ အေးအေးချမ်းချမ်းလုပ်နိုင်တဲ့ အခြေအနေ မရောက်သေးတာ တွေ့ရတယ်။ တချို့ဟာတွေက အထက်ကတော့ ပြန်ပေးလိုက်ပြီ၊ အောက်ခြေတာဝန်ရှိသူတွေက တကယ့်ပိုင်ရှင်အစစ်ကို မပေးဘဲနဲ့ နီးစပ်တဲ့ အသိုင်းအ၀န်းကို ချပေးလိုက်တာတွေ ရှိတယ်။ အဲဒီတော့ တကယ့်မူလပိုင်ရှင်တွေက တကယ့် အပ်ကျမတ်ကျ ရမရကို ကျမတို့နဲ့ ထိစပ်နေတဲ့ လယ်သမားတွေ အများစုကတော့ မရဘူး။”

ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်က အဓမ္မသိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေ ပြဿနာဟာ လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဓိက ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေထဲက တခုဖြစ်ပြီး လယ်မြေပြန်ရဖို့ ထွန်တုံးတိုက်ပွဲဝင် တောင်းဆိုဆန္ဒပြခဲ့ကြလို့ တောင်သူလယ်သမားတွေနဲ့ လယ်သမားအရေး အကူအညီပေးသူတွေလည်း ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖြစ် တာဝန်ယူချိန်ကျရင်တော့  လယ်ယာမြေသိမ်းဆည်းခံ လယ်သမားတွေလက်ထဲ လယ်မြေတွေ ပြန်လည်ရရှိအောင် ဆက်လက်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း လယ်သမားအရေး လှုပ်ရှားသူ  ဒေါ်နုနုအောင်က ပြောပါတယ်။

“နောက်တက်လာမယ့်အစိုးရက မြေသိမ်းဖို့ နေနေသာသာ သိမ်းစရာနေရာကို မရှိသလောက် ဖြစ်သွားပြီ၊ မြို့ရွာတွေမှာလေ၊ ထပ်သိမ်းဖို့၊ သိမ်းစရာနေရာ မရှိတဲ့အတွက်ကြောင့် လာမယ့်အစိုးရကလည်း မြေသိမ်းပြီးတော့ အုပ်ချုပ်မယ့်အစိုးရ မဟုတ်တာကို ကျမ ယုံကြည်ပါတယ်။ အဲဒီအတွက်ကြောင့် လယ်သမားတွေအတွက် အခုရှိနေတဲ့ လယ်ယာမြေတွေမှာ စိတ်ချလက်ချ ပိုင်ပိုင်နိုင်နိုင် စိတ်အေးချမ်းသာစွာ လုပ်ကိုင်နေထိုင်ပိုင်ခွင့်ကို အဓိက လုပ်ပေးစေချင်တယ်။ နောက်ပြီးတော့ ပြန်မရသေးတဲ့ အသိမ်းခံ လယ်သမားတွေရဲ့ လယ်တွေကိုလည်း ဥပဒေနဲ့အညီ လယ်သမားတွေလက်ထဲကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။”

လက်ရှိအစိုးရက ဖွဲ့စည်းပေးထားတဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကတော့ မြေသိမ်းခံရလို့ အမှန်တကယ်နစ်နာတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေဟာ ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့တဲ့ မြေတွေထဲမှာ ပါဝင်ခြင်းရှိမရှိ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မတီရုံးတွေမှာ စုံစမ်းပြီး မြေပိုင်ဆိုင်ခွင့် အထောက်အထားများနဲ့တကွ ခိုင်ခိုင်မာမာ လွှဲပြောင်းရယူကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013